အပစ်ရပ်NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၇ဖွဲ့စုပေါင်း၍ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် နစက၏ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC)နှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုကမ်းလှမ်းထားသည်။
NSPNCကော်မတီထံ ကမ်းလှမ်းခဲ့ EAO ၇ ဖွဲ့၏ အဆိုပြုချက်တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့၊ ချင်းမိုင်မြို့ တွင် တစ်ဖက်လျှင် ကိုယ်စားလှယ် အနည်းငယ်ဖြင့် ကနဦး အလွတ် သဘော တွေ့ ဆုံဆွေးနွေးမှုအား သိုသိပ်စွာ စတင်ခြင်း။ဒီဇင်ဘာလ (၁၅-၁၇) ရက်နေ့၊ တောင်ကြီးမြို့ (သို့မဟုတ်) မော်လ မြိုင်မြို့ တွင် နှစ်ဖက် ကိုယ်စားလှယ် စုံညီစွာဖြင့် အလွတ်သဘော တွေ့ဆုံခြင်းနှင့် နှစ်ဖက်သဘောထားများအား ညှိနှိုင်းဆွေး နွေးခြင်း။ဒီဇင်ဘာလ (၂၀-၂၁) ရက်နေ့၊ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ကျင်းပပြီးဆက်လက် ညှိနှိုင်း ဆွေးနွေးခြင်း၊ ရရှိသည့် နှစ်ဖက်လက် ခံသော ဘုံသဘောထားများနှင့် သဘောတူညီချက်များအား နှစ်ဖက်အတွက် သင့်တော်သည့် နေရာ နှင့် အချိန်တွင် စုပေါင်း၍ တရားဝင် လက်မှတ် ရေးထိုးခြင်း စသည့်ဖြင့် ဖော်ပြထားသည်။
သို့သော်လည်း EAO ၇ဖွဲ့ ကမ်းလှမ်းထားသည့် နေ့ရက်၊နေရာအတိုင်း နစက၏ NSPNC ကော်မတီနှင့် တွေ့ဆုံရန် လတ်တလော မဖြစ်နိုင်သေးကြောင်း EAO ၇ဖွဲ့၏ အလွတ် သဘောတွေ့ ဆုံဆွေးနွေးရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ၊ KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။
" ဒီအခြေအနေက ကျွန်တော်တို့ နိုင်ငံအတွက် ပုံမှန်အနေအထားမဟုတ်ဘူး။ အခက်အခဲတွေ အကြပ်အတည်းတွေ စိန် ခေါ်မှုတွေ နဲ့ နေရာတိုင်းလိုလိုမှာ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်လို့ ကျွန်တော်တို့ EAO တွေဘက်ကပဲ ဖြစ်ဖြစ် အစိုးရ NSPNC ဘက်ကပဲဖြစ်ဖြစ် အခက်အခဲတွေရှိနေသေးတယ်ဆိုတဲ့အပေါ်မှာ လက်ရှိရှိနေတဲ့ အခြေအနေအရ ကမ်းလှမ်းထားတဲ့ ရက်စွဲ အ တိုင်း အလွတ်သဘောတွေ့ဆုံနိုင်ဖို့ကတော့ ဖြစ်နိုင်ချေ မရှိသေးဘူးပေါ့"
ဟု ၎င်းက ပြောသည်။
သို့သော် တွေ့ဆုံနိုင်ရေးအတွက် ဆက် လက်၍ နှစ်ဖက်စလုံး ညှိနှိုင်း ဆွေးနွေးသွားရန်လည်း ရှိကြောင်း ၎င်းကဆက်ပြေသည်။
ယခုကဲ့သို့ အလွတ်သဘော တွေ့ဆုံမှုမှ အစပြုကာ သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်မြောက်ရန် EAO (၇) ဖွဲ့မှကြိုးပမ်းလုပ်ဆောင် နေခြင်း ဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်း ၊လက်ရှိပကတိအနေအထားတွင် နှစ်ဖက်တွေ့ဆုံရန် အခက်အခဲအချို့ရှိနေခြင်း ဖြစ်သည်။
" ဒါကလည်းပဲ အဆိုပြုတဲ့သူကော အဆိုပြုခြင်းခံရတဲ့သူကော နှစ်ဖက်စလုံး ညှိနှိုင်းပြီးတော့ နှစ်ဖက်ရဲ့ သဘောတူညီချက်နဲ့ လမ်းစပျိုးမှုတစ်ခုကို ကျွန်တော်တို့ဘက်က ကြိုးပမ်းလုပ်ဆောင်တဲ့နေရာမှာ လောလောဆယ်အရကတော့ နှစ်ဖက်စလုံးအတွက်ကတော့ သူ့နေရာနဲ့သူ အခက်အခဲတော့ ရှိကောင်းရှိနိုင်တယ်။ အဲလိုမျိုး ကျွန်တော်တို့ ကမ်းလှမ်းထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ နေရက် သတ်မှတ်ထားတဲ့နေရာမှာ တွေ့ဆုံဖို့ လုပ်ဆောင်ဖို့ လော လောဆယ်အဆင်မပြေသေးတာပါ” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။
နစက၏ NSPNC ကော်မတီနှင့်တွေ့ဆုံရန် ပြင်ဆင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့မှာ NCA ရေးထိုး ထားသော RCSS၊ NMSP၊ DKBA၊KNU-KNLA(PC) ၊ PNLO၊LDU ၊ALPတို့ ဖြစ်သည်။