ရန်ကုန်၊ ဧပြီ ၃၀
၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအပါအဝင် ဒေသတွင်းပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ လေ့ကျင့်ရေးခြေစမ်းပွဲများကစားရန် ဧပြီ ၂၇ ရက် ညနေပိုင်းက ရောက်ရှိနေပြီး ထိုင်းထိပ်သီးဖူဆယ်ကလပ်များနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစားသမား ၂၄ ဦးဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နည်းပြချုပ် Mr. Pattaya Piemkum အနေဖြင့် ဧပြီ ၂၅ ရက်က ကစားသမား ၁၉ ဦးစာရင်း ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစားသမား ၁၉ ဦး၊ အုပ်ချုပ်နည်းပြ အဖွဲ့ဝင်ကိုးဦးတို့ဖြင့် ထိုင်းနိုင်ငံ ခြေစမ်းခရီး စဉ်သွားရောက်ခဲ့ပြီး ဧပြီ ၂၉ ရက်တွင် SWU Aimane အသင်းနှင့် လည်းကောင်း၊ မေ ၁ ရက်တွင် Thammasat Stallions အသင်း နှင့်လည်းကောင်း၊ မေ ၃ ရက်တွင် Black Pearl United အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာဖူဆယ်အသင်း၏ နည်းပြ ချုပ်အသစ်ဖြစ်လာသည့် အသက် (၅၆)နှစ်အရွယ် မစ္စတာ Pattaya Piemkum သည် ထိုင်းလက်ရွေးစင် ဖူဆယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး AFC Futsal Level -3 နည်းပြတစ်ဦးဖြစ်သည်။ နည်းပြဘဝတွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ စသည့် လက်ရွေးစင်အသင်းများနှင့် ထိုင်းဖူဆယ်ကလပ်အသင်းများကို ကိုင်တွယ်ထားသည့် နည်းပြ တစ်ဦးဖြစ်သည်။ Pattaya Piemkum သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအား ၂၀၂၅ ဆီးဂိမ်းနှင့် အာဆီယံဖူဆယ် ချန်ပီယံရှစ်၊ AFC အာရှဖလား ဖူဆယ်ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် မြန်မာဖူဆယ်အသင်း၏ ရပ်တည်မှုမှာ အာရှအဆင့် (၁၁) တွင် ရပ်တည်လျက်ရှိသည်။ ထူးမြတ်