ပြည်တွင်း MSME လုပ်ငန်းတွေက နည်းပညာ အားနည်းနေသေးတယ် . . . ငွေကြိုးကြာ အာလူးကြော်လုပ်ငန်းနှင့် စားသောက်ကုန်ထုတ်ပိုင်ရှင် ဒေါ်အေးအေးသိမ့်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၂၀

    ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ သည် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလောရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲတွင် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ငွေကြိုးကြာ အာလူးကြော်နှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးသိမ့်နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ ငွေကြိုးကြာ အာလူးကြော်လုပ်ငန်းကို အသေးစား၊ အလတ်စားလုပ်ငန်းအဖြစ် စတင် တည်ထောင်ဖြစ်ပုံအကြောင်း ရှင်းပြပေးပါဦး။
DAAT    ။    ။
ငွေကြိုးကြာ အာလူးကြော်လုပ်ငန်းကို အသေးစား၊ အလတ်စားလုပ်ငန်းက အဓိကတော့ ရှမ်းပြည်နယ်ဒေသကထွက်တဲ့ အောင်ပန်းအာလူးနဲ့ ဟဲဟိုးအာလူးကို အခြေခံပြီးတော့ အာလူးကြော်ခြောက်မျိုး ထုတ်လုပ်ပါတယ်။ လက်ဖက်ခြောက်တွေလည်း ထုတ်လုပ်ပါတယ်။ လက်ဖက်ခြောက်ဆိုရင်လည်း မိရိုးဖလာအတိုင်း လုပ်ထားတယ်။ လက်ဖက်ပင်က နှစ်ပေါင်း ၁၀၀ လောက်ကြာတဲ့အပင်က ထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ သောက်လို့ကောင်းတယ်။ စက်နဲ့လုပ်ထားတာ မဟုတ်ဘဲ တောင်သူတွေက လက်နဲ့လုပ်ထားတာဖြစ်တဲ့အတွက် အနံ့အရသာက မတူကွဲပြားပါတယ်။ ဒီလိုမျိုး ပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံခြားသားတွေလည်း အရမ်းကြိုက်ကြတယ်။ နောက်ကျွန်မက ကန်စွန်းဥခြောက်ကြော်လည်း ထုတ်လုပ်တယ်။ နည်းနည်းချင်းစီ စမ်းသပ်ထုတ်လုပ်တာနဲ့ ပြပွဲတွေ လိုက်ပြတယ်။ လူကြိုက်များပြီး အားပေးမှုရှိတဲ့အတွက် ဒီလုပ်ငန်းလေးကို စတင်လုပ်ဖြစ်ခဲ့တာပါ။

TREND    ။    ။ ကုန်ကြမ်းရရှိမှုက စောစောကပြောတဲ့ ရှမ်းပြည်ကပဲလား။ ကုန်ကြမ်းအခြေအနေလေး ပြောပြပေးပါဦး။
DAAT    ။    ။
အစ်မက ကနဦး ထုတ်လုပ်တာကတော့ လက်ဖက်ခြောက်ပါ။ ရှမ်းပြည်နယ်က တောင်သူတွေနဲ့လက်တွဲပြီး စလုပ်ဖြစ်တာပါ။ အဲဒီမှာ တောင်သူတွေက ပွဲရုံတွေကို ရောင်းတဲ့အချိန်မှာ ပစ္စည်းဈေး ကောင်းကောင်းမရဘူး။ အကြွေးကျတယ်။ အစ်မတို့ကလည်း ပွဲရုံထဲက ပစ္စည်းကောင်း ကောင်းတွေမရဘူး။ အရောအနှောတွေ များတယ်။ အဓိကတော့ တောင်သူတွေနဲ့ ကျွန်မတို့အကြား Win to Win သွားချင်တာပေါ့။ အဲဒီလိုမျိုး လက်ဖက်ခြောက်လေး စလုပ်ရင်းနဲ့ ဈေးကွက်ရလာတဲ့အချိန်မှာ အာလူးကြော်ကို စလုပ်ဖြစ်တာကတော့ စားသောက်ကုန် ပိုမိုကျယ်ပြန့်ပြီးတော့ ဈေးကွက်ထဲ ပစ္စည်းကောင်းလေးတွေ ရောက်စေချင်လို့ပါ။ ရှမ်းပြည်နယ်ကထွက်တဲ့ ကုန်ကြမ်းတွေကို အဓိကမှာယူပါ တယ်။ ရှမ်းပြည်နယ်က အသီးအနှံတွေ အားလုံးက မြေဆီသြဇာ ကောင်းတယ်။ မြေဆီ မြေသား ကောင်းသလို သဘာဝအချိုဓာတ်ရှိတယ်။ အဲဒီမှာ ရှမ်းအာလူးကို စပြီးတော့ လေး၊ ငါး၊ ခြောက်ခါ လောက် လေ့လာစမ်းသပ်ပြီးတော့ စလုပ်ဖြစ်တာပေါ့။ ထုပ်ပိုးမှု ပုံစံတွေကအစ အကုန်လုံးလုပ်ပြီးတဲ့ အချိန်ကျမှ ဈေးကွက်ကို စပြီးတော့ ဖြန့်ချိတာ ဖြစ်ပါတယ်။

