ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပမှုသည် ကျဉ်းမြောင်းနေသည့် နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ရှင်သန် နိုးထလာခြင်း၏ အစပျိုးမှုဖြစ်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ ပြော 

နေပြည်တော်၊ မတ် ၂၆
    ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025  ကျင်းပမှုသည်ကျဉ်းမြောင်းနေသည့်  နိုင်ငံရေးအခင်း အကျင်းကို ပြန်လည်ရှင်သန်နိုးထလာဖို့အတွက် ပထမဦးဆုံးအစ ပျိုးမှုဖြစ်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့်ရရှိခဲ့ကြောင်း ယင်းစကားဝိုင်းသို့ တက်ရောက်ခဲ့သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားလိုက်သည်။ 
    "ဒီလိုအခင်းအကျင်းမျိုးနဲ့ တွေ့ဆုံမှုတွေ မလုပ်နိုင်ခဲ့တာ ကြာခဲ့ပြီလေ။ အခုလို ပထမဦးဆုံးအကြိမ် ရှိတဲ့အင်အားစုတွေနဲ့  ပြန်လည်ပြီးတော့ Talk Show ဆိုပြီးတော့ ငြိမ်းချမ်းရေး စကားဝိုင်းကို စတင်ပြီးတော့ လုပ်တဲ့ပွဲပါ။ အားရကျေနပ်မှု အခြေအနေနဲ့ ပတ်သက်လို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ၊ နိုင်ငံရေးယဉ်ကျေးမှုအရ အမြင်မတူတာ ဖြစ်စေ၊ အမြင်တူတာ ဖြစ်စေ ဒီလိုမျိုးစကားပြောနိုင်တဲ့ အခင်းအကျင်းဆိုတာ အခုမှပြန်ပြီးတော့ အစပျိုးတာကိုး။ ဒီလိုမျိုး အခက်အခဲကာလမှာ တွေ့ဆုံစကား ပြောလာကြတယ်။ ပြောဆိုတာတွေကိုလည်း လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရရှိခဲ့ပါတယ်။ ပိတ်ဆို့နေတဲ့၊ ကျဉ်းမြောင်းနေတဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ရှင်သန် နိုးထလာဖို့အတွက် ပထမဦးဆုံး အစပျိုးမှု ဖြစ်တယ်လို့ သဘော ထားလို့ရပါတယ်" ဟူ၍ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားလိုက်သည်။ 
    ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကို မတ်လ ၂၄ ရက်မှစတင်ကာ မတ်၂၆ ရက်အထိ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (MICC-2)၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းသို့ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ၊ တပ်မတော် အငြိမ်းစားအရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စသည့် ကဏ္ဍနှစ်ခုဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲခြားပြီး ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပေါ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့် ကဏ္ဍခေါင်း စဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
    စကားဝိုင်းပထမနေ့တွင် ပဋိပက္ခလျှော့ချရေး၊ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးအတွက် ရှေ့လုပ်ငန်းစဉ်တစ်ရပ်ကို ရှာဖွေဖော်ထုတ်နိုင်ရေး အကြောင်းအရာများကို လည်းကောင်း၊ စကားဝိုင်း ဒုတိယနေ့တွင်  မြန်မာ့ငြိမ်းချမ်းရေးအခြေအနေနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုနှင့် မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အိမ်နီးချင်း နိုင်ငံများ၏ ဆက်စပ်ပါဝင်နေမှုက မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးပါ မှုတို့ကိုလည်းကောင်း အတွေ့အကြုံရှိသူများ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာအလိုက် တတ်သိနားလည်သူများမှ KNU/KNLA-PC  ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ၎င်း၏ အတွေ့အကြုံကိုပြော ပြသည်။ 
    ထို့အပြင် စကားဝိုင်းတွင် ငြိမ်းချမ်းရေးရရှိရေး အဆင့်အထိ ဆွေးနွေးကြသည်များရှိနေသလို နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးနည်းဖြင့် အဖြေရှာနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်များရှိကြောင်း၊ လက်ရှိနိုင်ငံ၏ အခက်အခဲအကျပ်အတည်းများကို ကျော်လွှားနိုင်လောက်သည့်အခင်း အကျင်းမျိုး၊ သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အစပျိုးမှုမျိုးဖြစ်အောင် ဆက်လက်ကြိုးပမ်းရန်လို အပ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။ ညီသစ်

Total Views ~ 78

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.