စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် လေးသိန်း MRF ဝယ်ယူမည်

ရန်ကုန်၊ မတ် ၂၆
    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဧပြီနှင့်မေလတွင် စပါးတင်းသိန်း ၁၅၀နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သတင်းထုတ်ပြန်ချက်မှ သိရသည်။
    သတင်းထုတ်ပြန်ချက်အရ နိုင်ငံတကာ ဝယ်လိုအား ကျဆင်းနေခြင်း၊ ပြည်တွင်း ဝယ်လိုအားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထ နွေစပါးစိုက်ပျိုးသော တောင်သူ လယ်သမား များအနေဖြင့် ဈေးနှုန်းကျဆင်းနေခြင်းနှင့် ရောင်းချရန် ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေခြင်းအပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်း ပေါင်းစပ်၍ စပါးတင်း သိန်း ၁၅၀  နှင့်ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူရေးကို ၂၀၂၅ ခုနှစ် ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုး ထုတ်လုပ်သူများအနေနှင့် စပါး/ ဆန်ရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈-၂၉၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
    ထို့အပြင် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် တွင် ပေါင်းဆန်တန်ချိန် သုံးသိန်း တင်ပို့နိုင်ရေးလျာထားလျက် ပေါင်းဆန်စက် ၃၀ အား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သော ပံ့ပိုးကူညီမှုများဆောင်ရွက်ခြင်း၊ ပေါင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
    MRF အသင်းချုပ်နှင့် MoU ရေးထိုးထားသည့် Solar Energy  ကုမ္ပဏီ ၁၁ ခုနှင့် Export ဆောင်ရွက်လျက်ရှိသည့် ဆန်စက်ကြီးများတွင် Solar Energy စက်တပ် ဆင်အင်အား ၄၁ ဒသမ ၅မဂ္ဂါဝပ်ကို စတင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ပြီး Solar Energy တပ်ဆင်မည့် စနစ်အမျိုးမျိုးအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ Solar ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ရရှိမည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 94

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.