ပြည်ပသို့သယ်ဆောင်မည့် ဘီလီယံ ၃၀ တန်ဖိုးရှိ အိုက်စ်များ မြိတ်မြို့နယ်တွင် ဖမ်းဆီးရမိ
၂၀၂၂ ခုနှစ် ၊ နို၀င်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ် ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ယ နေ့(နိုဝင်ဘာ ၂၅) သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ အား ပင်လယ်ပြင် သို့ သယ်ဆောင်မည့်အဖွဲ့ရောက်ရှိနေကြောင်းသတင်းအရ အတည်ပြုရှာဖွေဖော်ထုတ်ခဲ့ရာ မြိတ်မြို့နယ်၊ လယ်ကယ် ကျေး ရွာအနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင် အား FUSO ၆ ဘီး မော်တော်ယာဉ် ၁ စီး၊ Toyota Celsior မော်တော် ယာဉ် ၁ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ၆ ဘီးယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အိုက်စ် (မက်သ်အဖက်တမင်း)များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဘောမ်ထန်(ခ) ဘောမ်ဆောင်၊ ရှရွယ် (ခ)အလာနှင့် ဘောမ်ဇုန်း တို့ ၃ ဦးအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ် (၁)ဘောတံတား၌ လည်းကောင်း၊ ဇော်တွယ် နှင့် လွမ်းဟူ တို့ ၂ ဦးအား မြိတ်မြို့၊ ကလွင်ကျေးရွာ၌ CALDINA မော်တော်ယာဉ် ၁ စီး၊ NISSAN AD VAN မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ သန့်ဇင် နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်း တို့အား ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ NISSAN မော် တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ စောအောင် နှင့် သီဟ တို့အား ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်း၌ လည်း ကောင်း၊ သန့်ဇင်ဦး အား တွံတေးမြို့နယ်၊ ခလောက်ခလူးကျေးရွာရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ မြင့်ဇော်ဦး အား ဒဂုံဆိပ် ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ လည်းကောင်း၊ အိုက်စ် (မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ (ခ)အားချင်း အား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၌ လည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအားရှမ်းပြည်နယ် (တောင်ပိုင်း)မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် အက်ဒမန် ပင်လယ်ပြင်ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၁၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။
စုစုပေါင်းကြည့်ရှုသူများ
42837