ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မည်ဟု မြန်မာနည်းပြချုပ် ပြောကြား

ရန်ကုန်၊ မတ် ၂၆
    ၂၀၂၅ ခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲများ၊ အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည့် မြန်မာ ယူ-၂၂ အသင်းကို အကောင်းဆုံး ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ဂျပန်နိုင်ငံသား ကူရိုကပြောသည်။
    ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ဆီးဂိမ်းစ်အတွက်  ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာယူ-၂၂ အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲများအဖြစ် ဟောင်ကောင်(တရုတ်) ယူ-၂၂ အသင်းနှင့် မတ် ၁၉၊ ၂၂ ရက်များတွင် ခြေစမ်းပွဲများ ကစားခဲ့ပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ 
    မြန်မာ ယူ-၂၂နှင့် ဟောင်ကောင် (တရုတ်) ယူ-၂၂ အသင်းတို့ ပထမခြေစမ်းပွဲတွင် ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယခြေစမ်းပွဲတွင် ၂-၂ ဂိုးဖြင့် ပြီးဆုံးခဲ့ပါသည်။ 
    "အသင်းကို ပြင်ဆင်လေ့ကျင့်မှုက တစ်လဝန်းကျင်ပဲရှိသေးတာကြောင့် အချိန်တွေအများကြီး ကျန်ရှိနေပါသေးတယ်။ ဆီးဂိမ်းမ်အတွက် တဖြည်းဖြည်း ပိုကောင်းအောင် တည်ဆောက်သွားမှာဖြစ်သလို ပြိုင်ပွဲကာလရောက်ရင် အသင်းကောင်းတစ်သင်းဖြစ်နေဖို့ လိုပါတယ်။ ခြေစမ်းပွဲမှာ ကစားသမားတွေ စွမ်းဆောင်မှုကို အတန်အသင့် ကျေနပ်ပေမယ့် တချို့တွေမှာ လိုအပ်မှု ရှိနေပါသေးတယ်။ အခုလို ခြေစမ်းပွဲတွေ စီစဉ်ပေးတဲ့ MFF တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မှာ ဆက်လက် ပြင်ဆင်သွားမယ့် ခြေစမ်းပွဲတွေနဲ့ လေ့ကျင့်ရေးအစီအ စဉ်တွေရှိနေပြီး သေချာအာရုံ စိုက် ပြင်ဆင်သွားပါမယ်"ဟု မြန်မာ ယူ-၂၂ နည်းပြချုပ် ကူရိုက ပြောသည်။ 
    မတ်လ ၂၂ ရက် ခြေစမ်းပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang  နော်တောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့် ရှုအားပေးခဲ့သည်။  ထူးမြတ်

Total Views ~ 84

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.