ရန်ကုန်၊ ဧပြီ ၂၃
ပါတီပြန်လည်ထူထောင်နိုင်ရေး ကြိုးပမ်းနေသည့် ယခင် NLD ပါတီ၏ ဗဟို ကော်မတီဝင် ဟောင်း ဒေါ်စန္ဒာမင်းက နောက်ဆုံးအချိန်ထိ ပါတီနှင့်ရှိနေမည်ဖြစ်ပြီး နိုင်ငံရေးပါတီအချို့၏ ကမ်း လှမ်းမှုကို ရရှိထားကြောင်း ပြောကြားသည်။
၎င်း၏ ပါတီပြန်လည်ပေါ်ပေါက်လာရေး ကြိုးပမ်းမှုနှင့်ပတ်သက်၍ ဆက် သွယ်မေးမြန်းရာတွင် "နိုင်ငံရေး ပါတီတွေကတော့ ပြောပါတယ်။ ဟိုပါတီတွေက ဒုဥက္ကဋ္ဌပေးမယ်၊ ဒီပါတီက ဒုဥက္ကဋ္ဌပေးမယ် ကမ်းလှမ်းတာမျိုးတွေ ရှိတယ်။ အကုန်လုံးကို ပြောထားပါတယ်။ နောက်ဆုံးနေ့အထိ ပါတီအပေါ်မှာ သစ္စာ စောင့်သိမယ်။ ပြီးတော့မှ ဆက်လက် စဉ်းစားပါ့မယ်"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ဒေါ်စန္ဒာမင်းသည် NLD ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် တပ်မတော်မှ တိုင်းပြည်တာဝန်ကို ရယူချိန်တွင် မဲသမာမှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ပါတီခေါင်းဆောင်များ တရားရင်ဆိုင်ရေးနှင့် ရှေ့နေရှေ့ရပ်ကိစ္စရပ်များကို လိုက်လံဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ ယင်းနောက် ပြစ်ဒဏ်ကျခံနေရသော NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တွေ့ဆုံခဲ့ရသူဖြစ်ပြီး ပါတီဆက်လက်ရပ်တည်ရေး ဆွေးနွေးခွင့်ရရှိခဲ့သူလည်းဖြစ်သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ကျင်းပပေးမည့် ရွေးကောက်ပွဲကို မူလပါတီနှင့် ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေပြီး အခြားပါတီများကလည်း လာရောက်ရန် ကမ်းလှမ်းမှုများ ရရှိ ထားခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထုတ်ဖော်ပြော ဆိုသည်။ NLD ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဖျက်သိမ်းခဲ့သော နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ ၂၀၂၃ ခုနှစ် မတ် ၂၈ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ တွင် တည်ဆဲနိုင်ငံရေး ပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း UEC သို့ ပါတီ မှတ် ပုံတင်ခွင့် ပြန်လည် လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ထူးမြတ်