စစ်နဲ့ပဲ ဖြေရှင်းနေကြရင်တော့ ဒီအခြေအနေကြီးက ဒီအတိုင်းပဲ သွားနေဦးမှာပဲ . . . . ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၂၀

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှု၊ ကချင်ပြည်နယ် နိုင်ငံရေးနှင့် ဒေသခံလူထုတို့၏ အခြေအနေများနှင့်ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာနှင့် ဆက်သွယ်မေးမြန်းခြင်း

TREND ။        ။‌ ကချင်ပြည်နယ်ရဲ့ ဒေသအခြေ အနေနဲ့ပတ်သက်ပြီး သိရသလောက်ပြောပြပါဦး။
MRKJ    ။     ။
ကချင်ပြည်နယ်မှာ မြစ်ကြီးနားကို ကြည့်လိုက်မယ်ဆိုရင် မြို့တွင်းမှာ ပစ်ခတ်မှု‌တွေ မရှိဘူး၊ တည်တည်ငြိမ်ငြိမ် ရှိနေတယ်။ တစ်ခါတလေ ကျရင်တော့ မြို့ပေါ်ကနေ ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်သံတွေတော့ ကြားရတယ်။ ဒါပေမဲ့ တရားဥပ‌ဒေစိုးမိုးမှုအပိုင်းကတော့ အားနည်းတယ်။ ဆိုင်ကယ်လုတာ၊ ရိုက်နှက် လုယက်တာတွေကတော့ နိစ္စဓူ၀ ကြားနေရတယ်။ တချို့ဆိုရင် အုပ်စုလိုက် ဝင်ရောက်ပြီးမှ ဆိုင်ကယ်လုတာတွေ ရှိတယ်။ မိုးကောင်းတို့၊ မိုးညှင်းတို့ဘက်တွေမှာလည်း လုယက်မှု တွေရှိတယ်။ ဗန်းမော်ဘက်မှာကတော့ သိတဲ့အတိုင်း တိုက်ပွဲတွေဖြစ်နေတော့ အဲဒီဘက်က အခြေအနေဆိုးတယ်။ ဒေသခံ‌တွေကတော့ ကိုယ့်အိမ်ကိုယ့်ရာကို စွန့်ခဲ့ကြရပြီးတော့ အသက်လုပြီး လွတ် အောင် မနည်းပြေးနေကြရတယ်။ ပူတာအိုဘက် ကျတော့လည်း လူမှုစီးပွားဒုက္ခတွေပေါ့။ ကုန်ဈေးနှုန်းက လမ်းပန်းဆက်သွယ်ရေးအပေါ် မူ တည်ပြီး အတက်အကျ ဖြစ်နေတယ်။ အဲဒီဘက်တွေမှာကလည်း ဒေသခံတွေကြားထဲမှာ ကောလာဟလတွေပေါ့ဗျာ။ မနက်ဖြန်၊ သန်ဘက်ခါပဲ တိုက်ပွဲဖြစ်တော့မလိုလို ကြားနေရတယ်၊ အားလုံးက စိုးရိမ်ပူပန်နေကြရတယ်။ မချမ်းဘောတို့၊ နောင်မွန်တို့ဘက်မှာလည်း စိုးရိမ်ထိတ်လန့်စရာ ကောလာဟလ အသံဗလံတွေ ကြားနေရတယ်။ ခေါင်လန်ဖူးတို့ ဘက်မှာလည်း ဟိုဟာဖြစ်တော့မလိုလို၊ ဒီဟာဖြစ်တော့ မလိုလို မရေရာမှုတွေ ရှိနေတာ တွေ့ရတယ်။ အဲဒီဒေသခံတွေလည်း အမြဲတမ်း သတိနဲ့ သွားလာ နေထိုင်နေကြရတယ်ဆိုတဲ့ အကြောင်းလည်း ကြားသိနေရပါတယ်။

TREND ။        ။‌ ဒေသခံတွေ လက်ရှိ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံ‌တွေ့နေ ကြရလဲ။ 
MRKJ     ။    ။
