ဇာတိမြေကို လွမ်းဆွတ်ခြင်းနှင့် စစ်ပွဲများကြားက ပျောက်ဆုံးသွားသော အိမ်အပြန်လမ်း

    လူတစ်ယောက်အတွက် ဇာတိမြေဆိုသည်မှာ မွေးဖွားကြီးပြင်းခဲ့ရာ နေရာတစ်ခုမျှသာ မဟုတ်ပေ။ မိမိ ၏ငယ်ဘဝ၊ မိသားစုအမှတ်တရများ၊ သူငယ်ချင်းမိတ်ဆွေများ၊ ပျော်ရွှင်မှုများနှင့် ဘဝ၏ အစိတ်အပိုင်းများစွာ အမြစ်တွယ်နေသည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာသည် မည်မျှပင် ဝေးကွာနေပါစေ၊ မည်သည့်နိုင်ငံသို့ပင် ရောက်ရှိနေပါစေ၊ လူတစ်ယောက်၏ စိတ်ထဲတွင် အမြဲတမ်း နေရာယူထားတတ်သည်။
    တစ်ခါတစ်ရံ ဇာတိမြေကို လွမ်းဆွတ်ခြင်းသည် မိမိမွေးဖွားခဲ့သည့် မြို့ကလေးကို ပြန်မြင်ချင်ရုံမျှသာမဟုတ်ပေ။ ငယ်စဉ်က မိဘများနှင့်အတူ နေထိုင်ခဲ့သော အိမ်ကလေးကို ပြန်မြင်ချင်ခြင်း၊ နေ့စဉ်ဖြတ်သန်းခဲ့ဖူးသည့် လမ်းကလေးများပေါ် ပြန်လည်လျှောက်လှမ်းချင်ခြင်း၊ ငယ်သူ ငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ချင်ခြင်း၊ မိမိ၏ ဘဝတစ်စိတ်တစ်ပိုင်းကို ပြန်လည်ထိတွေ့ ချင်ခြင်းတို့လည်း ပါဝင်နေသည်။
    သို့သော် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေတွင် ထိုကဲ့သို့သော ရိုးရှင်းသည့် ဆန္ဒလေးတစ်ခုကိုပင် အကောင်အထည်ဖော်ခွင့် မရသေးသည့် လူ ငယ်များ၊ မိသားစုများ အများအပြား ရှိနေသည်။
    စစ်ပွဲများကြောင့် မိမိတို့၏ ဇာတိမြို့ရွာများကို စွန့်ခွာခဲ့ရသူများအတွက် အိမ်ပြန်ခြင်းသည် လွယ်ကူသည့်ကိစ္စတစ်ခု မဟုတ်တော့ပေ။ မိမိတို့မွေးဖွားရာမြေကို ပြန်ချင်သော်လည်း လုံခြုံရေးအခြေအနေများ၊ တိုက်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် ပြန်မသွားနိုင်ကြသေးပေ။ တစ်ချိန်က နေ့စဉ်မြင်တွေ့ခဲ့ရ သည့် မြို့လမ်းများ၊ ဈေးဆိုင်များ၊ ဘုရားစေတီများနှင့် အိမ်နီးချင်းများသည် ယခုအခါ အဝေးတစ်နေရာမှ သတင်းနှင့်ရုပ်သံများအဖြစ်သာ ပြန်လည် မြင်တွေ့နေရသည်။

ဖုန်းမျက်နှာပြင်ထဲက ကိုယ့်မြို့ကလေး
    မကြာသေးမီက မုံရွာသားမိတ်ဆွေတစ်ဦးနှင့် စကားပြောဖြစ်ခဲ့သည်။ သူသည် မိမိ၏ဇာတိမြို့ကို အလွန်လွမ်းဆွတ်နေသူတစ်ဦး ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေများကြောင့် မုံရွာမြို့သို့ အေးအေးချမ်းချမ်း ပြန်လည်သွားရောက်နိုင်ခြင်း မရှိသေးပေ။
