ရန်ကုန်၊ ဧပြီ ၂၃
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ လိုက်သည်။
မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့် ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများ တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံဖြေဆိုရမည့်တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။ ပြန်လည်ဖြေဆိုရမည့်သူ များထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက (မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက (၁) တမူး၊ အထက(ရွှေဘို)၊ အထက(၁) ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်း သို)၊ အထက (မော်လိုက်)၊ အထက (ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ မပါဝင် ကြောင်းလည်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ် ရေးမှူးများထံမှ ဇွန် ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၁၆ ရက်တွင် မြန်မာစာ၊ ၁၇ ရက်တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်တွင် သင်္ချာ၊ ၁၉ ရက်တွင် ဓာတုဗေဒ /ပထဝီဝင်၊ ၂၀ ရက်တွင် ရူပဗေဒ / သမိုင်း၊ ၂၁ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒတို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ထူးမြတ်