လက်ရှိလူ‌ထုတွေ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်က သူတို့ရဲ့ ရပ်တည်ရေးပေါ့။ နိစ္စဓူ၀ ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေ‌ပေါ့။ သွားရလာရတဲ့အခါ စိုးရိမ်ကြောင့်ကြမှုရှိတယ်။ ဘဝရပ်တည် ရေးအတွက် နေမှုထိုင်မှု၊ စားသောက်မှု အဲဒီရဲ့ အခက်အခဲတွေ ကြုံနေကြရတယ်။ ကျွန်တော်တို့ဆီမှာက လုပ်ငန်းကဏ္ဍတွေကို ကြည့်လိုက်မယ်ဆိုရင် တော်တော်များများမှာ ခက်ခဲကြတယ်။ တချို့က သဘာ၀ သယံဇာတ ထွက်တဲ့ နေရာမှာ သွားလုပ်နေတဲ့သူတွေ ရှိတယ်၊ အဲဒါကလည်း လုပ်နိုင်တဲ့သူ နည်းတယ်။ တော်တော်များများကတော့ ခက်ခက်ခဲခဲနဲ့ပဲ ရပ် တည်ရေး လုပ်ကိုင်နေကြရတယ်။ အဲဒီအခြေအနေဆိုတော့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်လို့ ပြောတဲ့အခါမှာ သူတို့အနေနဲ့ စိတ်ဝင်စားမှု အားနည်းကြတယ်။ ကျွန်တော်တို့ လိုက်ပြီး ဆွေးနွေးကြည့်တဲ့အခါ မြစ်ကြီးနားမြို့နယ်မှာလည်း အဲဒီအပိုင်းမှာက လူတစ်စုစာလောက်ပဲ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ တော်တော်များများက စိတ်ဝင်စားမှု အားနည်းကြတယ်။ အဓိကကတော့ ဘဝရပ်တည်မှုအပေါ်မှာ မူတည်နေကြတာကိုး။ ဒါက မြစ်ကြီးနား အပိုင်းပေါ့။ နောက် မိုးညှင်း၊ မိုးကောင်းတို့ တော်တော်များများ ဒေသတွေမှာလည်း သူတို့ဆီမှာ လယ်ယာလုပ်ငန်းတွေကလည်း ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတယ်။ ရုန်း နေရတော့ တချို့ဆိုရင် အင်းတော်တို့ဘက်မှာ ဆိုင်ကယ်နဲ့ တစ်နိုင်တစ်ပိုင်လေး ဆီသယ်ကြတာပေါ့။ တစ်လကို ၁၅ ရက်လောက် ဆီသယ်ရောင်းပြီး လုပ်ကိုင်နေကြသူတွေရှိတယ်။ ကျွန်တော် တစ်ရက်က မိုးညှင်းကနေ မြစ်ကြီးနားကို ပြန်လာတော့ ဆီသယ်တဲ့သူတွေ နည်းတာမဟုတ်ဘူး။ အားလုံးပေါင်းရင် အသွားအပြန် လူတစ်ထောင်လောက် ရှိမယ်။ ဆီဝယ်ရောင်းဖို့ ကယ်ရီလုပ်‌ နေကြသူတွေ အများကြီးပဲ။ ကျန်တဲ့အလုပ်ကလည်း မရှိတော့ တစ်ရက် တစ်ရက် အဲဒီလိုလုပ်ကိုင်ပြီး ရလာတာလေးနဲ့ ရပ်တည်နေ ကြရတယ်။ သူတို့ဆိုရင် ပိုဆိုးတာပေါ့။ နောက် ဒီနှစ်ဆိုရင်လည်း လယ်ယာလုပ်ငန်းမှာ ပက်ကြဲစနစ်တွေ ဖြစ်လာတယ်။ ကောက်စိုက်နှုန်းနဲ့ဆိုရင် ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ ပက်ကြဲစနစ်ကို တော်တော်လေး လုပ်လာကြတာ တွေ့ရတယ်။ ခါတိုင်းက စပါးပျိုးပင်နုတ်ပြီး ကောက်စိုက်သမတွေနဲ့ စိုက်ကြတာ၊ အခုက လယ်ထဲမှာ ပက်ကြဲစနစ်နဲ့ပဲ လုပ်ကြတာ တွေ့ရတယ်။ ဗန်းမော်ဘက်က မြစ်ကြီး နားဘက်ကို စစ်ရှောင်လာကြတဲ့သူတွေကတော့ စစ်ရှောင်စခန်းတွေမှာ၊ နီးစပ်ရာတို့မှာ ခက်ခက်ခဲခဲ နေကြရပါတယ်။ ကျွန်တော်တို့ အဲဒီ စစ်ရှောင်တွေကို တွေ့တယ်။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က နားလည်အောင်တော့ ရှင်းပြပါတယ်။ ဒီအခြေအနေတွေကို  ရွေးကောက်ပွဲက ပြောင်းလဲလာနိုင်ပါတယ် ပြောတော့ တကယ်ပြောင်းလဲလာမလားဆိုပြီး ဗန်းမော် ဘက်က ပြေးလာတဲ့ စစ်ရှောင်တွေက မေးကြတယ်။ ကျွန်တော်တို့ကို အာမခံခိုင်းတာပေါ့ဗျာ။ စနစ်အရ ပြောင်းလဲမှုရှိမယ်။ ဒါတော့ ပြောနိုင်ပါတယ်လို့ ရှင်းပြရပါတယ်။ ဒေသခံတွေရဲ့ အိုးအိမ်းစည်းစိမ်တွေကတော့ တော်တော် ပျက်စီးကုန်ပါပြီ။ ဗန်းမော်၊ မိုး‌မောက် အဲဒီဘက်တစ်ကြောတွေမှာ တော်တော်ကို ထိခိုက်သွားပါပြီ။ အားလုံးကတော့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။

