မဲစာရင်းများမှားယွင်းမှုကြောင့် တာဝန်ယူခဲ့ရသည့် အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုမရှိရန်လိုဟု ယာယီသမ္မတပြောကြား

ရန်ကုန် ဒီဇင်ဘာ ၁၂
   ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
   ဒီဇင်ဘာ  ၁၁ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက "ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း။"ပြောကြားသည်။
  ထို့အပြင် "ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ ဖြင့် မဲပေးနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း။"ဖြည့်စွက်ပြောကြားခဲ့သည်။  HM

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58925

© 2022 - 2025 News. All Rights Reserved.