ငလျင်ဒဏ်သင့်တဲ့ စစ်ကိုင်းကိုလည်း ကျောင်းအသေးလေးကအစ ကျော်မသွားဘဲ လှူဒါန်းစေချင်ပါတယ် . . . မိဘမေတ္တာဖောင်ဒေးရှင်း နာယကချုပ် ဒေါက်တာအရှင် ဝိသုဒ္ဓါစာရ (ပရဟိတဓရ)နှင့် တွေ့ဆုံမေးမြန်းမှုများ

၂၀၂၅ ၊ ဧပြီ ၂၄

    မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်သည့် မန္တလေးနှင့်စစ်ကိုင်းသို့ ပရဟိတအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အထိနာပြီး အထမနာတဲ့ မန္တလေးကိုလည်း အားပေးပါ။ အထိလည်းနာပြီး အထလည်းနာတဲ့ စစ်ကိုင်းကိုလည်း မြေပြင်ထိရောက်အောင် ကိုယ်တိုင်ကိုယ်ကျ ဘယ်နေရာကိုမှ ကျော်မသွားဘဲနဲ့ သေးတဲ့နေရာရော၊ ကြီးတဲ့နေရာရော လှူဒါန်းပေးပါဟု မိန့်ကြားခဲ့သည့် မိဘမေတ္တာ ဖောင်ဒေးရှင်းနာယကချုပ် ဒေါက်တာအရှင်ဝိသုဒ္ဓါစာရ(ပရဟိတဓရ)နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ အရင်ဆုံး နှစ်သစ်ဆုမွန်ကောင်း စကားလေးပြောကြားပေးပါဦးဘုရား။
Dr.WTDSY။    ။
မြန်မာ့နှစ်သစ်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့် ဆရာသခင် ကျေးဇူးရှင်တို့အား ထာဝစဉ် ဦးထိပ်ပန်လျက် မြန်မာပြည်သူပြည်သားများနှင့်တကွ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဘေးဒုက္ခအန္တရာယ် ဟူသမျှတို့မှ ထာဝစဉ် ကင်းစင်လွတ်မြောက်၍ ကောင်းကျိုးသုခတွေ လိုလားတောင့်တ ရပါစေ၊ ကိုယ်စီကိုယ်ငှ ထာဝရပြည့်စုံကြပါစေလို့ နှစ်သစ်ဆုတောင်းမင်္ဂလာပို့ နှုတ်ခွန်းဆက်သပါတယ်။

