ရန်ကုန်၊ဒီဇင်ဘာ ၉
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် နုစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် အလွတ်သဘောတွေ့ဆုံရန်အတွက် NCA လက်မှတ် ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၇ဖွဲ့က ကမ်းလှမ်းထားကြောင်း သိရသည်။
လက်ရှိတွင် RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းမှ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူမည့် EAO ၇ ဖွဲ့၏ အလွတ်သဘောတွေ့ ဆုံ ဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး တွေ့ဆုံခွင့် ရရန်အတွက်လည်း ဒီဇင်ဘာ ၇ ရက်နေ့က NSPNCကော်မတီထံ စာပေးပို့ ထားကြောင်း သိရသည်။
“ ကျွန်တော်တို့တွေ့ဖို့စတင်ပြီးတော့ ကမ်းလှမ်းတာပါ။ စတင်ပြီးတော့ အဆိုပြုတာပေါ့။ စတင်ပြီးတော့ ကမ်းလှမ်းတယ် အဆိုပြု တယ်ဆိုတာကလည်း ကျွန်တော်တို့ EAO ၇ ဖွဲ့ လို့ပြောတာထက် EAO ၇ ဖွဲ့ ကနေ စုဖွဲ့ထားတဲ့ အလွတ်သဘောဆွေးနွေး ညှိ နှိုင်းရေးအဖွဲ့ကနေပြီးတော့ လက်ရှိကျွန်တော်နိုင်ငံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းကို လွန်မြောက်နိုင်ဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှု အခင်းအကျင်းကို အခြေအနေအရ မလုပ်နိုင်သေးခင်ကာလမှာ ကျွန်တော်တို့ ၇ ဖွဲ့ ကနေပြီးတော့ အလွတ်သဘော စတင်ပြီးတော့ တွေ့ဆုံခြင်းအားဖြင့် ကောင်းမွန်တဲ့ အစပျိုးမှုတွေ နိဒါန်းပျိုးမှုတွေ ဖြစ်နိုင် အောင် စတင်ပြီးတော့ အလွတ်သဘောတွေ့ဆုံဖို့ကမ်းလှမ်းတာပါ” ဟု EAO ၇ဖွဲ့၏ အလွတ်သဘောတွေ့ ဆုံဆွေးနွေးရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စောကျော်ညွှန့်ကပြောသည်။
ယင်းသို့ အလွတ်သဘောတွေ့ဆုံရန်ကမ်းလှမ်းခဲ့ခြင်း ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရပြီး ယင်းကမ်းလှမ်းချက် တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့၊ ချင်းမိုင်မြို့ တွင် တစ်ဖက်လျှင် ကိုယ်စားလှယ် အနည်းငယ်ဖြင့် ကနဦး အလွတ် သဘော တွေ့ ဆုံဆွေးနွေးမှုအား သိုသိပ်စွာ စတင်ခြင်း။ဒီဇင်ဘာလ (၁၅-၁၇) ရက်နေ့၊ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက် ကိုယ်စားလှယ် စုံညီစွာဖြင့် အလွတ်သဘော တွေ့ဆုံခြင်းနှင့် နှစ်ဖက်သဘောထားများအား ညှိနှိုင်းဆွေးနွေးခြင်း။ဒီဇင်ဘာလ (၂၀-၂၁) ရက်နေ့၊ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ကျင်းပပြီးဆက်လက် ညှိနှိုင်း ဆွေးနွေးခြင်း၊ရရှိသည့် နှစ်ဖက်လက် ခံသော ဘုံသဘောထားများနှင့် သဘောတူညီချက်များအား နှစ်ဖက်အတွက် သင့်တော်သည့် နေရာ နှင့် အချိန်တွင် စုပေါင်း၍ တရားဝင် လက်မှတ် ရေးထိုးခြင်း စသည့်အဆိုပြုချက် ၄ချက်နှင့်ပတ်သက်၍ NSPNC ထံ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
“ အခုတွေ့နေရတာက ဒုတိယအကြိမ်ပြန်ပြီးတော့ ကမ်းလှမ်းအဆိုပြုတဲ့ စာပါ။ ပထမဆုံးအကြိမ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ လက တည်းက စတင်ချဉ်းကပ်အဆိုပြုမှုတွေ အပေါ်မှာကတော့ ဘက်ကလည်းပဲ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အ ပေါ်မှာ အပြုသဘောဆောင်တဲ့တုန့်ပြုမှုတွေ မြင်နေရပါတယ်” ဟု အလွတ်သဘောတွေ့ ဆုံဆွေးနွေးရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စောကျော်ညွှန့်ကပြောသည်။
ယင်းကမ်းလှမ်းချက်နှင့် ပတ်သက်၍ လက်ရှိအချိန်တွင် NSPNC ထံမှ ပြန်လည်အကြောင်းပြန်ကြား လာခြင်းမျိုးမရှိသေး ကြောင့်နှင့် တွေ့ဆုံမှုဖြစ်မြောက်မည်ဆိုလျှင် နေရက်အချိန်နေရာတို့နှင့်ပတ်သက်၍ ၂ဖက် အပြန်လှန်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။