TREND    ။    ။ ရှမ်းပြည်ဘက်မှာဆို အာလူးကြမ်းခင်းဈေးက ဘယ်လောက်ရှိနေပါပြီလဲ။
DAAT    ။    ။
အခု အာလူးကြမ်းခင်းဈေးက ၉၃၀၀၊ ၉၇၀၀ ပတ်လည် ရှိတယ်။ ဈေးတွေက အရမ်းတက်နေတယ်။ သီတင်းကျွတ်တုန်းကဆို ၅၀၀၀ လောက်ပဲ ရှိတာကနေ သီတင်းကျွတ်၊ တန်ဆောင်မုန်း အလှူအတန်းတွေနဲ့ဆိုတော့ ဝယ်လက်က အရမ်းများပြီး ဈေးကအများကြီး တက်သွားတာပါ။ အဲဒီလိုမျိုး ဈေးက ၄၀၀၀ နီးပါးလောက်ကွာသွားပြီး ကုန်ကြမ်းဈေးတက်သွားတော့ ကုန်ချော ဈေးမတတ်နိုင်တော့ဘူး။ ကုန်ကြမ်းကတော့ ရှိပါတယ်။ အာလူးက ရှမ်းပြည်က အသီးနဲ့ အညာသီး ဆိုပြီး ရှိတယ်။ ဒါပေမဲ့ အညာသီးကျတော့ ဈေးသက်သာတယ်။ အလုံးသေးတယ်။ နွှာလို့မကောင်းဘူး။ အစင်းမှာ ပိုးပါတာတွေရှိတော့ အဲဒါတွေကို ဖယ်ထုတ်ပစ်ရတော့ Waste ဖြစ်တယ်။
    အဲဒါကြောင့် ကျွန်မက ရှမ်းသီးကိုပဲ သုံးဖြစ်တယ်။ ရှမ်းပြည်ကတော့ မြေဆီသြဇာကောင်းတဲ့ အတွက်ကြောင့်မို့ အရသာမှာ အသီးအရွက်တွေကအစ ဂေါ်ရခါးညွန့်၊ ပဲညွန့်တို့ကအစ ရှမ်းပြည်နယ်က ပိုကောင်းတယ်။ အရသာကောင်းတဲ့အတွက်ကြောင့် စားလို့ အရမ်းကောင်းတယ်။ နောက်သူ့မှာက အချိုဓာတ်ရှိပြီး သားဖြစ်တဲ့အတွက် အချိုမှုန့် မသုံးဘူး။ နိုင်ငံခြားသားတွေက အများဆုံး ဝယ်ယူအား ပေးကြတယ်။ အစပ်ဆိုရင် အချိုမှုန့် မသုံးချင်တဲ့အတွက် နည်းနည်းလေး အသားမှုန့်အရသာ ထည့်ရ တာပေါ့နော်။