TREND    ။    ။ ဆရာတော်အနေနဲ့ ငလျင်ဘေးသင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်းခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ဝေမျှပေးပါဦး ဘုရား။
Dr.WTDSY။    ။
၃၄၄ မိုင်မှာ ပြောကြားတာလေးကို တွေ့ပြီးမေးတာ ဝမ်းသာပါတယ်။ တချို့နေရာတွေမှာ ခေါင်းစဉ်တပ်ပြီး ပြောလို့ရတာရှိသလို၊ ပြောလို့မရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆရာတော့် အမြင်လေးပေါ့။ ဆရာတော်မြေပြင်ကို ဆင်းခဲ့ပါတယ်။ မန္တလေးမှာဆိုလည်း ဆရာတော် နေရာပေါင်းစုံကို မလှူခဲ့ရင်တောင်မှ နေရာပေါင်းစုံကိုများစွာ ရောက်ခဲ့ပါတယ်။ နောက်ဆရာတော်တို့ စစ်ကိုင်းကိုသွားတဲ့လမ်း၊ စစ်ကိုင်းမှာဆိုရင်လည်း နေရာပေါင်းစုံကို ဆရာတော် ရောက်ပါတယ်။ ည ၈ နာရီခွဲအထိကို ကူညီကယ်ဆယ်ရေးတွေက မပြီးသေးပါဘူး။ အဲဒီမှာ ဆရာတော် အတွေးအမြင်ကို ချပြချင်ပါတယ်။ မန္တလေးက အထိနာတယ် မပြိုတဲ့အိမ်လည်း ဖြိုရတယ်။ တကယ်ပြို သွားတဲ့ အိမ်တွေလည်း ဖြိုရတယ်။ အထိနာတယ်။ ပြန်ထရင် အထမနာဘူးလို့ ပြောလို့ရတယ်။ အထိနာတယ်။ အထမနာဘူးလို့ ကိုယ်တိုင်အတွေးလေးကို ပြောချင်တယ်။ ဆရာတော် ပြောချင်တာက မန္တလေးက အိမ်တွေများတယ်။ အိမ်တွေများတဲ့အတွက် လူဆိုတာ ကိုယ်နေဖို့အတွက်၊ ကိုယ်နေထိုင်ဖို့ အသိုက်အမြုံကို တစ်နည်းတစ် လမ်းကတော့ အိုးအိမ်တိုက်တာတွေကို မဖြစ်မနေ ဖန်တီးကြမှာပဲ။ အဲဒါကြောင့် အထိနာပေမယ့် အထမနာဘူး။ စစ်ကိုင်းကြတော့ အဲဒီလို မဟုတ်ဘူး။ အထိလည်း နာတယ်၊ အထလည်းနာတယ်။ ဘာလို့လဲဆိုရင် ဘုန်းကြီးကျောင်းတွေများတယ်။ တချို့ စာသင်တိုက်ကြီးတွေ၊ တကယ်အထင်ကရ သာသနာပိုင်ကြီးတွေ သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ကြီးတွေ ဆရာတော်ကိုယ်တိုင် ရောက်သွားမှ အံ့သြစရာ ကောင်းတယ်။ ကျောင်းပေါင်း ၃၀ ကျော် ပြိုသွားတယ်။ တစ်ချိန်တုန်းက ရွှေကျင် သာသနာပိုင်ကြီးတွေ သီတင်းသုံးခဲ့တဲ့ ကျောင်းကြီးတွေရှိတယ်။ လူရော၊ ဘုန်းကြီးရောဆိုရင် ဒုတိယအသေ ပျောက်များတဲ့ စာရင်းထဲမှာ ပါတယ်။ ဒါပေမဲ့ ဆရာတော်မှာ အကောင့်ပေါင်းများစွာ သုံးနေတာ အဲဒီမှာဖြစ် ပျက်ခဲ့တာတွေက တက်မလာခဲ့ဘူး။ အဲဒါကြောင့် မြေ ပြင်ကို ကွင်းဆင်းပြီးတော့ အထိရော၊ အထရော နာတဲ့စစ်ကိုင်းကို ကွင်းဆင်းခဲ့ရတဲ့ အတွေ့အကြုံအ ရပြောပါတယ်။ နောက်တစ်ချက်က ငလျင်ပြတ်ရွေ့ကြောပေါ် ရောက်သွားတဲ့ တကယ်သမိုင်းဝင်တဲ့ နေရာတွေရှိပါတယ်။ တကယ်ပြတ်ရွေ့ကြော အလယ်တည့်တည့်ဆိုတာ တစ်ချိန်ကြရင် သမိုင်း ဝင်မှာပါ။ ဆရာတော်တို့ သုတေသနအရပေါ့။ တကယ်ကို ထိခိုက်နစ်နာသွားတဲ့ နေရာတွေကိုလည်း ရောက်သင့်ရောက်ထိုက်တဲ့သူတွေကိုလည်း ရောက်စေချင်ပါတယ်။ လှူနိုင်တဲ့သူတွေကိုလည်း ရောက်စေချင်ပါတယ်။ ဆရာတော်ရောက်တဲ့နေ့ အထိတော့ မရောက်သေးဘူး။ ဆရာတော်က ၁၀ ရက်နေ့က ပြန်ရောက်တာကိုး။ ဒီကြားထဲ သင်္ကြန်ဆိုတော့ ဆရာတော့်အထင် ကယ်ဆယ်ရေးတွေက ဒီ ၂၀ ကျော် လောက်မှ ပြန်စမယ်ထင်တယ်။ ဆရာတော်လည်း ၂၀ ကျော်မှ ပြန်စမှာပါ။ ကူညီကယ် ဆယ်ရေးတွေအနေနဲ့ စစ်ကိုင်းကို အတွင်းကျကျ ကျော်မသွားဘဲ ကူညီစေချင်ပါတယ်၊ လှူစေချင်ပါတယ်။ ကျော်သွားတဲ့ ပုဂ္ဂိုလ်ရှိတယ်။ သူတို့ကိုလည်း အပြစ်မပြောဘူး။ ဥပမာ မိသားစု ငါးယောက်ရှိတယ်။ သံဃာငါးပါးရှိတဲ့ကျောင်း ပြိုသွားတယ်။ ဘုန်းကြီး ၂၀ ရှိတယ် ကျောင်းပြိုသွားတယ်။ ဘယ်အရာကို ဦးစားပေးရမလဲဆိုတာ ဆရာတော်လည်း ဘုန်းကြီးတစ်ပါးပဲသိပါတယ်။ ဆရာ လေးတွေရဲ့ စာသင်တိုက်လေးတွေ ပြိုသွားတယ်။ ချောင်လေးတွေ ပြိုသွားတယ်။ တချို့ ကျော်သွား ကြတယ်။ တစ်ချိန်တုန်းက အရေးကြီးတဲ့ နေရာတွေရှိတဲ့အတွက် ကျော်သွားရတယ်။ ဟုတ်ပြီ ဒါကို လက်ခံကြိုဆိုတယ်။ အခုကြတော့ သူလို၊ ကိုယ်လိုပဲ အထိနာပြီး ကြီးတာနဲ့ သေးတာပဲ ကွာသွားတယ်။ အားလုံးလက်တွဲပြီး ခေါ်သွားပေးဖို့ ဆရာတော် ကိုယ်တိုင်ကွင်းဆင်းခဲ့ရတဲ့ အတွေ့အကြုံအရ ပြောချင် ပါတယ်။

