ခါးသီးလွန်းသည့် တော်လှန်ရေးကို စွန့်ခွာလိုသည့် လူငယ်များ

လူငယ်တွေကို တောထဲ အတင်းတွန်းပို့နေသူ
    တောထဲက လက်နက်ကိုင် PDF လူငယ်များ၏ ဆင်းရဲဒုက္ခ အခက်အခဲဆိုသည်များကို မမြင်ချင်မှ အဆုံးဟု ဆိုနိုင်ပါသည်။ အညာသား PDF လူငယ်တစ်ဦးက ယခု ဆောင်းရာသီကြီးထဲ မိုးများရွာသွန်းနေသဖြင့် အိပ်စရာ၊ နေစရာမရှိသည့် အကြောင်းကို တောက်တခေါက်ခေါက်ဖြင့် ညည်းညူနေသည့် ရုပ်သံကိုလည်း တွေ့လိုက်ရသည်။ ဆောင်းတွင်းကြီး ဗုံးခိုကျင်းထဲ နေထိုင်နေရချိန် မိုးများ အဆက်မပြတ် ရွာနေသဖြင့် ကျင်းထဲသို့ ရေနှင့်ရွှံ့များ ဝင်ရောက်လာပြီး ကောင်းကောင်းမစားရ၊ မသောက်ရ၊ မအိပ်ရဆိုသည့် အကြောင်းများကို ပြစ်တင်ပြောဆိုနေခြင်း ဖြစ်သည်။
    ဆိုလိုချင်သည်က လူငယ်များတွင် အနာဂတ်ရှိသည်ဟု နိုင်ငံရေးသမားများက သံယောင်ပေး၍ လမ်းပေါ် တက်ခိုင်းခဲ့စဉ်ကတည်းက လုပ်စားနိုင်ငံရေးသမားများ၏ စကားကို နားမယောင်ကြစေရန် နားလည်သူတို့က လူငယ်များကို ရှင်းပြခဲ့ကြသည်။ 'မွဲချင်သည့်ခွေး ပြာပုံတိုး'ဆိုသကဲ့သို့ စေတနာစကားကို အပြစ်မြင်ပြီး လုပ်စားနိုင်ငံရေးသမားများ၏စကားကို နားယောင်ခဲ့ပြီး တော်လှန်ရေး ခြောက်လအတွင်း နိုင်မည်၊ တစ်နှစ်အတွင်းနိုင်မည်ဆိုသည့် စကားများကို ယုံလွယ်ခဲ့ကြပြီး တောထဲသို့ လက်နက်ကိုင်ရန် အားနှင့်မာန်နှင့် သွားကြပြီး ယခု ဒုက္ခနှင့်လှလှ တွေ့ကြရပြီ မဟုတ်ပါလား။ မကြာခဏ ပြောဖူးခဲ့သည့် စကားတစ်ခွန်းရှိပါသည်။ ထိုဝါဒမှိုင်းတိုက်သည့် နိုင်ငံရေးသမားတို့သည် သူတို့တွန်းပို့သဖြင့် တောထဲ ရောက်သွားသည့် လူငယ်များအပေါ် မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စေတနာထား၍ လုပ်ကိုင် ဆောင်ရွက်ပေးခဲ့ကြသနည်းဟုဆိုသည့် စကားပင် ဖြစ်သည်။
    ယခုလည်း နိုင်ငံရေးသမား တော်လှန်ဆယ်လီ၊ အနုပညာရှင်ဟု အမည်ခံထားသူတစ်ဦးက လူငယ်များကို တောထဲသို့ပြေးရန် အင်နှင့်အားနှင့် တိုက်တွန်း နေလေသည်။ ထိုတော်လှန်ဆယ်လီ အနုပညာရှင် လူရွှင်တော်ဟု အမည်ခံထားသည့်သူ၏ အကြောင်းနှင့် ပတ်သက်၍ ပြောရလျှင် တန်းမဝင်ဘောင်မဝင်နှင့် သူများမကောင်းကြောင်းသာ သူ၏ ဘဝတစ်သက်တာတွင် ပြော၍ဖြတ်သန်းလာခဲ့သူတစ်ဦး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 