TREND ။        ။‌ ယနေ့ကြုံနေရတဲ့ အခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်မိလဲ။
MRKJ     ။    ။
ကျွန်တော့်အမြင်ကတော့ ဒါဟာ ရွေးကောက်ပွဲ မဲမသမာမှုကစပြီး ဖြစ်လာရာကနေ အခုလို အခြေအနေ‌တွေ ဖြစ်လာတယ်။ ၂၀၂၁ ကစပြီး ပေါ်ပေါက်လာတဲ့ အခြေအနေဟာ ၂၀၂၂ ကနေ ဒီနေ့အထိ ဖြစ်လာတာပေါ့။ ဒါပေမဲ့ ကချင်ပြည်နယ်မှာကျတော့ ၂၀၂၁၊ ၂၀၂၂ တို့မှာ သိပ်ပြီး ဘာမှမဖြစ်သေးဘူး ဒီကိစ္စတွေ ၂၀၂၃ လောက်မှ ဖြစ်လာတာ။ အ‌ရင်တုန်းက ဒီလောက်ကြီး မဟုတ်ဘူး။ ၂၀၂၃ မှ လှုပ်လှုပ်ခတ်ခတ်  ဖြစ်လာတာလို့ ပြောရမှာပါ။ ကျွန်တော်တို့ဘက်က‌တော့ ဒီအပေါ်မှာ ဘာမှကို ပြောလို့မရတဲ့ အတိုင်းအတာ ဖြစ်နေတယ်။ လူထုဘက်က ကြည့်လိုက်တဲ့ အခါကျ တော့လည်း ပထမတော့ ကချင်‌ဒေသခံလူထုက ဟိုလိုလို ဒီလိုလိုနေကြတာ အမှန်ပဲ။ ဒါပေမဲ့ နောက်ကြာလာတော့ သူတို့က တည်ငြိမ်မှုကိုပဲ လိုလားနေကြတယ်။ ပဋိပက္ခဖြစ်လာတော့ အိမ်တွေ၊ ရာတွေက တော်တော် ပျက်စီးကုန်ကြတာ ပြေးလိုက် လွှားလိုက်နဲ့ ဒုက္ခမျိုးစုံ ကြုံရတယ်။ တကယ်လို့ ကိုယ့်မြို့ကို ပြန်ရောက်လို့ အဲဒါတွေက ပြန်ဆောက်နိုင်ပါ့မလားဆိုတဲ့ သောကတွေလည်း သူတို့ဆီမှာ ရှိနေကြ တယ်။
    ဒီအခြေအနေဟာ နှစ်ဖက် ပြန်ညှိနှိုင်းမှပဲ ပြန်ညှိယူမှပဲ ရနိုင်မလား၊ ဒါမျိုးလည်း စဉ်းစားမိတယ်။ ဒေသခံလူထုကလည်း အဲဒီလို ဆန္ဒတွေရှိနေကြတယ်။ အမှန်တော့ ဒီလိုညှိနှိုင်းဖို့ ဆိုတာကလည်း နှစ်ဖက်လုံးက သဘောထားမှန်ဖို့ လိုမယ်လို့ မြင်ပါတယ်။ လူထုကတော့ ပြန်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်ကြတာ၊ အဲဒီဆန္ဒက လူထုတော်တော်များများမှာ ရှိနေကြတယ်။ 
ဒါပေမဲ့ ကချင်ပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မီဒီယာမှာတော့ မျိုးစုံရေးနေကြတာ။ ကျွန်တော်တို့ အနေနဲ့ကလည်း ဒီအပေါ်မှာ ခန့်မှန်း သုံးသပ်ရ ခက်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲ၊ ဘာကြောင့် လုပ်ရသလဲဆိုတဲ့ အခြေခံတော့ သေချာရှိလိမ့်မယ်။ ဒါပေမဲ့ မီဒီယာပေါ် တက်လာတာ တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီဘက်အပိုင်းက ပြန်ပြီးသုံးသပ်တဲ့ အပိုင်းတွေမှာကျတော့ သို့လော သို့လော တွေ့နေရတယ်။ ဒါကတော့ ဒီအချိန်မှာ နည်းနည်းလေး ပြောရခက်နေသေးတယ် ။ဘာကြောင့် ဖြစ်လာရသလဲ အပေါ်မှာကတော့ လူထုက အပြောင်းအလဲတစ်ခုတော့ လိုချင်ကြတာ အမှန်ပဲ။ ဒီလို အခြေအနေကြီးကို လူထုက လက်မခံကြဘူး။ ဒါပေမဲ့ သူတို့တစ်တွေက ဘာမှလုပ်လို့မရတော့ ပြေးရတာပေါ့။ အခုကတော့ သူတို့က ပွင့်ပွင့်လင်းလင်း ပြောလာကြပြီ။ ပြောလာတယ်ဆိုတာက ကချင်တိုက်ပွဲ ရှောင်ဒေသခံတွေကတော့ တည်တည်ငြိမ်ငြိမ်နဲ့ နေချင်လှပြီ၊ အေးအေး ချမ်းချမ်းနဲ့ပဲ ကိုယ့်မြို့ ကိုယ့်ရွာမှာပဲ လုပ်စားချင်တယ်လို့ ပြောနေကြတယ်။ ဒါတွေက တိုက်ပွဲရှောင် တော်တော်များများ ပြောတဲ့ စကား‌တွေပါ။ ဒါကို ကြည့်လိုက်ရင်တော့ လူထုတွေရဲ့ဆန္ဒကို သုံးသပ်လို့ရတာပေါ့။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အရင်တုန်းကတော့ ဒေသခံ‌တွေကတော့ ဟိုဘက်ကိုလည်းပြော၊ ဒီဘက်ကိုလည်း ပြောကြတာပေါ့။ ဒါပေမဲ့ အခုကျတော့ ဘယ်သူ့ကိုမှလည်း သူတို့မပြောတော့ဘူး။ သူတို့လည်း သဘောပေါက်လာကြပြီ ထင်တယ်၊ ဘယ်သူ့ကိုမှ ဘာမှမပြောကြတော့ဘူး။ ဒါက လူထုဆီက သိရတာ၊ သို့သော် သူတို့ရဲ့ရင်ထဲက ခံစားချက်ကတော့ နှစ်ဖက်ညှိနှိုင်းကြရင် ပိုကောင်းမယ်၊ ဒီအတိုင်း‌ လုပ်နေကြမယ်ဆိုရင် ကြာလည်း ကြာမယ်၊ ပိုပြီးတော့မှ ဒုက္ခရောက်ကြရလိမ့်မယ်၊ ပိုပြီးတော့မှလည်း အခက်အခဲက ပိုကြီးလာမယ်လို့ ပြောနေကြတယ်။ ညှိညှိနှိုင်းနှိုင်း ဖြစ်စေချင်ကြတယ်။ ဘယ် ဘက်မှာ ပါတယ်၊ မပါဘူး ဆိုတာထက် ဒေသခံဆိုတာက နီးရာဓားကို ကြောက်ရတယ်။ ဒီဟာတွေက နယ်မှာ တွေ့ကြုံနေရတဲ့ အခြေအနေ အခက်အခဲ ပြဿနာတွေပေါ့။ အားလုံး ရင်ထဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ တည် တည်ငြိမ်ငြိမ်နဲ့ ဖြစ်စေချင်တာကတော့ အမှန်တရားပါ။သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ အမှန်တရားပေါ့။ 

TREND ။        ။‌ ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်နေရတာလို့ သုံးသပ်မိလဲ။
MRKJ     ။    ။
အခုအချိန်မှာ နိုင်ငံရေးပါတီ ဖြစ်နေတော့ နည်းနည်းလေး ပြောရခက်နေတာပါ။ ဒါ အားလုံး ဘယ်လောက်အထိ မှန်သလဲ‌ ဆိုတာတော့ သုံးသပ်နေတုန်းပဲ ရှိ‌သေးတယ်။ ဒါကိုပြောရမှာက နည်းနည်းလေးတော့ စောသေးတယ်။ အခုကလည်း လူထုကြားထဲမှာ အသိ၊ သတိလေးနဲ့ လိမ်လိမ်မာမာနဲ့ သွားနေရတဲ့အပိုင်းလည်း ရှိနေတာဆိုတော့ ပြောရခက်တာပါ။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာက သယံဇာတတွေ ပေါတယ်။ သယံဇာတတွေပေါတော့ အဲဒီအပေါ်လည်း သက်ရောက်မှုရှိတယ်လို့ မြင်တယ်။ ဒါလည်း တစ်စိတ်တစ်ဒေသပါတယ်။ အခြားအကြောင်းတွေလည်း ရှိပါတယ်။ အခုကတော့ သုံးသပ်နေဆဲလို့ပဲ ပြောရမှာပါ။ အဓိကကတော့ ကချင်ဒေသတိုက်ပွဲ ပဋိပက္ခတွေထဲမှာ တစ်စိတ်တစ်ဒေသ ပါဝင်ပတ်သက်မှု ရှိတာကတော့ သယံဇာတပေါတဲ့ အချက်ပဲ။ ကျွန်တော် သတိထားမိတဲ့ အပိုင်းပေါ့၊ ကျန်တာကတော့ သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ပြောနေတဲ့ အပိုင်းတော့ ရှိတာပေါ့။ သယံဇာတနဲ့ ပါဝင် ပတ်သက်တာတွေရှိသလို တခြားအကြောင်းတွေလည်း ရှိပါတယ်။

TREND ။        ။‌ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ ပါတီရဲ့ လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှုကို သိပါရစေ။
MRKJ     ။    ။
ကျွန်တော်တို့က ပြင်ဆင်မှုတွေ လုပ်‌ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း မြေပြင်မှာ ပါတီ‌တွေ လှုပ်ရှားရတာ ခက်ပါသေးတယ်။ ခက်တယ်ဆိုတာက လူထုရဲ့ အနေအထားက တစ်မျိုး၊ နယ်မြေအနေအထားက တစ်မျိုးဆိုတော့ အဲဒီအပေါ်မှာ ခက်ခက်ခဲခဲတော့ ရှိတာပေါ့။ တကယ်တမ်း လုပ်ရကိုင်ရမယ်ဆိုရင် လက်တွေ့မှာ တော်တော်လေးကို လိုအပ်ချက်တွေ များနေတယ်။ ပါတီလုပ်ငန်း ဆောင်တာတွေနဲ့ ပတ်သက်လို့ ကော်မတီအသစ် ပြန်ဖွဲ့တာတွေ လုပ်နေတယ်။ ပါတီဝင်တွေနဲ့ပတ် သက်ပြီး စိစစ်တာတွေ လုပ်နေပါတယ်။ တော်တော်များများကတော့ ပါတီတွေ တည်ထောင်တာကို လက်ခံထားကြပါတယ်။ ပါတီရှိမှပဲ ပြောလို့ဆိုလို့ ရမယ်ပေါ့။ ဒါပေမဲ့ သူတို့အနေနဲ့က ကြောက်ကြ တယ်။ ပါတီတွေလည်း ကြောက်တယ်၊ ကိုယ်စားလှယ်လောင်းတွေလည်း ကြောက်ကြမယ့်သဘောမှာ ရှိပါတယ်။ ဒါပေမဲ့လည်း ပါတီလုပ်ငန်းတွေကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ လုပ်နေကြရတယ်။ ပါတီရုံးတွေတော့ ဖွင့်ထား ပြီးပြီ။ ဒါပေမဲ့ ကော်မရှင်ကိုတော့ တရားဝင် စာတင်ဖို့ လိုတယ်။ ရုံးတွေဖွင့်ဖို့ စီစဉ်ထားပေမယ့် မလုပ်နိုင်သေးတဲ့ မြို့နယ်တချို့ ရှိတယ်။ အဲဒီမှာ တချို့ပါတီဝင်တွေဆိုရင် မပါတော့ ဘူးဆိုတာမျိုးလည်း ရှိသလို တချို့က အဲဒီမြို့နယ်တွေမှာမရှိတော့ တခြားကို ပြောင်းသွားကြတာမျိုးရှိ တယ်။ ဥပမာ ဗန်းမော်ဆိုရင် ပါတီရုံးမဖွင့် နိုင်တော့ဘူး သူတို့ဆီက လူတွေတောင် ပြေးနေကြရဝာာ။

TREND ။        ။‌ တိုက်ပွဲပဋိပက္ခ ရှောင်‌နေကြရတဲ့ ကချင်ဒေသခံတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုတွေ့ရလဲ။
MRKJ     ။    ။