 
TREND    ။    ။ အသေးစား အလတ်စားလုပ်ငန်း ရှင်တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အ ခဲတွေရှိ ရင် ပြောပြပေးပါဦး။
DAAT    ။    ။
ကုန်ကြမ်းဈေးတက်တာကြောင့် ကုန်ချောကို ဈေးတက်လို့ရပေမယ့် ခဏခဏဈေး မတက်ချင်ဘူး။ နောက်ပြီး ဆီပီပါကလည်း အရင်တုန်းကလို ခွဲတမ်းက အများကြီးမရတော့ဘူး။ အဲဒီလိုမျိုး အခက်အခဲလေးတွေတော့ ရှိပါတယ်။ အခြားအခက်အခဲကတော့ ကုန်ကြမ်းဈေး တက်တာရယ်၊ သယ်ယူပို့ဆောင်ခက စရိတ်မြင့်တက်တာ၊ နောက် ကုန်တင်ခပေးရတယ်။ ကုန်တင်ခကလည်း တစ်ပိဿာအလိုက် ဈေးလိုက်တက်တယ်။ ကြာရင်ကြာသလို လမ်းခရီးမှာ စရိတ်ပေးရတယ်။ ကုန်တင်ခဈေးတက်တော့ အခြားကုန်ကျစရိတ်တွေက ပိုများ သွားတာပေါ့။ အာလူးကတော့ နယ်တွေမှာက အလှူအတန်းလုပ်ကြရင် ငါးခြောက်၊ ကြက်သားဆိုရင်လည်း အာလူးထည့်တယ်။ မင်္ဂလာဆောင်တို့၊ ရှင်ပြုနားသ၊ အလှူ မင်္ဂလာ၊ စတုဒိသာဆိုရင်လည်း အာလူးထည့်ကြတော့ သူတို့ဒေသမှာ မရှိမဖြစ် အရေးပါတဲ့ စားသောက်ကုန် ပစ္စည်းဖြစ်တယ်ဆိုတော့ အာလူးက ပေါပေါများများရတဲ့ ရာသီဖြစ်ပေမယ့်လည်း ဈေးကတက်နေတယ်။ မိုးတွင်း ဘက်ကကျတော့ ပစ္စည်းက နည်းနည်းတော့ရှားတယ်။ အလုံး သိပ်မကြီးတော့ဘူး။ အဲဒီအချိန်က ပစ္စည်းပြတ်တဲ့ အချိန်ဆိုတော့ ရှားရှားပါးပါး ရှာဝယ်ရတယ်။ နောက် ကြက်သွန်နီလိုမျိုး အကြာကြီး လှောင်ထားလို့လည်း မရဘူး။ ကျွန်မတို့ အနေနဲ့ကတော့ ဆရာ၊ ဆရာမတွေ လမ်းညွှန်ထားတဲ့အတိုင်း မြေကျင်း နည်းနည်းပါးပါး တူးပြီး အဲဒီအထဲ ထည့်ထားတော့ သက်သာတယ်။ အိမ်မှာ ဒီအတိုင်း ထားရင်တော့ ၁၀ ရက်၊ ၁၅ ရက်ဆိုရင် အညှောင့်ထွက်လာတယ်။ အဲဒါကြောင့်မို့ ကုန်ကြမ်းကို လနဲ့ချီပြီး လှောင်လို့မရဘူး။ ထားရင်အလွန်ဆုံး ၁၀ ရက်လောက်ပဲ ထားလို့ရတယ်။ လိုရင်တော့ ကြိုပြီးထပ်မှာရတာပေါ့။ အဲဒီလို အခက်အခဲလေးတွေတော့ရှိတယ်။ ကျန်တာတွေ အကုန်လုံး အဆင်ပြေပါတယ်။

TREND    ။    ။ ထုတ်ကုန် ဈေးကွက်အခြေအနေလေးကိုလည်း ရှင်းပြပေးပါဦး။
DAAT    ။    ။
ကျွန်မတို့ ထုတ်ကုန်တွေကတော့ ဈေးကွက်ထဲလည်း တော်တော် ပေါက်ရောက်တယ်။ အော်ဒါတွေဆိုလည်း လက်မလည်ဘူး။ အခုကတော့ ဈေးတက်တဲ့အတွက်ကြောင့် အော်ဒါလေးတွေကို နည်းနည်း လျှော့ပေးတာပေါ့။ ပြောမယ်ဆို အော်ဒါတင်သလောက် မပေးနိုင်ဘူး ဖြစ်နေတယ်။ တစ်နေရာနဲ့တစ်နေရာကို ပစ္စည်းမပြတ်အောင် ဈေးကွက်ထိန်းပြီးတော့ ပေးနေရတယ်။ ဆီက အစိုးရပေးတဲ့ဈေးနဲ့ လုံလုံလောက် လောက်မရဘူး။ အပြင်ကနေပြီးတော့ ပြန်ဝယ်ယူရတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေက အရမ်းများတယ်။ ပြောမယ်ဆိုရင် အော်ဒါတက်တယ်။ အရမ်းရောင်းရတယ်။ ဒါပေမဲ့ အမြတ်အစွန်းက ကျန်တယ် အရမ်းနည်းတယ်။ အလုပ်လုပ်နေရတယ် ဆိုရုံလောက်ပဲ အမြတ်တော့ သိပ်မရဘူး။