    သူ့အတွက် နေ့စဉ်ဘဝ၏ အလွမ်းဖြေစရာ တစ်ခုမှာ TikTok ပေါ်တွင် မုံရွာမြို့အကြောင်း ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဗီဒီယိုလေးများကို ကြည့်ရှုခြင်းဖြစ်သည်။
    တစ်ခါတစ်ရံ မြို့ထဲက လမ်းတစ်လမ်းကို ရိုက်ပြထားသည့် ဗီဒီယိုလေးတစ်ခုတွေ့လျှင် အချိန်အတော်ကြာ ကြည့်နေတတ်သည်။ တစ်ခါတစ်ရံ မိမိငယ်စဉ်က ဖြတ်သန်းခဲ့ဖူးသည့် နေရာတစ်ခုကို မြင်လိုက်ရလျှင် အမှတ်တရဟောင်းများ ပြန်လည်ပေါ်ထွက်လာတတ်သည်။ တစ်ချိန်က သူငယ်ချင်းများနှင့် သွားလာခဲ့သည့် လမ်းများ၊ မိသားစုနှင့်အတူ ဈေးဝယ်ခဲ့သည့် နေရာများ၊ မိမိ၏ ဘဝအမှတ်တရများစွာရှိခဲ့သည့် မြို့ကလေးကို ဖုန်းမျက်နှာပြင်ထဲမှတစ်ဆင့် ပြန်လည်ကြည့်ရှုနေရခြင်း ဖြစ်သည်။
    သူ့အတွက် ထိုဗီဒီယိုလေးများသည် သာမန်ရုပ်သံဖိုင်များ မဟုတ်တော့ပေ။ မိမိ၏ ဇာတိမြေနှင့် ဆက်သွယ်ပေးထားသည့် သံယောဇဉ်ကြိုး မျှင်လေးများဖြစ်နေသည်။
    Facebook ပေါ်တွင်လည်း မိမိတို့မြို့၊ မိမိတို့ ရွာအကြောင်း ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံများကို တွေ့မြင်ရတတ်သည်။ သို့သော် ထိုရုပ်သံများထဲတွင် မြင်တွေ့ရသည့် အခြေအနေများက တစ်ခါတစ်ရံ ဝမ်းသာစရာထက် ဝမ်းနည်းစရာများကို ပိုမိုဖြစ်ပေါ်စေသည်။
    တစ်ချိန်က လူစည်ကားခဲ့သည့် လမ်းမများတွင် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည်။ လူနေအိမ်များရှိခဲ့သည့် နေရာများတွင် အိမ်ပျက်အဆောက်အအုံများနှင့် တောရိုင်းပင်များသာ ကျန်ရှိနေသည်။ တစ်ချိန်က ကလေးများ၏ ရယ်သံများ၊ လူကြီးများ၏ စကားသံများဖြင့် စည်ကားခဲ့သည့် ရပ်ကွက်များ သည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
    ပို၍ဝမ်းနည်းစရာကောင်းသည်မှာ မိမိတို့ငယ်စဉ်က နေထိုင်ခဲ့သည့် အိမ်နေရာကိုပင် ပြန်လည်ကြည့်ရှုသည့်အခါ မှတ်မိရန် ခက်ခဲလာခြင်းဖြစ်သည်။ အိမ်ရှိ ခဲ့သည့်နေရာကို ချုံနွယ်များက ဖုံးလွှမ်းထားပြီး အိမ်ဟောင်း၏ အရိပ်အယောင်ကိုပင် ရှာဖွေရန် ခက်ခဲလာသည်။
    လူတစ်ယောက်အတွက် မိမိနေထိုင်ခဲ့သည့်အိမ်ကို မမှတ်မိတော့ခြင်းသည် အဆောက်အအုံတစ်ခု ပျောက်ဆုံးသွားခြင်းထက် ပိုမိုနက်ရှိုင်းသည့် ဆုံးရှုံးမှု တစ်ခုဖြစ်သည်။ ထိုအိမ်တွင် မိဘများနှင့်အတူ ဖြတ်သန်းခဲ့သည့်နေ့ရက်များ၊ ညီအစ်ကိုမောင်နှမများ၏ ရယ်သံများ၊ ငယ်စဉ်က အိပ်မက်များနှင့် ဘဝ၏ အစိတ်အပိုင်းများစွာ ရှိနေခဲ့သောကြောင့် ဖြစ်သည်။