ကျွန်တော်တို့ တွေ့ခဲ့တဲ့လူ တော်တော်များများကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်စေချင်တာ အမှန်ပဲ။ အခုအခြေအနေက ဘာမှ လုပ်ကိုင်စားသောက်လို့မရတဲ့ အခြေအနေဆိုတော့ သူတို့က အေးအေးချမ်းချမ်း ဖြစ်စေချင်ကြတယ်။တချို့က မေးတယ်၊ ရွေးကောက်ပွဲကနေ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလားပေါ့။ အပြောင်းအလဲ‌တွေ ဖြစ်လာနိုင်သလား မေးတော့။ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် တပ်မတော်အစိုးရကနေ အရပ်သားအစိုးရတော့ ပြောင်းလဲသွားမယ်။ ဒါကဖြစ်မယ်ဆိုတာ သေချာတဲ့ စကားဖြစ်ကြောင်း သူတို့ကို ရှင်းပြတယ်။ ကျန်တဲ့အပိုင်း တွေကတော့ လုပ်ယူရမယ့်အပိုင်းတွေ ရှိတယ်၊ ညှိနှိုင်းရမယ့်အပိုင်းတွေ များပါတယ်လို့ ရှင်းပြရပါတယ်။ ဒါကလည်း စစ်ရှောင်တွေထဲက နိုင်ငံရေးလေ့လာနေသူတွေက မေးတာ။ သူတို့တစ်တွေက အိုးပစ်အိမ်ပစ်နဲ့ ကိုယ့်ဒေသကိုစွန့်ပြီး ပြေးလာကြရတာ။ ဗန်းမော်က ပြေးလာရတဲ့သူတွေ စစ်ရှောင်စခန်းကို ရောက်နေကြတော့ သူတို့နဲ့ တွေ့ဆုံစကားပြောရင်းနဲ့ သူတို့ရဲ့ အခက်အခဲတွေက မေးတဲ့အခါမှာ ပါတီအကြောင်း၊ ရွေးကောက်ပွဲ‌ အကြောင်း မေးကြတာပေါ့။ သူတို့ဘက်က ပြောတာကတော့ ရှင်းရှင်းလေးပဲ။ သူတို့ဘ၀တွေက မရေရာပါဘူး၊ 'မဲ' ဘယ်မှာ ထည့်ရမှန်းတောင် မသိပါဘူးလို့ ကချင်ဒေသခံ စစ်ရှောင်တွေက ပြောတယ်။ အဲဒီရွေးကောက် ပွဲလုပ်တဲ့ အချိန်မှာရော ဗန်းမော်တို့၊ မိုးမောက်တို့ဘက်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်သွားနိုင်သလားလို့ မေးကြတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ မဖြေနိုင်ဘူး။ နောက် တစ်ခါကျတော့လည်း မဲထည့်ဖို့အတွက် သူတို့ ဘယ်လောက် လုံခြုံမှုရှိနိုင်မလဲ၊ လုံခြုံမှု ပေးနိုင်မလဲပေါ့။ ဒါတွေလည်း သူတို့ မေးလာတယ်။ သူတို့လည်း ကြောက်တယ်။ သတင်းမီဒီယာတွေမှာ မျိုးစုံရေးနေကြတော့ သူတို့လည်း ကြောက်ကြတာပေါ့။ တစ်ခုတော့ရှိတယ် ရွေးကောက်ပွဲကို တချို့က စိတ်ဝင်စားကြတယ်၊ တချို့ကတော့ ဘာမှကို နားမလည်ကြဘူး။ ကျွန်တော်တို့ ရှင်းပြတော့ တချို့က နားလည်တယ်။ ရွေးကောက်ပွဲဟာ အပြောင်းအလဲတစ်ခု ဖြစ်‌စေမယ်ဆိုတာ သူတို့လည်း နည်းနည်းပါးပါးတော့ သဘောပေါက်တယ်။ မဲဘယ်လို ထည့်ရမလဲ၊ ဘယ်မှာထည့်ရမလဲ မေးတဲ့သူရှိသလို တချို့ကလည်း ဘာမှကို မမေးကြဘူး။ အဓိကကတော့ သူတို့ စိုးရိမ်မှုကို လေ့လာရသလောက် ရွေးကောက်ပွဲ ဖြစ်တဲ့အချိန်မှာ ဘယ်လို အခြေအနေရှိနေမလဲ၊ လက်ရှိအခြေအနေထက် ကောင်းသွားမလား၊ ပိုဆိုးသွားမလား မေးကြတာတွေ များတယ်။ တော်တော်များများကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်သွားမယ်ဆိုရင် တိုက်ပွဲရှောင်‌နေရာကနေ ကိုယ့်ဒေသကို ပြန်ကြဖို့ ဆန္ဒတွေရှိ နေကြတယ်။ အဓိကçကတော့ ဒီအခြေအနေကြီးအပေါ်တော့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်။ သူတို့ ခံစားချက်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်စေချင်ကြတယ်။ အဲဒါတော့ သေချာ ပြောနိုင်ပါတယ်။ 

TREND ။        ။‌ ရွေးကောက်ပွဲအောင်မြင်နိုင်ဖို့က နိုင်ငံတည်ငြိမ်အေးချမ်းဖို့လိုသလို ပြည်သူလူထုတွေကလည်း တည်ငြိမ် အေးချမ်းမှုကို လိုလားနေကြပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းဖြစ်လာဖို့ ဘယ်လို နည်းလမ်းတွေနဲ့ စတင် ကြိုးပမ်းသင့်လဲ။
MRKJ     ။    ။
တိုင်းပြည်တည်ငြိမ်ဖို့ ဆိုတာက စစ်နဲ့ဖြေရှင်းဖို့ ခက်ခဲမယ်လို့ မြင်တယ်။ အဲဒါက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကြားခံအဖွဲ့တစ်ဖွဲ့ခံပြီးတော့ ဟိုဘက်ဒီဘက်ပေါ့၊ ပထမဆုံး တိုက်ရိုက်မတွေ့သေးဘဲနဲ့ ကြားခံနဲ့ ညှိနှိုင်းမှုတွေနဲ့ စလုပ်မယ်ဆိုရင် သက်သက်သာသာ ရသွားမယ်လို့ ထင်ပါတယ်။ တိုက်ရိုက်ကြီး တွေ့လိုက်တယ်ဆိုရင် အဖြေက ခက်‌နေမလားပေါ့။ ကြားကနေခံပြီးမှ ဟိုဘက်ပြော၊ ဒီဘက်ပြော တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ရင်းနဲ့ အဖြေတစ်ခုရအောင် လုပ်သွားမယ်ဆိုရင် သက်သာမလားလို့ မြင်ပါတယ်။ညှိတော့ ညှိရတော့မယ်။ နှစ်ဖက်ကတော့ မညှိလို့မရ တော့ဘူး။ အခု အချိန်မှာ တစ်ဖက်ဖက်က အပြတ်နိုင်အောင် တိုက်ဖို့ဆိုတာ ခက်မယ်လို့ မြင်တယ်။ ခက်တော့ ကြားခံ တစ်ဖွဲ့ဖွဲ့ပြီး ညှိရတော့မယ်။ နဂိုတုန်းကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွေဆိုတာ ရှိခဲ့တယ်။ အခု ကြားခံအဖွဲ့ကိုလည်း သမာသမတ်ရှိတဲ့ အလွှာပေါင်းစုံပါတဲ့၊ လူရိုသေရှင်ရိုသေရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီ‌တွေ အပါအဝင်ဖွဲ့ပြီးတော့မှ ဒီကိစ္စကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ်ဆိုရင် သက်သာသွားမယ်လို့ မြင်တယ်။ မဟုတ်ရင်တော့ ဒီအခြေအနေကြီးက မလွယ်ဘူးလို့ ယူဆတယ်။ ကြားခံအဖွဲ့တစ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဟိုဘက်အသံ၊ ဒီဘက်အသံ နားထောင်ပြီး လုပ်သွားရင် ပြေလည်သွားမလားလို့ မြင်ပါတယ်။ စစ်နဲ့ပဲ ဖြေရှင်းနေကြရင်တော့ ဒီအခြေအနေ ကြီးက ဒီအတိုင်းပဲ သွားနေဦးမှာပဲလို့ မြင်တယ်။ လက်ရှိနိုင်ငံတကာ အခြေအနေတွေကို ကြည့်ရင် ပတ်ဝန်း ကျင် နိုင်ငံတွေကတော့ ကျွန်တော်တို့ နိုင်ငံထက် သာသွားပြီ၊ ကျွန်တော်တို့ နိုင်ငံထက်ကို တော်တော်လေး ကျော်သွားပါပြီ။ နောက် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူငယ်တွေကလည်း အနာဂတ် ပိတ်မိနေပြီဆိုတော့ ဒီအခြေအနေ အပေါ်ကို အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေအနေနဲ့က ပြန်ပြီး သုံးသပ်ဖို့ လိုနေပါပြီ။
