MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီး ဖြစ်ရပ်များအား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး၍ ပြစ်ဒဏ်များ ချမှတ်


၂၀၂၂ ၊ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ကျင်းပပြီးစီးခဲ့သည့် MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီး ဖြစ်ရပ်များအား ကြည့်ရှု့စစ်ဆေး၍ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် နိုဝင်ဘာ ၂၇၊ ၂၈ ရက်များတွင် နှစ်ကြိမ် အစည်းအဝေးပြုလုပ်၍ ပြိုင်ပွဲတာဝန်ကျသူများ၏ အစီရင်ခံစာများ၊ မှတ်တမ်းတင် ဗီဒီယိုနှင့်ဓာတ်ပုံများအား အကြိမ်ကြိမ် ကြည့်ရှုသုံးသပ်ခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်ကြီးကြပ်သူ၊ ဒိုင်လူကြီးများ အား ခေါ်ယူတွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်၍ အရေးယူမှုများအား ပြုလုပ်ခဲ့သည်။
ယင်းပွဲစဥ်တွင် ပွဲကြည့်စင်မှ ဆင်းလာကာ တာဝန်ကျ ဒိုင်လူကြီးများနှင့် ပွဲကြည့်ပရိသတ် တစ်ဦးအား လိုက်လံရိုက်နှက်ခဲ့သည့် MIU FC အသင်းမှ ကစားသမားဟောင်းဖြစ်သူ ဦးမောင်မောင်ဇော်သည် ယခင်ပြစ်ဒဏ်ဟောင်းများ ကျခံခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲ ကြည့်ရှုခွင့်များအား ရာသက်ပန် ပိတ်ပင်လိုက်ကြောင်းသိရသည်။
ထို့အပြင် ပွဲကြည့်စင်မှ ဆင်းလာကာ တာဝန်ကျ ဒိုင်လူကြီးများကို လိုက်လံ ထိုးကြိတ်ခဲ့သည့် MIU FC အသင်းမှ ကစားသမားဟောင်း ဖြစ်သူ ဦးအောင်သူနှင့် ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ ပစ္စည်းများအား ဖျက်ဆီးခဲ့သည့် ပရိသတ် တစ်ဦးဖြစ်သူ မောင်ဖြိုးလင်းထက် တို့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှု့ခွင့်များအား ရာသက်ပန် ပိတ်ပင်လိုက်သည်။
ထို့အပြင် ဒိုင်လူကြီးများနှင့် ပရိသတ်များအား ထိုးကြိတ်ခဲ့ကြသည့် MIU FC အသင်းမှ လက်ထောက်နည်းပြ ဦးဥက္ကာကျော်၊ ကျောနံပါတ်(၃) ညီညီစံနှင့် ကျော်နံပါတ် (၁၆) သီဟသူ တို့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှုခွင့်များအား ဘောလုံးရာသီ(၃) ရာသီ ပိတ်ပင်လိုက်သည်။
ထို့အပြင် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော ကျောနံပါတ်(၁၀) ကျော်စိုးမိုး၊ ကျောနံပတ်(၁၁) နိုင်ရဲကျော်၊ ကျောနံပါတ်(၉) ခင်ဇော်လင်းနှင့် ကျောနံပါတ်(၇) စိုင်းပြုံးအောင် တို့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှု့ခွင့်၊ လက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်ခြင်း၊ ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ (၂)ရာသီ ပိတ်ပင်ကာ ဒိုင်လူကြီးထိုင်သည့် ထိုင်ခုံအလွတ်အား ကန်ပြီး ရိုက်နှက်ရန် ရွယ်ခဲ့သည့် MIU FC အသင်းမှ ကျောနံပါတ်(၁၂) ချမ်းသာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှု့ခွင့်၊ လက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်ခြင်း၊ ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ (၁)ရာသီ ပိတ်ပင်လိုက်သည်။
ဆက်လက်ပြီးMIU FC အသင်းမှ ကျောနံပါတ်(၉) ခင်ဇော်လင်းသည် ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆု ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် အတွက် ရရှိခဲ့သည့်ဆုအား ပယ်ဖျက်ကာဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည့် အပေါ်တွင် ထိန်းသိမ်းမှု အားနည်းခဲ့သည့် အတွက် MIU FC အသင်းအား ဒဏ်ကြေးငွေ ကျပ် သိန်း(၃၀) ပေးဆောင်စေရန်နှင့် နောက်နောင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားပါက အသင်းအား လိဂ်ပြိုင်ပွဲများမှ ထုတ်ပယ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
MFF Futsal Championship 2022 ပြိုင်ပွဲအား ရန်ကုန်နှင့် မန္တလေးတို့မှ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၈)သင်းဖြင့် နိုဝင်ဘာ ၁၂ မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲတွင် VUC အသင်းက MIU အသင်းကို အနိုင်ရရှိ ဗိုလ်စွဲခဲ့သည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.