    သည်ဘက်ခေတ် ပြည်တွင်း၌ ကျန်နေခဲ့သည့်  လူငယ်မျိုးဆက်သစ် ကလေးသူငယ်များပါမချန် ထိုတော်လှန်လူရွှင်တော်ဟု ခံယူထားသူက အရှက်မရှိအ ပြစ်ပြောဆိုခဲ့သူဖြစ်သည်။ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိ  နိုင်ငံရေးအကြောင်းကို မည့်သည့် စကားလုံးမျှ ဝင်မစွက်ဖက်ခဲ့သည့် မေသက်ထားဆွေကဲ့သို့ ကလေးမလေးကိုပင် ထိုတော်လှန်လူရွှင်တော်ဆိုသူက အပြစ်ပြောခဲ့သည်။ လေးဖြူ၊ ဖြူဖြူထွေးမှစပြီး ထိုမေသက်ထားဆွေကိုပင်မချန် အပြစ်ပြော အပုပ်ချပြီး မရယ်ရသည့်ဟာသများကို ပြက်လုံးလုပ်ကာ သူတို့၏ YouTube လူကြည့်များလျှင် ပြီးရောဟုဆိုကာ အပြစ်ပြောကာ လုပ်စားနေသည့်သူ ဖြစ်သည်။ ထိုသူက သူ၏ ဘဝတစ်သက်တာတွင် မရယ်ရသည့် ပြက်လုံးများကို ပြက်ကာ နိုင်ငံရေးတံဆိပ်ကပ် လုပ်စားလာသည့် သီးလေးသီးထဲက စိန်သီးဆိုသူ ဖြစ်သည်။
    လက်ရှိတွင်လည်း စိန်သီးသည် လူရွှင်တော်ဟု ပြောရအောင်ကလည်း သူ၏ ဟာသများက မရယ်ရ၊ တော်လှန်ရေးထောက်ပို့ဟု ပြောရအောင်ကလည်း အလှူငွေမရ သီးလေးသီးအဖွဲ့ ဆိုသည်မှာလည်း အကွဲကွဲအပြားပြား ဖြစ်သွားပြီး အနုပညာတံဆိပ်နှင့် YouTube တွင် လူကြည့်များစေရန် သူ၏ တန်း မဝင်ဘောင်မဝင် အရည်အချင်းနှင့် အလုပ်မဖြစ်သောကြောင့် သူများ မကောင်းကြောင်းများကို ပြော၍ ထမင်းတစ်လုတ်အတွက် ရှာဖွေစားသောက်နေရသူ ဖြစ်နေလေသည်။ လက်ရှိ စိန်သီးပြောသည့်စကားက ပြည်တွင်းရှိ လူငယ်လူရွယ်များကို မည်မျှအဆိပ်ခတ်နေသည့် စကားဆိုသည်ကို နားထောင်ကြည့်လျှင် သိနိုင်ပါသည်။ သူ၏ထမင်းတစ်နပ် ၀၀လင်လင်စားရဖို့အရေး လူငယ်လူရွယ်များကို ချနင်းနေသည့် စကားပင် ဖြစ်မည်ဟုလည်း ဆိုချင်ပါသည်။ 
    "လူငယ်တွေ ပြေးထားတော့၊ လူငယ်တွေကို NUG ကလည်း နွေးထွေးစွာ ကြိုဆိုနေပြီ။ ဒါမှမဟုတ် တောထဲကို သွားပြီးတော့ ပြည်သူ့ဘက်က မားမားမတ် မတ်ရပ်တည်ပြီးတော့ တိုက်မယ်ဆိုလည်း ပြေး ထားတော့။ ဒါမှမဟုတ် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်မယ်ဆိုလည်း ပြေးကြတော့။ အဲဒီလိုမှ မပြေးဘူးဆိုရင် ကျန်စစ်သား ဖြစ်သွားလိမ့်မယ်၊ ကျန်စစ်သားဆိုတာ ကျန်နေတဲ့သူ စစ်သားကြီးဖြစ်မယ်လို့ ပြောတာ"ဟုဆိုသည့် စကားပင်ဖြစ်သည်။ 