မြို့တွေ ပျက်၊ ရွာတွေ ပျက်ခဲ့ရသည့် နောက်ကွယ်က လူ့ဘဝများ
    စစ်ပွဲတစ်ပွဲ၏ အကျိုးဆက်ကို တိုက်ပွဲဖြစ်ပွားသည့် နေရာတစ်ခုတည်းဖြင့် တိုင်းတာ၍မရပေ။ တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်ပေမည်။ သို့သော် ထိုပျက်စီးမှုများကြားတွင် ပြိုကွဲသွားရသည့် လူ့ဘဝများ၊ ပြတ်တောက်သွားရသည့် မိသားစု ဆက်ဆံရေးများနှင့် ပျောက်ဆုံးသွားသည့် ငယ်ဘ၀ အမှတ်တရများကို ပြန်လည်တည်ဆောက်ရန်မှာ မလွယ်ကူလှပေ။
    တစ်ချိန်က စည်ကားခဲ့သည့် မြို့များသည် လူသူကင်းမဲ့သွားကြသည်။ ရွာများသည် အိမ်ခြေမဲ့သွားကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြသည်။ မိသားစုများသည် မိမိတို့၏ နေရပ်ဒေသကို စွန့်ခွာကာ အခြားဒေသများတွင် အခြေချနေထိုင်ကြရသည်။
    အချို့မှာ ဆွေမျိုးသားချင်းများထံ ခိုလှုံကြရသည်။ အချို့မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် အေးချမ်းသော မြို့ကြီးများသို့ ပြောင်းရွှေ့ကြရသည်။ အချို့မှာ နိုင်ငံရပ်ခြားအထိ ရောက်ရှိသွားကြသည်။ မည်သည့်နေရာတွင်ပင် ရောက်ရှိနေပါစေ မိမိတို့၏ ဇာတိမြေကို မေ့ပျောက်သွားကြခြင်း မဟုတ်ပေ။
    အိမ်အသစ်တစ်လုံး ဆောက်လုပ်နိုင်သော်လည်း ငယ်စဉ်က နေထိုင်ခဲ့သည့် အိမ်ကလေးကို အစားထိုး၍မရပေ။ မြို့အသစ်တစ်မြို့တွင် အခြေချနေထိုင်နိုင်သော်လည်း မိမိ၏ဇာတိမြို့ကလေးအပေါ် ထားရှိသည့် သံယောဇဉ်ကို အခြားမြို့တစ်မြို့ဖြင့် အစားထိုး၍မရပေ။
    ထို့ကြောင့် နေရပ်စွန့်ခွာနေရသူများ၏ ခံစားချက်ကို အပြင်ပန်းမြင်တွေ့ရသည့် အခြေအနေများဖြင့်သာ ဆုံးဖြတ်၍ မရနိုင်ပေ။ သူတို့သည် အလုပ်အကိုင် အသစ်များ ရရှိကောင်းရရှိနိုင်သည်။ နေထိုင် စရာအိမ်အသစ်များ ရရှိကောင်းရရှိနိုင်သည်။ သို့သော် မိမိတို့၏ အတိတ်ဘဝနှင့် အမှတ်တရများကို ထားခဲ့ရသည့် နာကျင်မှုကတော့ ရင်ထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။

ဇာတိမြေလွမ်းဆွတ်ခြင်းသည် လူ့ဘဝ၏ အရေးပါသော ခံစားချက်တစ်ခု
