နေပြည်တော်၊ ဧပြီလ ၂၃
မတ် ၂၈ ရက် မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မကြာခဏ သေးငယ်သော ငလျင်များ လှုပ်ခတ်နေခြင်းကြောင့် မန္တလေးမြို့ရှိ ငွေကြေးတတ်နိုင်သူများအနေဖြင့် ပြင်ဦးလွင် ဟိုတယ်များတွင် ရက်ရှည်ငှားရမ်းနေထိုင်လျက်ရှိပြီး ငလျင်ရှောင်သူများနှင့်လည်း ဟိုတယ်အခန်းများ ပြည့်နှက်နေေကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကို ကြိုတင်ခန့်မှန်း၍ မရနိုင်သော်လည်း လက်တွေ့ခံစားရ သူများအနေဖြင့် အကြောက်တရားကြီးစိုးနေခြင်းကြောင့် ဘေးလွတ်မည်ဟုယူဆသည့် ပြင်ဦးလွင်သို့ တိမ်းရှောင်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
"ငလျင်က မကြာခဏ လှုပ်နေတော့ ကြောက်ပြီး ပြင်ဦးလွင် ဟိုတယ်တွေမှာ ဘိုကင်လုပ်ထားကြတာ။ အကုန် ပြည့်နေတာ။ မန္တလေးကလူတွေ များတယ်။ အခန်းတွေ ပြည့်နေလို့ အခန်းမရဘူး။ ပြင်လွင်ဦး တက်တဲ့လူတွေများတယ်။ ကားတွေအတန်းလိုက်ပဲ။ ဂျပန်ငလျင်၊ နီပေါငလျင်နဲ့ ဆင်တူတယ်လို့လည်း ပြောကြတယ်။ ဘယ်သူမှတော့ မခန့်မှန်းနိုင်ဘူးဆိုပေမယ့် တကယ်ထိ ခိုက်ခံစားခဲ့ရတဲ့ သူတွေကျတော့ အကြောက်တရား ကြီးစိုးနေတယ်။ ဘေးလွတ်ရာကို ရှောင်ကြတယ်။ လက်တွေ့ ငလျင်အကြီးကြီး မိထားတဲ့လူတွေက ဟိုတယ်အခန်းကို ဘန်ဂလိုလို အခန်းမျိုးတွေ မှာယူထားကြတာ" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က ငလျင်ကြီးလှုပ်ခတ်မည်ဆိုသော ကောလာဟလ သတင်းများကြောင့်လည်း ပြင်ဦးလွင်သို့ တိမ်းရှောင်ကြသူများ ပိုမို များပြားခဲ့ကြောင်း ပြင်ဦးလွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
"အခန်းလွတ်ကို မရှိဘူး။ ပြင်ဦးလွင် တက်တဲ့လူတွေ အရင်ကထက်များတယ်။ တိုးဂိတ်တွေမှာဆိုရင် ကားတွေ တစ်တန်းကြီးတိုးနေရတာ။ Express ကားကြီးတွေနဲ့လည်း လာကြတယ်။ ငလျင်ကို ကြိုတင်ခန့်မှန်းလို့ မရဘူးဆိုတာ ပညာရှင်တွေလည်း ပြောထားတာပဲ။ ဒါပေမဲ့ ၂၁ ရက် ငလျင်လှုပ်မယ်ဆို လို့ ကြောက်ပြီး ဘိုကင်လုပ်ထားကြတာ"ဟု ၎င်းကပြောသည်။
မတ် ၂၈ရက်က ပြင်းအား ရစ်ချ်စ တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လျက်ရှိသည်။ ဧပြီ ၁၇ ရက်တွင်လည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့ အနောက် တောင်ဘက်ကို ဗဟိုပြု၍ ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းကြောင့် မန္တလေးမြို့တွင် သိသာစွာခံစားရပြီး ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း သိရသည်။ ကွန်းဈာန်