နေပြည်တော်၊ နိုဝင်ဘာ-၁၈
ရုရှားနိုင်ငံ၏ငွေကြေးဖြစ်သော ရူဘယ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ဖလှယ်သုံးစွဲနိုင်ခြင်းကြောင့် လောင်စာဆီနှင့် ဓာတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့်
ရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။
“တစ်ချို့ကမေးကြတယ် ရူဘယ်ငွေရှိရင် ဘာဝယ်လို့ရမလဲတဲ့။ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံမှာ အဓိကဈေးနှုန်းကြီးမြင့်မှုကိုဖြစ်နေတာက ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ လောင်စာဆီဈေးနှုန်းကြီးမြင့်မှု ဖြစ်တယ်။တစ်ချို့သော စိုက်ပျိုးရေးဆိုင်ရာ မွေးမြူရေးဆိုင်ရာပစ္စည်းတွေစိုက်ပျိုးရေးဆိုင်ရာဓာတ်မြေသြဇာတွေ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်နေတယ်။အဲဒီတော့ ရုရှားနိုင်ငံရဲ့ ရူဘယ်ဆိုတာ သူ့နိုင်ငံတစ်နိုင်ငံတည်း သုံးတာမဟုတ်ဘူး။
သူနဲ့ဆက်စပ်တဲ့နိုင်ငံတွေမှာလည်းသုံးနေတယ်။အဲဒီတော့ ရုရှားနိုင်ငံက သူ့ရဲ့ ရေနံတွေ သူ့ရဲ့စွမ်းအင်တွေကို ကမ္ဘာနိုင်ငံတွေသည် ဒေါ်လာနဲ့ အဝယ်မခံတော့ဘူး။ရူဘယ်နဲ့ဝယ်
ဆိုတဲ့အခါမှာ ဝယ်တဲ့နိုင်ငံတွေဘာဖြစ်လဲ၊သူ့ရူဘယ်ကိုပဲ လဲရတာပဲ။အဲဒီတော့ နံပတ်တစ်ကတော့ မြန်မာနိုင်ငံမှာ ဒီဇယ် တစ်နှစ်ကို တန် ၃ဒသမ ၂ သန်း လိုတယ်။ဓာတ်ဆီတန် နှစ်သန်းလောက်လိုတယ်။အဲဒီငွေတွေသည် ရူဘယ်ရှိရင် ရူဘယ်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝယ်လို့ရတယ်။
အဲဒီနိုင်ငံတွေသည် ဓာတ်မြေသြဇာ ဒါတွေကို ဈေးနှုန်းချိုသာစွာနဲ့ရမယ်။ဒါကလက်တွေ့အကျိုးကျေးဇူးပဲ”ဟု ၄င်းကပြောကြားခဲ့သည်။
ရုရှားငွေကြေးရူဘယ်နှင့် မြန်မာကျပ်ငွေတိုက်ရိုက်ဖလှယ်၍ သုံးစွဲနိုင်စေရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်တိုင် လိုက်ပါပြီး MoUရေးထိုးခဲ့ကြောင်းနှင့် ရုရှား၏MIRကဒ်စနစ်အသုံးပြုနိုင်ရန်လည်း ဆောင်ရွက်နေသည်ဟုထည့်သွင်းပြောကြားခဲ့သည်။