    လူတစ်ယောက်သည် မိမိ၏ဇာတိမြေကို အဘယ်ကြောင့် ဤမျှလောက် လွမ်းဆွတ်တတ်သနည်း။ အကြောင်းရင်းမှာ ဇာတိမြေသည် လူတစ်ယောက်၏ ကိုယ်ပိုင်အမှတ်သညာနှင့် ဘဝသမိုင်းကို ဖော်ဆောင်ပေးသည့် နေရာဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူတစ်ယောက်၏ အတွေး အခေါ်၊ အကျင့်စရိုက်၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူမှုဆက်ဆံရေးများသည် သူကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် အပြန်အလှန် ဆက်နွှယ်နေသည်။
    ငယ်စဉ်က မိုးရွာသည့်နေ့တွင် ရွှံ့လမ်းလေးပေါ် ပြေးလွှားခဲ့ဖူးသည့် အမှတ်တရ၊ ကျောင်းသွား ကျောင်းပြန်ဖြတ်သန်းခဲ့သည့် လမ်းကလေး၊ ညနေခင်းတွင် သူငယ်ချင်းများနှင့် ဆော့ကစားခဲ့သည့် ကွင်းပြင်၊ မိဘများနှင့်အတူ ထိုင်ခဲ့ဖူးသည့် အိမ်ရှေ့ဝရန်တာကလေးတို့သည် အခြားသူများအတွက် သာမန်နေရာများ ဖြစ်နိုင်သော်လည်း မိမိအတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့် အမှတ်တရများ ဖြစ်နေတတ်သည်။
    စိတ်ပညာရှုထောင့်မှ ကြည့်လျှင်လည်း လူတစ်ယောက်သည် မိမိနှင့် ရင်းနှီးကျွမ်းဝင်သည့် ပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနှင့် အမှတ်တရများအပေါ် သံယောဇဉ်ရှိတတ်သည်။ ထိုအရာများက မိမိဘဝ၏ လုံခြုံမှုနှင့် ပိုင်ဆိုင်မှုခံစားချက်ကို ဖြစ်ပေါ်စေသည်။
    ထို့ကြောင့် ဇာတိမြေကို လွမ်းဆွတ်ခြင်းသည် အတိတ်ကိုသာ တမ်းတနေခြင်း မဟုတ်ပေ။ မိမိ ဘယ်နေရာမှ စတင်လာခဲ့သည်ဆိုသည့် ခံစားချက်ကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။
    အထူးသဖြင့် စစ်ပွဲများကြောင့် မိမိဆန္ဒမပါဘဲ နေရပ်စွန့်ခွာခဲ့ရသူများအတွက် ဇာတိမြေသည် ပို၍တန်ဖိုးရှိလာတတ်သည်။ ယခင်က နေ့စဉ်မြင်တွေ့နေရသည့် နေရာများကို ယခုအခါ ရုပ်သံဖိုင်တစ်ခုမှ တစ်ဆင့်သာ မြင်တွေ့ခွင့်ရခြင်းက ထိုသံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ အိမ်ပြန်နိုင်ခွင့်လည်း ဖြစ်သည်။ ယနေ့ မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးသည် နိုင်ငံရေးဆွေးနွေးပွဲများ၊ သဘောတူညီချက်များနှင့် ကြေညာချက်များထဲတွင်သာ ရှိနေသင့်သည့်အရာ မဟုတ်ပေ။ ပြည်သူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝထဲတွင် လက်တွေ့ခံစားနိုင်ရမည့် အခြေအနေ တစ်ခုဖြစ သည်။
    မိမိတို့၏ မိသားစုများနှင့်အတူ အေးချမ်းစွာ နေထိုင်နိုင်ခြင်း၊ ကလေးများ ပညာသင်ကြားနိုင်ခြင်း၊ လယ်သမားများ လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်း၊ ကုန်သည်များ စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်းနှင့် လူငယ်များ မိမိတို့၏ အနာဂတ်ကို လွတ်လပ်စွာ တည်ဆောက်နိုင်ခြင်း တို့သည် ငြိမ်းချမ်းရေး၏ အဓိကရလဒ်များ ဖြစ်သင့်သည်။