TREND    ။    ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာရော လိုအပ်ချက်တွေ အနေနဲ့ ဘာတွေလိုအပ်မလဲ။
Dr.WTDSY။    ။
ဆရာတော့် အတွေ့အကြုံအရ ပြန်လည်ထူထောင်ရေးမှာ စားနပ်ရိက္ခာထက် အသပြာ၊ ငွေကြေး ပိုလိုအပ်မယ်လို့ ထင်ပါတယ်။ ဆရာတော်က ၂၀၀၇ ကတည်းက ပရဟိတ ကယ်ဆယ်ရေးကို လုပ်ခဲ့တာပါ။ နောက်တစ်ခု အကြံပေးချင်တာက ဆရာတော် မနိုင်လို့ပါ။ ပြန်လည်ထူထောင်ရေးမှာ နိုင်သလောက် ကျောင်းလေးတွေနဲ့ သန့်စင်ခန်းက လိုပါတယ်။ သန့်စင်ခန်း ပြဿနာက နောက်ပိုင်း ရေရှား၊ မိုးလာ၊ ရေမလာရင် သန့်စင်ခန်းပြဿနာက တက်မယ်။ အဲဒီအချိန်ကြရင် ကာလဝမ်းရောဂါတွေဖြစ်တော့မယ်။ အဲဒါကြောင့် ကျောင်းလှူနိုင်တဲ့ပုဂ္ဂိုလ်တွေက စုဆောင်းပြီးတော့ အဖွဲ့အစည်းတွေက မိုးမကျခင်လှူနိုင်အောင် ကြိုးစားစေချင်တယ်။ ဆရာတော်လည်း ဒုတိယအကြိမ်သွားရောက်လှူ ဒါန်းနိုင်အောင် ကြိုးစားနေတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးက ဆရာတော်ကို ညွှန်ကြားနေတဲ့ ဆရာတော် ကြီးတွေဆိုရင် အသပြာငွေကြေးထက် ကျောင်းနိုင်ရင် ကျောင်း၊ ကျောင်းမနိုင်ရင် သန့်စင်ခန်းအရေးကြီးတယ်လို့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့ ပရဟိတလုပ်ရတဲ့ ရေဘေး၊ လေဘေး၊ မီးဘေးတွေမှာ ပြုလုပ်ခဲ့ရတဲ့ အတွေ့အကြုံအရ ကျောင်းနဲ့ သန့်စင်ခန်း လိုအပ်တယ်လို့ မြင်မိပါတယ်။ နောက်တစ်ခုက ရေကန်တွေ လိုအပ်ပါ တယ်။ စစ်ကိုင်းမှာက စစ်ကိုင်းမြစ် ရေတင်စီမံကိန်းနဲ့ သုံးနေရတော့ ရေကန်တွေလိုမယ်။ ရေကန်တွေ အတွက် စရိတ်စကတွေ ကြီးတယ်ဆိုရင် ရေစည်တွေ ရှိတယ်။ ရေစည်တွေတင်ပြီး လှူသွားစေချင် ပါတယ်။ ဒါဆိုရင် ကိုယ်တိုင်စိတ်ကြိုက်ခေါင်းစဉ်တွေ ရေးပြီးတော့ လှူဒါန်းနိုင်တယ်။

