ရန်ကုန်၊ ဧပြီ ၂၃
နိုင်ငံတော်တွင် အခက်အခဲကြုံလာတိုင်း ကိုယ်တိုင် ပါဝင်ကူညီရမည်ဆိုသည့် အသိတရားဖြင့် ငလျင်ဘေးသင့်ပြည် သူများအတွက် ပါဝင်ကူညီ လှူဒါန်းရခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောကြားလိုက်သည်။
"NCA လက်မှတ်ထိုးထားတဲ့ EAO အဖွဲ့တွေကလည်း နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆွေးနွေးဖက်ဖြစ်တယ်။ တစ်ဖက်မှာ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ EAO တွေဘက်က ပံ့ပိုးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆွေးနွေးဖော်ဆွေးနွေး ဖက်တွေအနေနဲ့ နိုင်ငံတော်မှာ အခက်အခဲ ကြုံ လာရင် ကိုယ်ကိုယ်တိုင် သိရမယ်ဆိုတဲ့ စိတ်ပါဝင်ကူညီရမယ်ဆိုတဲ့ အသိတရားနဲ့ လှူဒါန်းရခြင်း ဖြစ်ပါတယ်။ ALP ဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ငြိမ်းချမ်းရေးကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ ပြည်သူတွေရဲ့ မငြိမ်းချမ်းမှုကို ကိုယ်ချင်းစာတရားတွေ အများကြီးထားတယ်။ ဒါကြောင့် ပြည်သူတွေ ဒုက္ခရောက်တဲ့အပေါ်မှာ ကူညီချင်စိတ်တွေနဲ့ တတ်နိုင်သလောက် လှူဒါန်းဖြစ်ခဲ့ပါတယ်"ဟူ၍ ဒေါ်စောမြရာဇာလင်းက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀)၊ ပေါင်းလောင်းနှင့် ရွှေကြာပင်တို့ရှိ ယာယီ ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနေသော ငလျင်ဘေးသင့် ပြည်သူများအပါအဝင် မန္တလေး၊ စစ်ကိုင်းတို့ရှိ ငလျင်ဘေးသင့် ပြည်သူများအား အစားအသောက်များ၊ အမျိုးသမီးအသုံးဆောင်ပစ္စည်းများ၊ တာပေါ်လင်နှင့် အစားအ သောက်များ သွားရောက်လှူဒါန်းခဲ့ ခြင်းဖြစ်သည်။ အဆိုပါ လှူဒါန်းမှုကို ဧပြီ ၅ ရက်မှ ၁၉ ရက်အထိ ALP အဖွဲ့ဝင်များက လူအင်အားခွဲကာ ငလျင်ဘေး သင့်ပြည်သူ များထံ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ဘေး လှူဒါန်းမှုသည်လည်း ၂၀၂၃ မိုခါမုန်တိုင်းဘေး ကျရောက်ခဲ့စဉ်က ရခိုင်ပြည်သူများအား နိုင်ငံတစ်ဝန်းမှ ပါဝင်လှူဒါန်းခဲ့မှုများအပေါ် ကျေးဇူးပြန်ဆပ်ခြင်းဟုလည်း ဆိုနိုင်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
"အဓိကအားဖြင့် ရခိုင်မှာ မိုခါဖြစ်တဲ့အချိန်မှာ မြန်မာတစ်ပြည်လုံးမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေအများကြီး ရခိုင်ကိုလာပြီးတော့ လှူခဲ့ကြတာ ရှိတယ်။ အဲဒီကျေးဇူးကို မမေ့ပါဘူး။ ဒါကြောင့်လည်း ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို လှူဒါန်းမှုတွေလုပ်ဖြစ်တာပါ"ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် NCA ရေးထိုးထားပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော တိုင်းရင်းသားလက် နက်ကိုင် (EAO) အဖွဲ့အစည်းဖြစ်ပြီး အပစ်ရပ် EAO များဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance အဖွဲ့ဝင်ဖြစ်သည်။ ညီသစ်