နေပြည်တော်၊ ဧပြီ ၂၃
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများထဲမှ ရွှေတစ်ပိဿာ ၂၀ ကျပ်သားကျော်နှင့် ငွေကျပ် ၉၃၉ သိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ခဲ့ကြောင်း နေပြည် တော် မီးသတ်ဦးစီးဌာနမှ သိရသည်။
ရွှေနှင့် ငွေသားအပြင် ရေ/ပုလဲ ဆွဲကြိုး ၁၄ ကုံး၊ နားကပ် ၁၆ ရန်၊ လက်စွပ် ၁၅ ကွင်း၊ ရွှေဆွဲသီးတစ်ခု၊ လက်ဝတ်ရတနာ မျိုးစုံ (ရွှေဖြူ၊ စိန်၊ ဂါးနက်၊ ခရမ်းစွဲ၊ မြကျောက်၊ မြ၊ ပယင်း)ကျောက်လော့ကတ် တစ်ခု၊ ပုလဲစိန်လော့ကတ်တစ်ခု၊ ပုလဲလက်ကောက်တစ်ခု၊ ကျောက်စိမ်း ပုတီးတစ်ခု၊ စိန် ဆွဲသီး ခုနစ်ခု၊ ကျောက်မျက်ရတနာ Set ကိုးစုံ၊ ဆိုင်ကယ် ၁၇ စီး၊ မီနီအိုဝေ တစ်စီး နှင့် သိန်း ၂၀ တန် ကျန်းမာရေးဖျာတစ်ချပ်တို့ကို ပိုင်ရှင်များထံ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ရှာဖွေရေး လုပ်ငန်းများကို ဧပြီ ၉ ရက်တွင် မီးသတ်ဝန်ထမ်း ၇၀၀ ကျော်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မီးသတ်ဝန်ထမ်း ၅၀၀ ကျော်ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦး မြတ်သီဟက ပြောသည်။
"မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေနဲ့ ဖြစ်ဖြစ်ချင်းမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ အသက်ရှည်လျက် ၁၄၉ ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
၁၄၉ ဦးမှာ ၁၄၅ ဦးက ကျွန်တော်တို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ ရှာဖွေကယ်ဆယ်ခဲ့ တာဖြစ်ပြီး ကျန်တဲ့ လေးဦး ကတော့ ပြည်ပနိုင်ငံက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကယ်ဆယ်နိုင် ခဲ့တာဖြစ်ပါတယ်။ Dead Body အနေနဲ့ ၁၉၈ ဦးကို ရှာဖွေနိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းပြီးတဲ့နောက်မှာ ပြိုကျပျက်စီးသွားတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်ခဲ့ကြတဲ့ ဝန်ထမ်းတွေရဲ့ ပစ္စည်းဥစ္စာတွေနဲ့ တန်ဖိုးကြီး စာရွက်စာတမ်းတွေကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်အထိ ကူညီရှာဖွေပေးခဲ့တဲ့ နေရာပေါင်း ၁၃၅ နေရာ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ငလျင် လှုပ်ခတ်မှုကြောင့် မြေအောက် ရေပေးဝေရေးလုပ်ငန်းများ ထိခိုက်ခဲ့သည့်အတွက် နေပြည်တော် မီးသတ်ဦးစီးရုံးအနေဖြင့် မတ်လ ၃၀ ရက်မှစ၍ မီးသတ်ကားများဖြင့် ရေပေးဝေရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၁ ရက်အထိ အခေါက်ရေ ၂၀၀၀ ကျော်ဖြင့် ရေဂါလန် သုံးသန်းကျော်ကို နေပြည်တော်ရှိ ပြည်သူများထံ ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရှိရသည်။