နေပြည်တော်၊ ဧပြီ ၂၃
လားရှိုး-မိုင်းရယ်လမ်း၊ လားရှိုး-သီပေါလမ်း အဝင်အထွက် ပိတ်ထားခြင်းကို ဧပြီ ၂၁ ရက်က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်၍ လားရှိုးမြို့အတွင်း လူအများ ပုံမှန်ဝင်ထွက် သွားလာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့သို့ သွားရောက်သည့် လမ်းများ ယာယီပိတ်ထားခြင်းမှာ အစိုးရဝန်ထမ်းများ ဝင်ရောက်လာစဉ် ဘေးကင်းလုံခြုံစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။
"မြို့အဝင်အထွက် ယာယီပိတ်တာနဲ့ပတ်သက်ပြီး့ စိုးရိမ်ဖို့ မလိုပါဘူး။ နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်အရ အစိုးရဘက်က ဝင်လာတဲ့ဝန်ထမ်းတွေ ဘေးကင်း လုံခြုံရေးအတွက် လုပ်နေတာပါ။ မြို့ထဲမှာလည်း အစည်းအဝေးလုပ်မယ့် နေရာတစ်ဝိုက်က လမ်းတချို့ ပိတ်ထားတာကလွဲပြီး ပုံမှန်အတိုင်း သွားလာနေကြပါတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် လားရှိုးမြို့ မြို့တော်ခန်း မရှေ့အဝိုင်းတွင် စိုက်ထူထားသည့် MNDAA အလံများကို ဖြုတ်ချလိုက်ပြီဖြစ်ပြီး နိုင်ငံတော်အလံများကို ပြန်လည်လွှင့်ထူထားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"တချို့မီဒီယာတွေမှာ ဖော်ပြသလို လားရှိုးမှာ ဆိုင်တွေပိတ်တာ၊ လူတွေမရှိ ဘူးဆိုတာ မဟုတ်ပါဘူး။ ပုံမှန်သွားလာနေ ကြပါတယ်။ ဒီနေ့မနက် မြို့တော်ခန်းမရှေ့ အဝိုင်းပတ်မှာ စိုက်ထူထားတဲ့ ကိုးကန့်အလံတွေ ဖြုတ်ချပြီး နိုင်ငံတော်အလံတွေ ပြန်တပ်ထားတယ်။ မြို့ထဲမှာ ပုံမှန်ပဲ။ လူတွေ အသွားအလာမပြတ်ရှိနေတယ်။ မြို့အဝင်အထွက်ကတော့ လမ်းကြောင်းရှိရင် ယာယီပိတ်တာ မျိုး ရှိတတ်ပါတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ အဝင်အထွက်ကို မကြာခဏ ယာယီပိတ်ထားသည့် အကြောင်းမှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုများအရ လူကြီးပိုင်းများ လာရောက်ခြင်း၊ အစိုးရဝန်ထမ်းများ ဝင်ရောက်လာခြင်းကြောင့် လုံခြုံရေးအရ ယာယီပိတ်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခုအခါ လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုကို နစက တပ်မတော်မှ ပြန်လည်ရ ယူထားပြီး MNDAA တပ်ဖွဲ့များက မြို့ပြင်အထိ ဆုတ်ခွာထားပြီ ဖြစ်ကြောင်း၊ မြို့ထဲတွင် MNDAA ဆက်ဆံရေးရုံး ဆက်လက် ထားရှိမည်ဖြစ်ကြောင်းနှင့် နှစ်ဖက်ကြားနေအဖြစ် တရုတ်နိုင်ငံမှ ရုံးစိုက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ ကွန်းဈာန်