နေပြည်တော်၊ ဧပြီ ၂၂
ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ငလျင်ဒဏ် ရစ်ချ်တာစကေး ၈ အထိ ခံနိုင်သည့် အဆောက် အအုံများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောနေရာတွေကို စနစ်တကျ သုတေသန ပြုလုပ်သွားဖို့ လိုပါတယ်။ ပြန်လည် တည်ဆောက်မယ့် အဆောက်အအုံတွေက ငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်ဖို့ လိုအပ်တယ်။ အဆောက်အအုံတွေ တည်ဆောက်ရာမှာ အင်ဂျင်နီယာ ရှုထောင့်ကကြည့်ပြီး အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီတည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ရုံးဌာနအဆောက်အအုံများ ပြန်လည် ပြုပြင်တည် ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အ အုံတွေကို ဦးစားပေးအနေနဲ့ ပြုပြင်ဆောင်ရွက်သွားဖို့လိုပြီး အင်ဂျင်နီယာများက စမ်းသပ်ပြီးမှသာ သတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဝန်ထမ်းအိမ်ရာတွေ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက် ရာမှာ ရစ်ချ်တာစကေး ၈ အထိခံနိုင်တဲ့ အဆောက်အအုံများဖြစ်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နေတဲ့ နေရာတွေမှာလည်း လုံခြုံမှု ရှိစေရေးနဲ့ နေထိုင်မှု အဆင်ပြေစေရေး အဘက်ဘက်ကကြည့်ပြီး စီစဉ်ဆောင် ရွက်ပေးသွားဖို့ လိုပါတယ်။ ယာယီနေထိုင်ဖို့ နေရာများတည်ဆောက်ရာမှာ နှစ်ခန်းတွဲများသာ တည်ဆောက်ပေးသွားဖို့လိုပြီး ရေ၊ မီး လုံလုံလောက်လောက် ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားဖို့ လိုပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ရုံးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည် ဆောက်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"အစိုးရ ရုံးဌာနများနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီနယ်မြေမှာ ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ အဆောက်အအုံများအနက် ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမို ထိခိုက်ပျက်စီးတာကို တွေ့ရပါတယ်။ ဒါကြောင့် ရုံးအဆောက်အအုံတွေ ပြန်လည် တည် ဆောက်ရာမှာ မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနဲ့ ပြုပြင်ခြင်း လုပ်ငန်း တွေကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ဧပြီ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ယခုအခါ ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံများကို ပြောင်းရွှေ့နေရာ ချထားရေးအတွက် ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်၏ မြို့အကွက်ချမှု ပုံစံကိုလည်း ပြန်လည် တွက်ချက်ရေး ဆွဲသွားရန် စီစဉ်နေကြောင်း သိရသည်။ ကွန်းဈာန်