TREND    ။    ။ အခုချိန်မှာက ဘာလေးပဲဖြစ်ဖြစ် ကုန်ဈေးနှုန်းတွေက ကြီးမြင့်နေတာ တွေ့ရတယ်ဘုရား။
Dr.WTDSY။    ။
နောက်တစ်ခု ပြောချင်တာက အခုက အရောင်းအဝယ်ကိစ္စ ပြောနေတာဆိုတော့ ဈေး ရောင်းဈေးဝယ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဈေးတွေ တင်မရောင်းဖို့ ပြောချင်တယ်။ ဆရာတော်က အခုရေ စည်အကြောင်းပြောလိုက်တော့ သေချာတယ် ရေစည်တွေလှူကြတော့မှာ ရေစည်တွေအဆမတန် ဈေးတင်တော့မှာဗျာ။ အဲဒါကြောင့် ကိုယ်ရလာတဲ့ ဈေးနှုန်း၊ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း၊ နောက်ရောက်လာမယ့် ဈေးနှုန်းလေးကို သတ်မှတ်ထားပေးဖို့ ဖြစ်စေချင်ပါတယ်။ ဒါလေးတွေက ရင်ထဲကနေပြီးတော့ ခံစားရလို့ ဆရာတော်အနေနဲ့ ပြောတာပါ။ အသပြာလိုချင်လို့ ဈေးရောင်းတာ မှန်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ဈေးရောင်းတဲ့ အမြတ်ငွေကြေးတွေကလည်း ဒီဗုဒ္ဓဘာသာထဲ ပြန်ရောက်တယ်ဆိုတာလည်း ယုံပါတယ်။ ဒါပေမဲ့ လတ်တလောမှာ ဖြေရှင်းရတဲ့ ပုဂ္ဂိုလ်တွေအတွက် ကုသိုလ်ကို အကျပ်အတည်းဖြစ်အောင် မလုပ်စေချင်ဘူး လို့တင်ပြပါတယ်။ မန္တလေးထက် စစ်ကိုင်းကိုသွားရောက် လှူဒါန်းစေချင်ပါတယ်။ သင်္ကန်းအနေနဲ့က ဆရာလေးတွေရဲ့ သင်္ကန်းကို လည်း သွားရောက်လှူဒါန်းစေလိုပါတယ်။ မြေပြင်ကိုကွင်းဆင်းတဲ့ အတွေ့အကြုံအရ မိန့် ကြားချင်ပါ တယ်။

TREND    ။    ။ ဆရာတော် မိဘမေတ္တာ(ရွာမ) ကျောင်းတိုက်အနေနဲ့ သံဃာတော်အပါး ၃၀၀ ပင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း မိန့်ကြားပေးပါဦး။
Dr.WTDSY။    ။
ဆရာတော်အနေနဲ့ သံဃာပင့်တာက၊ လျှောက်တာက မိဘမေတ္တာဆရာတော် စာတန်းထိုးတာက၊ မဟာဓမ္မိက ကျောင်းဆရာတော်ဆိုပြီး ဖြစ်နေတယ်။ ဆရာတော်လည်း မသိလိုက်ဘူး။ ဆရာတော်တောင် မတင်ရသေးဘူး။ သူတို့တင်လိုက်တော့ မြောက်မြားစွာသော အသံတွေကြားရပါတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ကြည်လည်း ကြည်နူးတယ်။ အရှင်ဘုရား ရောက်လာရင် အားပေးမယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ရေကြည်ရာ မြက်နုရာဆိုတော့ လူတိုင်းရဲ့ ပျော်ရွှင်စရာ ဖြစ်တဲ့အတွက်ကြောင့် ရောက်လာဖို့ကတော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒုတိယအကြိမ် သွားရင် ကျောင်းတွေမှာ စာရွက်စာတမ်းတွေနဲ့ သေချာလေး လုပ်မယ်။ ကြွလာတာ၊ မကြွတာကတော့ ဆရာတော်၊ သံဃာတော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပေါ။ နောက်တစ် ချက်က ဘာလဲဆိုရင် စာမေးပွဲက ပြန်ဖြေရမယ်လို့ ကြားနေတော့ စာမေးပွဲမပြီးရင်လည်း တခြားနေရာ ကြွဖို့က မဖြစ်နိုင်သေးလို့ သံဃာပင့်ဆောင်ရေးနဲ့ ရောက်လာဖို့ကတော့ ကိုယ့်ထံမှာ ရောက်လာမှသာလျှင် ရောက်မယ်လို့ ဆရာတော်အနေနဲ့ အဖြေပေးနိုင်မှာဖြစ်တယ်။ အခုက တာဝန်ယူမယ့် ပုဂ္ဂိုလ်ကတော့ သံဃာရဲ့ဘုန်းကံနဲ့ ကျေနပ်စရာ၊ အားရစရာ ကောင်းပါတယ်။ တကယ်ရောက် လာရင်လည်းအား လုံးပြည့်စုံလုံလောက်စွာနဲ့ ထားမှာဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။ ကျေးဇူးတင်ပါတယ်။
TREND    ။    ။ ကျေးဇူးတင်ပါတယ်ဘုရား။
(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42742

© 2022 - 2025 News. All Rights Reserved.