    သူတို့ကဲ့သို့ အနုပညာအမည်ခံပြီး ဝါဒမှိုင်းတိုက်သည့် နိုင်ငံရေးသမားများကြောင့် လူငယ်ပေါင်းများစွာ လက်နက်ကိုင်လမ်းစဉ် ရွေးချယ်သွားကြပြီး ငါးနှစ် ကျော် ကြာလာသည့်အချိန် လူငယ်ပေါင်းများစွာ သေကျေပျက်စီး၊ အနာဂတ်မဲ့၊ ဘဝပျက်၊ အတိဒုက္ခရောက် သွားရသူပေါင်း မည်မျှများမည်နည်း။ သူတို့၏ ကိုယ်ကျိုးအတ္တ တစ်ကိုယ်ရေ အဆင်ပြေစေရေးအတွက် လူငယ်များ၏ ဘဝများ၊ အသက်များကို ရင်းနှီးပြီး စားသောက်လာခဲ့ရာက ယခုလည်း လူငယ်များစွာကို လမ်းမှားသို့ ပို့သည့်စကားကို ဆိုနေလေသည်။ သနားစရာကောင်းသည်က စိန်သီး၏ မရယ်ရသည့် ပျက်လုံးများစွာထဲက ယခုစကားသည် အရယ် ရဆုံးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ မဟုတ်မမှန်စကားများ သူများမကောင်းကြောင်းပြော၍ ရှာဖွေစား သောက်နေသည့်ဘဝကို သနားစဖွယ်ဟုသာ မှတ်ချက်ပြုပြီး လူရာသွင်းသည့် စကားများမရတော့ပေ။ စိန်သီးကို တစ်ခုပြောချင်သည်က တောထဲက PDF လက်နက်ကိုင်များ၏ ဘဝအကြောင်း အမှန်တကယ် မသိဘဲ ပြောနေသည့်စကားလား၊ ဘယ်သူသေသေ ငတေမာပြီးရော စကားကို ဆိုခြင်းလားဟု မေးချင်မိပါ သည်။


PDF လူငယ်များ၏ ငိုချင်း
    "အမေ့စကားကို နားမထောင်ခဲ့ဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့မိတာ တစ်ချိန်ကြရင် အမေ့ကို တောင်းပန်ချင်ပါတယ်"ဟု PDF လူငယ်တစ်ဦးက သူရွေးချယ်ခဲ့သည့် လမ်းမှားယွင်းခဲ့ကြောင်း နောင်တစကားများဖြင့် ဖွင့်ဟထားလေသည်။ သူဖွင့်ဟထားသည့် စကားကို စာနာစိတ်များဖြင့် အချိန်မီပြင်ဆင်ခွင့် ရှိသေးကြောင်း အမှားကိုသိ၍ အမှန်ပြင်ကြရန် အကြံပြုစကားများ ဆိုကြလေသည်။
    အထက်တွင်ဆိုခဲ့သည့် စိန်သီးတို့၏ စိတ်စေတနာ ကွာခြားမှုကိုလည်း မြင်တွေ့နိုင်ပါသည်။ သည်နေရာတွင် PDF လူငယ်များ မည်မျှပြုန်းတီး သေကျေခဲ့ ကြရကြောင်းကို PDF တစ်ဦးက သူဖြတ်သန်းခဲ့ရသည့် ဘဝနှင့်ယှဉ်၍ PDF အုတ်ဂူများကို ရုပ်သံရိုက်၍ ပြောထားသည့်စကားကိုကြည့်လျှင် သိနိုင်ပါသည်။ သူတို့ခံခဲ့ရသည့် ဘဝများထဲတွင် သူတို့ကို အရင်းတည်၍ လုပ်စားသွားသူများကိုပါ မကျေနပ်ဘူးဆိုသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး သည်ငါးနှစ်ကျော် ကြာလာချိန်ရောက်မှ သူတို့သည် အသုံးချခံသက်သက် မျောက်ပြဆန်တောင်း ခံရသူများဖြစ်ကြောင်း သဘောပေါက် နောက်ကျလှသည် ဟုလည်း ထိုလူငယ်ကို ပြောချင်မိပါသည်။ သူတင်ထားသည့် ရုပ်သံ၏ ခေါင်းစဉ်က "တစ်ပုံကြီးနော်၊ နောက်ကျရင် ထပ်တင်ပေးမယ်"ဟုဆိုကာ PDF အုတ်ဂူများကို ရိုက်၍ တင်ပြထားခြင်းဖြစ်သည်။ "ငါတို့လူငယ်တွေကသာ ဘဝတွေ၊ အသက်တွေ ပေးဆပ်နေရတာပါ၊ လက်သုံးချောင်းလေးပြပြီး ကိုယ့်ထမင်းကိုယ် ရှာစားနေရ တယ်ဆိုတဲ့ လူတွေက တစ်ပုံကြီး၊ တန်ဖိုးမဲ့လိုက်တဲ့ အသက်တွေကွာ"သူတို့၏ အုတ်ဂူများကို အစဉ်လိုက် တင်ပြထား လေသည်။ "တော်လှန်ရေးကြီးက မျောက်ပြဆန်တောင်းဖြစ်နေပြီး မျောက်တွေလည်း ဆန်မစားရ သလို ငါတို့မှာလည်း ပေးစရာဆန် မရှိတော့ဘူး၊ ဆန်တောင်းတဲ့လက်တွေကြီးပွားမှ ကြီးပွားပါ့မလား"ဟူ၍ သူတို့၏ဘဝကို အရိပ်အ မြွက်မျှတော့ သိသားဟု ဆိုချင်ပါသည်။
    သည်နေရာတွင် PDF အုတ်ဂူများ၌ အသက်(၂၁)နှစ်အရွယ်က ၂၀၂၄ တွင်ကျဆုံး၊ အသက် (၁၈)နှစ်ဖြင့် ၂၀၂၄ တွင်ကျဆုံး၊ အသက်(၂၀)ဖြင့် ၂၀၂၄ တွင်ကျဆုံး ဆိုသူများလည်း တွေ့မြင်ခဲ့ရပြီး အသက်(၁၈)နှစ်နှင့် (၂၀)ဝန်းကျင် လူငယ်အများအပြား၏အုတ်ဂူများကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့ ကြောင့် တန်ဖိုးမဲ့သည့် လူငယ်များ၏ အသက်ဟု ထို PDF က ဆိုခြင်း ဖြစ်မည်ထင်ပါသည်။ ၂၀၂၄ တွင် အသက် (၁၈)နှစ်နှင့် သေဆုံးခဲ့ခြင်းဆိုသည်မှာ ၂၀၂၁ ခုနှစ်နှင့် တွက်ကြည့်ပါက အသက် (၁၅)နှစ် အရွယ်သာ ရှိမည်ဖြစ်ပြီး လူပျိုပေါက်အရွယ်ပင် ကောင်းကောင်းမရောက်သေးသူများ ဖြစ်ကြပြီး လူငယ်များကို မည်သူများက တောတွင်းသို့ပို့၍ အသုံးချခဲ့ကြသည်ကို နှိုင်းယှဉ်ချိန်ဆကြည့်လျှင်သိ နိုင်ပါသည်ဟု ဆိုနိုင်ပါသည်။ ငါးနှစ်ကျော်ကြာမှ အသုံးချခံဘဝသို့ ရောက်ရှိကြောင်း PDF လက်နက်ကိုင် လူငယ်အများအပြား သေဆုံးမှ သိခဲ့ရသည်ဟုဆိုလျှင်လည်း ထိုအသိသည် ကျန်ရှိသည့် လူငယ်များအတွက် အဖိုးမဖြတ်နိုင်သည့် အသိပင်ဖြစ်သင့်ပြီး ဝါဒမှိုင်းတိုက်နေသူများနှင့် တော်လှန်ရေးထောက်ပို့ အမည်ခံပြီး ချမ်းသာသွားသူများ၊ ပြည်ပထွက်ပြေးသွားသည့် နိုင်ငံရေး သမားဆိုသူများကို တောထဲတွင် PDF များကိုယ် တိုင်ပြန်၍ ဆန့်ကျင်ရမည့်အချိန် ရောက်ပြီဟုသာ ဆိုချင်ပါသည်။ သူတို့ဘဝနှင့် တောထဲတွင် လက်နက်ကိုင်နေသည့် လူငယ်များ၏ဘ၀ တော်လှန်ရေးသမားချင်း အတူတူ မည်မျှ ကွာခြားသွားသည်ကို အချိန်ကြာလာသည်နှင့်အမျှ မိုးနှင့်မြေကဲ့သို့ ကွာခြားလာခဲ့ပြီး 'ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး'ဟုသာ ပြောချင်ပါသည်။

PDF များ၏ ခါးမှန်းသိသွားသည့် တော်လှန်ရေး
    တော်လှန်ရေး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေးထဲက ခါးသီးမှုများနှင့် အသုံးချခံဖြစ်မှုများကို PDF အချို့တို့က သဘောပေါက်လာကြသည်။ လက်ရှိ လက်နက်ကိုင်နေသည့် တောတွင်းက PDF တို့က သူတို့၏ဘဝကို နောင်တရနေချိန်၊ အလင်းဝင်လာသူများလည်း များပြားလာချိန်တွင်  အထက်တွင်ဆိုခဲ့သည့် စိန်သီးတို့ကဲ့သို့ တော်လှန်ရေးကို အမှီပြုလုပ်စားနေသူတို့ က တော်လှန်ရေး မီးငြိမ်းသွားမည်ကို အလွန်ကြောက်ရွံ့နေလေသည်။ စိန်သီးက " NUG ကလည်း နွေး နွေးထွေးထွေး ကြိုဆိုနေပါတယ်"ဟုသာ လျှာရိုးမရှိ လျှောက်ပြောနေသော်လည်း တော်လှန်ရေးသမားတို့က သူတို့တွင် ငတ်နေပြတ်နေပြီ ဖြစ်ကြောင်း အော်ဟစ်နေကြလေသည်။ တော်လှန်ရေးတွင် လူမရှိ တော့ကြောင်းကိုလည်း တောတွင်းက PDF တွေက ဖွင့်ဟလာနေသည်။
    ထိုအကြောင်းအရာများနှင့် ပတ်သက်၍ "တော်လှန်ရေးရဲ့ ခါးသီးလှတဲ့ အမှန်တရားတစ်ခု"ဆိုသည့် ခေါင်းစဉ်ဖြင့် အညာသား PDF တစ်ဦးက ဖွင့်ဟထားလေသည်။ "ဟိုအရင်တုန်းကတော့ လူတွေအများ ကြီးရှိခဲ့ပေမယ့် ကိုင်စရာသေနတ် မရှိခဲ့ဘူး။ အခုချိန်မှာတော့ ကျည်ဆန်နဲ့ သေနတ်တွေ အဆင်သင့်ရှိနေပေမယ့် ကိုင်စွဲမယ့် ရဲဘော်တွေထက် သေနတ်တွေက ပိုများနေတယ်။ ဒါဟာလည်း တော်လှန် ရေးရဲ့ ခါးသီးလှတဲ့ အမှန်တရားတစ်ခု"ဟု တော်လှန်ရေးခေတ်ဦးနှင့် တော်လှန်ရေး နှောင်းပိုင်း အချိန်ကြာလာသည်နှင့် တကယ့်ခြားနားချက်ကို ဖွင့်ဟထားလေသည်။ "တချို့က စစ်မြေပြင်မှာပဲ ဘဝတစ်ပါး ကို ကူးသွားကြပြီ၊ တချို့က မိသားစုစားဝတ်နေရေးနဲ့ နာကျင်ဖွယ်ရာ အခြေအနေတွေကြောင့် ကျန်ရစ်ခဲ့ ကြတယ်"ဟု ဆိုထားလေသည်။သူဆိုလိုသည့် "နာကျင်ဖွယ်ရာ အခြေအနေတွေကြောင့် ကျန်ရစ်ခဲ့ကြ တယ်"ဆိုသည့်အဓိပ္ပာယ်က တော်လှန်ရေးခရီးလမ်းကို အဆုံးထိ မလျှောက်လှမ်းသူများနှင့် ကိုယ်လက် အင်္ဂါထိခိုက်သွားသူများကို ဆိုလိုရင်း ဖြစ်သည်။ "တချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ခရီးလမ်း တစ်ဝက်မှာ လမ်းခွဲ ထွက်သွားကြရတယ်၊ သူတို့တစ်ယောက်ချင်းစီမှာ ပုဂ္ဂလိက ခါးသီးမှုနဲ့အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ"ဟု ရှင်းပြထားလေသည်။
    ထိုကဲ့သို့ အခြေအနေများသည်က တောတွင်း လက်နက်ကိုင်နေသည့် PDF များကိုယ်တိုင် ခံစားနေရသည့် ခံစားချက်ဖြစ်နေပြီး ပြည်ပြေးများနှင့် ထောက်ပို့ဆိုသူများက ထိုအခြေအနေကို မျက်ကွယ်ပြုကာ တော်လှန်ရေး အားမလျှော့စေရန် အလိမ်အညာစကားများဖြင့်  လှည့်ဖြားနေကြခြင်းပင် ဖြစ်သည်။ PDF များက ခါးသီးလှသည့် အမှန်တရားအဖြစ် ဖွင့်ဟလာချိန်တွင် ထို့ထက်ပို၍ ခါးသီးလှသည့် အမှန် တရားတစ်ခုကို ပြည်သူတစ်ဦးက ပြန်၍ ဖွင့်ဟထားလေသည်။ "ဒီနိုင်ငံရဲ့ ပြည်သူလူထုကတော့ တော်လှန်ရေးဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ်ထင်ရာစိုင်း လုပ်ရပ်တွေ၊ သေနတ်သံတွေ မမြင်ချင်၊ မကြားချင်တော့ဘူး။ ယမ်းငွေ့တွေအစား လတ်ဆတ်တဲ့လေကိုပဲ ရှူရှိုက်ချင်တော့တယ်။ စစ်ဘေးရှောင်စခန်းတွေအစား၊ ကိုယ့်အိုးကိုယ့်အိမ်လေးမှာပဲ ထိတ်လန့်မှု ကင်းကင်းနဲ့ နေချင်တော့တယ်။ ကျက်သရေမရှိတဲ့ ရွာထိပ်က အုတ်ဂူနီနီတွေလည်း မမြင်ချင်တော့ဘူး၊ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ဒလန်စွပ်စွဲချက်တွေနဲ့ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အကျည်းတန်လှတဲ့ ဖြစ်ရပ်တွေကိုလည်း ရွံရှာစက်ဆုပ်နေကြပါပြီ"ဟု ခါးသီးသည့် အမှန်တရားနှစ်ခုကို ကိုယ်စီခံစားချက်မျှနှင့် ပြန်လည်မှတ်ချက်ပြုထား လေသည်။ ထိုကဲ့သို့ ခါးသီးလှသည့် အမှန်တရားများကို  ပြည်ပထွက်ပြေးပြီး တော်လှန်ရေးခေါင်းစဉ်ဖြင့် အကျိုးအမြတ်ရှာနေသူတို့က မည်ကဲ့သို့ ခံစားနားလည်နိုင်ကြပါမည်နည်း။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69038

© 2022 - 2026 News. All Rights Reserved.