TREND    ။    ။ ပြည်ပကို တင်ပို့နေတာတွေရော ရှိလား။
DAAT    ။    ။
ပြည်တွင်းမှာပဲ အဓိက ဖြန့်ချိတယ်။ ပြည်ပကိုတော့ စင်ကာပူ၊ ထိုင်း၊ ချင်းမိုင်တို့ဘက်က မှာယူတာတွေရှိရင် ဒီကနေ ပို့ပေးပါတယ်။ ကိုယ်တိုင်တင်ပို့နေတာတော့ မရှိသေးဘူး။ ကြိုးစားနေတယ်။ ကြိုးစားနေတယ်ဆိုတာက အခု အစ်မရဲ့ ငွေကြိုးကြာ အာလူကြော်ကို ပြည်ပကနေပြီး မှာယူတာတွေ ရှိတယ်။ 

TREND    ။    ။ ထုတ်ကုန် အမယ်သစ်တွေကိုရော တိုးမြှင့်ထုတ်လုပ်သွားဖို့ ရှိလား။
DAAT    ။    ။
အခု သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက အာလူးအစိုလိုင်းကို အေးခဲအောင် ပြုလုပ်ပြီး အသင့်ကြော်စားလို့ရတဲ့ နည်းပညာတောင်းခံထားတာ။ အခု နမူနာလေးတွေတော့ရပြီ။ တရားဝင်နည်းပညာ လွှဲပြောင်းပေးရင် အစ်မတို့က အခုကြော်တဲ့ ထုပ်ပိုးမှုအပြင်၊ အေးခဲအာလူးကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ Super market တွေမှာ တင်ပို့ရောင်းချမယ့်အပြင် Export ဈေးကွက်ကိုလည်း တင်ပို့မယ်လို့ ရည်ရွယ်ထားပါတယ်။ အခုက နည်းပညာနဲ့ ကြာရှည်ခံမှုကို စမ်းသပ်နေပါတယ်။ သူက Export တင်ပို့မှာဆိုတော့ အနည်းဆုံး တစ်နှစ်လောက် ခံမှလေ။ ပြည်တွင်းမှာက အနည်းဆုံး ခြောက်လ ဆိုတော့လေ။ မြန်မာနိုင်ငံမှာ အာလူးအစိုလိုင်းသွင်းတဲ့ နိုင်ငံကလည်း နည်းတယ်။ လေးနိုင်ငံလောက်ပဲ ရှိတော့။ ဒီထုတ်ကုန်ကို တိုးမြှင့်ထုတ်လုပ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အာလူးအစိုလိုင်းသွားရင် တစ်ရက်ကို ပိဿာချိန် တစ်ရာလောက် ထုတ်လုပ်နိုင်မယ်။

TREND    ။    ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြော ပေးပါဦး။
DAAT    ။    ။
အစ်မ ထုတ်ကုန်တွေကအခု ဆိုရင်တော့ ဈေးကွက်ထဲ တော်တော်လေး ပေါက်ရောက်နေပြီ ဖြစ်ပါတယ်။ ထုတ်ကုန်တွေကိုလည်း ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်ကပါ အော်ဒါတွေ လက်ခံရရှိ နေပါတယ်။ ဆက်လက်ပြီးတော့ ပြည်တွင်း ထုတ်ကုန်‌တွေကို ပြည်တွင်းတင်မကဘဲ နိုင်ငံတကာကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကြိုးပမ်းလုပ်ဆောင် သွားပါမယ်။ အဓိက ထပ်မံပြီးပြောချင်တာက ကုန်ကြမ်း ဈေးတက်တာနဲ့ ပါကင်ထုတ်တဲ့ အပိုင်းပါ။ ပါကင်ထုတ်တဲ့ပစ္စည်းတွေ မှာယူတဲ့နေရာမှာ အခက်အခဲရှိတာတွေရှိတယ်။ နောက် အသေးစား၊ အလတ်စား လုပ်ငန်းတော်တော်များများ နည်းပညာအခက်အခဲရှိတယ်။ အစ်မဆိုရင်လည်း နည်းပညာအခက်အခဲရှိလို့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနကနေ တောင်းခံရတယ်။ အဲဒီလို လိုအပ်ချက်လေးတွေကို ဖြည့်ပေး မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။  

( သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 55

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37173

© 2022 - 2025 News. All Rights Reserved.