ရန်ကုန်၊နိုဝင်ဘာ-၁၈
လျှပ်စစ်သုံးယာဉ်(လျှပ်စစ်ကား)တင်သွင်းရန် လျှောက်ထားလာသည့် ကုမ္ပဏီ ၂၆ခုအထိရှိနေပြီး လက်ရှိတွင် အဆိုပါ ကုမ္ပဏီများအား စိစစ်နေဆဲဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။
နေပြည်တော်တွင် ယနေ့ နိုဝင်ဘာ ၁၈ ရက်က နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏( ၂၁ ) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် မြန်မာနိုင်ငံတွင် လျှပ်စစ်ကား ပြေးဆွဲရေး စီစဉ်ဆောင်ရွက်နေသည်ကို သိရကြောင်း၊ထို့ကြောင့် လျှပ်စစ်ကားများပြေးဆွဲရာတွင် တန်ဖိုးသင့် လျှပ်စစ်ကားများကို အငှားယာဉ် Taxi အဖြစ်ခွင့်ပြုပေးရန်အစီအစဉ်ရှိ၊မရှိ သတင်းဌာနတစ်ခုက မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"လျှပ်စစ်ကားများနဲ့ပတ်သက်ပြီးရင် အခွန်လျော့တာတွေ မူဝါဒတွေ ထုတ်ပြန်ပြီးဖြစ်တယ်။ လျှပ်စစ်ကားတွေကို သွင်းဖို့အတွက် လျှောက်ထားလာတဲ့ ကုမ္ပဏီ ၂၆ခု ရှိတယ်။အဲဒီမှာ အခုအချိန်အထိ ဘယ်ကုမ္ပဏီကိုမှ ကျွန်တော်တို့ခွင့်ပြုထားတာမရှိဘူး။ စိစစ်နေဆဲပဲဖြစ်တယ်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောသည်။
လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင် ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဖွဲစည်းထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနတာဝန်ရှိသူက သတင်းမီဒီယာများကို ပြောကြားထားသည်။