နေပြည်တော်၊ မတ်လ ၂၆
မြန်မာ-တရုတ် နယ်စပ် ကချင်ပြည်နယ် ဆော့လော်ဒေသ လန်ဆယ်မြို့တွင် တစ်နိုင်တစ်ပိုင် ရွှေတူးသူများ KIA ကို ရွှေတစ်ကျပ်သား အခွန်ဆောင်ရကြောင်း ကချင်ပြည်နယ် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဒေသတွင် KIA နှင့် PDF အကြား အချင်းချင်း ရွှေလုပ်ကွက် ပြဿနာများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ပြီးခဲ့တဲ့ သုံးရက်လောက်က လန်ဆယ်မှာ ရွှေလုပ်ကွက်လုရင်းနဲ့ KIA နဲ့ PDF ဓားခုတ်မှု ဖြစ်တယ်လို့ ကြားတယ်။ လန်ဆယ်မှာ ရွှေတူးချင်ရင် KIA ကို တစ်ကျပ်သား အခွန်ဆောင်ရတယ်။ ကျောက်ရွှေ ထွက်တာ။ ကျောက်ဆောင်တွေကို မိုင်းနဲ့ခွဲ ပြီးရွှေရှာရတာ။ တူးတဲ့လူတွေ များတယ်။ တစ်လလောက် သွားလုပ်တာတောင် သိန်းရာချီပိုက်ပြီး ပြန်လာနိုင်တယ်။ KIA က တူးလည်းတူးတယ်၊ ငှားလည်း စားတယ်။ ကုမ္ပဏီတွေ၊ တူးတဲ့သူတွေအစုံပဲ။ ပိုက်ဆံပေးရင် ဘယ်သူမဆို တူးလို့ရတယ်။ ရာသီဥတုတော့ ကြမ်းတယ်။ ဒေသခံတွေလောက်ပဲ ခံနိုင်တယ်။ တအားအေးတယ်။ ရေခဲတဲ့ဒေလေ။ အရင်က နယ်ခြားစောင့်တပ် နေရာလေ။ အဲဒီနေရာမှာ လောလောဆယ် တိုက်ပွဲတော့ မရှိသေးဘူး။ နယ်စပ်ဂိတ်တော့ပိတ် ထားတယ်။ လေးလလောက် ရှိပြီ"ဟု ၎င်းကပြောသည်။
အလားတူ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းမှ အန္တရာယ်ရှိသည့် နွံကန်များ အနီး KIO/KIA လက်နက်ကိုင်အဖွဲ့က ကျောက်စိမ်းတူးဖော်ရန် ခွင့်ပြုမိန့်ပေးထားခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက လူနေရပ်ကွက်အတွင်း နွံကန်ပေါက်ကျခဲ့ကြောင်း သိရသည်။
KIO/KIA အနေဖြင့် ငွေရလမ်းကိုသာ ကြည့်ပြီး လူထုအတွက် အန္တရာယ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း၊ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများအနေဖြင့် အထိန်းအကွပ်မဲ့ တူးဖော်မှုများ ပြုလုပ်နေကြ ကြောင်း ဒေသခံများထံမှ သိရသည်။
KIA / PDF ပူးပေါင်းအဖွဲ့များ အနေဖြင့် ကချင်ပြည်နယ်ဒေသတွင်းမှ ထွက်ရှိသည့် သယံဇာတများမှ ငွေကြေးအမြောက်အမြား ရရှိနေသော်လည်း ပြည်သူလူထုထံမှ မကြာခဏ လုယက်မှုများ ပြုလုပ် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
"အခွန်တွေ ကောက်တယ်။ ပိုက်ဆံတွေ မတရားရတယ်။ ပြည်သူတွေဆီကလည်း လုတယ်။ ဘာလို့ အဲဒီလိုလုပ်တာလဲ ဆိုရင် ရတာထက် ကုန်တာများနေလို့ စစ်အသုံးစရိတ်က ကြီးတယ်"ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်အတွင်း KIO? KIA လက်နက်ကိုင်အဖွဲ့မှ ကျောက်စိမ်းတူးဖော်ရေး၊ ရွှေတူးဖော်ရေး လုပ်ငန်းများကို ၎င်းတို့ ဘဏ္ဍာအခွန် ရရှိရေးအတွက် အကွက်ရိုက် ရောင်းချလျက်ရှိရာ ကန့်ကွက် ဆန္ဒပြသူများကို ၎င်းတို့၏ လက်အောက်ခံ PDF အဖွဲ့က ဖမ်းဆီးနှိပ်စက်ခြင်းနှင့် လက်သည်မပေါ် သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသသတင်းအရင်းများထံမှ သိရသည်။ ကွန်းဈာန်