ရန်ကုန်၊ ဧပြီ ၂၃
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်မှ ငလျင်ဘေး ဒဏ်သင့် သင်္ဘောသား မိသားစုဝင်ငါးဦးကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်၏ (၇) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်း အဝေးတွင် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။
"အခုလက်ရှိတော့ စာရင်းအတိ အကျဖြစ်အောင်ကောက်နေတယ်။ သင်္ဘောသား မိသားစုဝင်တွေ ဟုတ်၊ မဟုတ် အတိအကျသိရအောင်နဲ့ သူတို့ရဲ့ သက်သေခံကတ် ဒါတွေကို စိစစ်ပြီးတော့ ကျွန်တော်တို့တွေ ဆောင်ရွက်ပေးသွားမယ်"၎င်းက ပြောကြားခဲ့သည်။
ထို့နောက် နှစ်ပတ်လည် အခမ်းအနားတွင် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမား အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ခေါင်းဆောင် ကပ္ပတိန်အေးမောင်၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း၊ အစီရင်ခံစာအား အတည် ပြုခြင်း၊ ဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးအစီရင်ခံစာ ဖတ်ကြားခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာအား အတည် ပြုခြင်း၊ နာယကအဖြစ် အဆိုပြုအမည်တင်သွင်းသည့် ပုဂ္ဂိုလ်များအား နာယကအဖြစ် တင်မြှောက်ခြင်းနှင့် အတည်ပြုခြင်း၊ ရွေးချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် အဆိုပြုအမည်တင်သွင်းသည့် ပုဂ္ဂိုလ်များ၏ အမည်များအား ဖတ်ကြားတင်သွင်းခြင်းနှင့် အတည်ပြုခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြင်ဆင်ရေးသားထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား အတည်ပြုကြောင်း ကြေညာခြင်း၊ နာယကတစ်ဦးဖြစ်သူက လမ်းညွှန်အမှာစကားပြော ကြားခြင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌက လုပ်ကိုင်ပြီးစီးထားသည့် ထူးခြားဖြစ်စဉ်များနှင့် ရှေ့လုပ်ငန်းများ ကြေညာခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်မှ ငလျင်ဘေးဒဏ်သင့် သင်္ဘောသား မိသားစုများအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သက်မှူး