    ဒါပေမဲ့ အခုလိုအချိန်မှာ တွေ့ဆုံဆွေးနွေးရေး၊ ညှိနှိုင်းရေးစကားပြောရင် လက်ခံတဲ့သူ ရှိသလို လက်မခံတဲ့သူလည်း ရှိနေမှာပါ။ အခုသွားနေတာ၊ ပြောနေကြတာတွေကို ပြန်ကြည့်ရင် အာဏာရှင် ပြုတ်ကျရေးဆိုပြီး တစ်ဖက်က တိုက်နေကြတာပေါ့။ တစ်ဖက်ကလည်း မဲမသမာမှုကြောင့်ကနေ တစ်ဆင့် ဒီအခြေအနေတွေ ပေါ်ပေါက်လာတယ်ဆိုတာ ပြောထားတယ်။ ဒါပေမဲ့ ဒီလေးနှစ်ကာလ အတွင်းကို ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံအတွင်းမှာ သေကျေ ပျက်စီးဆုံးရှုံးခြင်းတွေပေါ့ဗျာ။ အဲဒီ အသက်‌တွေက နှစ်ဖက်လုံးမှာ အသက် ဆုံးရှုံးခြင်းတွေ တွေ့လာတယ်။ ဒဏ်ရာရမှုတွေ၊ ဒုက္ခသုက္ခတွေ အများကြီးတွေ့လာရတယ်။ လူထုဘက်က ပြောရမယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ စည်းစိမ်ဥစ္စာ ပျက်စီးမှုတွေ အခြေခံအဆောက်အအုံတွေလည်း ယိုယွင်းမှုတွေ အများကြီး ဖြစ်လာရတယ်။ ပညာရေးနဲ့ ပတ်သက်ရင်လည်း ပညာမသင်ရတဲ့ ကလေးတွေ များလာတယ်။ ပြေးပြေးလွှားလွှားနဲ့ ဆေးကုနေရတဲ့ သူ‌တွေလည်း အများကြီး တွေ့လာရတယ်။ လူငယ်တော်တော်များများရဲ့ အနာဂတ်တွေ မရေရာမှုတွေကလည်း လက်‌တွေ့ မြင်နေကြရတယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်။ အစစအရာရာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြားခံနည်းနဲ့ ညှိနှိုင်းရေးလုပ်တာ အကောင်းဆုံး ပဲလို့ မြင်တယ်။ ကျန်တဲ့နည်းတွေနဲ့ သွားလုပ်ရင်တော့ အဖြေရှာလို့ မတွေ့နိုင်ဘူး၊ ကြားခံ အဖွဲ့အစည်းတစ်ခုက လို နေပြီလို့ ယူဆပါတယ်။
    လက်ရှိအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ အတတ်နိုင်ဆုံး ညှိနှိုင်းရတော့မယ် လက္ခဏာတွေ့ နေပြီဗျ။ အဲဒီ ညှိနှိုင်းဖို့အတွက် ကြားခံလိုနေတာပေါ့။ ဒီအတိုင်းသွားရင်တော့ သိပ်မလွယ်ဘူး။ ညှိနှိုင်းမှုတွေ၊ တွေ့ဆုံရေးတွေ ဖြစ်ဖို့ကတော့ အရင်ဦးဆုံး ညှိနှိုင်းမှုတွေ လုပ်ရဦးမှာပါ။ ဥပမာ လေးစား လောက်တဲ့ ပုဂ္ဂိုလ်သုံး၊ လေးဦးကနေ စတင်လုပ်လာမယ်၊ တဖြည်းဖြည်း အားကောင်းလာမယ်လို့ ထင်ပါတယ်။ အဲဒီလိုစလုပ်ရင် အားလည်း အားကောင်းလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ညှိနှိုင်းရေး ကိစ္စက အားလုံးကလည်း လိုနေကြပြီလေ။ ဒါကြောင့် ဒီလို ဆက်သွားလို့မရတော့ဘူး ဆိုတာမျိုး သဘောပေါက်လာကြပြီးရင်‌ တဖြည်းဖြည်းနဲ့တော့ ပြုပြင်ပြောင်းလဲမှုနဲ့အတူ တွေ့ဆုံညှိနှိုင်းရေးလမ်းစပေါ် ရောက်လာကြမယ်လို့ မြင်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 53

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37172

© 2022 - 2025 News. All Rights Reserved.