    ထို့အပြင် မိမိတို့၏ ဇာတိမြို့ရွာများသို့ လုံခြုံစိတ်ချစွာ ပြန်လည်သွားရောက်နိုင်ခြင်းသည်လည်း ငြိမ်းချမ်းရေး၏ အရေးပါသော အဓိပ္ပာယ်တစ်ခုဖြစ်သည်။အိမ်ပြန်ချင်နေသူတစ်ဦးအတွက် ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံရေးစကားလုံးတစ်ခုမျှသာ မဟုတ်ပေ။ မိမိ၏အိမ်တံခါးကို ပြန်ဖွင့်နိုင်ခြင်း၊ မိမိ၏အိမ်ရှေ့ တွင် ပြန်ထိုင်နိုင်ခြင်း၊ အိမ်နီးချင်းများနှင့် ပြန်လည်နှုတ်ဆက်နိုင်ခြင်း၊ မိမိ၏ မြို့ကလေးတွင် စိုးရိမ်ပူပန် မှုမရှိဘဲ လမ်းလျှောက်နိုင်ခြင်းတို့ပင် ဖြစ်သည်။ ထိုအရာများသည် လူတစ်ယောက်အတွက် မည်မျှတန်ဖိုးရှိသည်ကို နေရပ်စွန့်ခွာ ခဲ့ရသူများသာ အပြည့်အ၀ နားလည်နိုင်ကြပေမည်။


လူငယ်များ၏ အနာဂတ်ကို ဇာတိမြေနှင့်အတူ ပြန်လည်တည်ဆောက်နိုင်ပါစေ
    အထူးသဖြင့် လူငယ်များအတွက် ဇာတိမြေနှင့် ကင်းကွာနေရခြင်းသည် ဘဝအခွင့်အလမ်းများ ဆုံးရှုံးရခြင်းနှင့်လည်း ဆက်စပ်နေသည်။ မိမိတို့၏ ဒေသတွင် ပညာသင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ ဖန်တီးခွင့်များ ဆုံးရှုံးသွားနိုင်သည်။
    လူငယ်တစ်ဦးသည် မိမိ၏ဘဝကို မိမိကြီးပြင်းခဲ့သည့် မြို့ကလေးတွင် တည်ဆောက်ချင်ပေမည်။ မိဘများအနီးတွင် နေထိုင်ချင်ပေမည်။ မိမိ၏မြို့ကလေး တိုးတက်ဖွံ့ဖြိုးလာစေရန် ပါဝင် ဆောင်ရွက်ချင်ပေမည်။ သို့သော် မတည်ငြိမ်မှုများကြောင့် ထိုအိပ်မက်များကို ခေတ္တရပ်ဆိုင်းထားကြရသည်။
    ထို့ကြောင့် နေရပ်စွန့်ခွာနေရသည့် လူငယ်များအတွက် အိမ်ပြန်နိုင်ရေးသည် နေရာတစ်ခုသို့ ပြန်သွားနိုင်ရေးမျှသာ မဟုတ်ပေ။ မိမိတို့၏ ရပ်တန့်နေခဲ့ရသည့် ဘဝခရီးကို ပြန်လည်စတင်နိုင်ရေးလည်း ဖြစ်သည်။
    အိမ်ပြန်နိုင်သည့်နေ့တွင် မိမိတို့၏ မြို့ကလေးကို ပြန်လည်တည်ဆောက်ချင်ကြမည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လမ်းများ ပြန်လည် ကောင်း မွန်လာရေး၊ ဈေးများ ပြန်လည်စည်ကားလာရေးနှင့် လူမှုဘဝများ ပြန်လည် အသက်ဝင်လာရေးအတွက် ပါ ဝင်ကြမည်ဖြစ်သည်။
    မြို့တစ်မြို့၏ တန်ဖိုးသည် အဆောက်အအုံ အမြင့်များ၊ လမ်းမကြီးများနှင့် စီးပွားရေးလုပ်ငန်းများဖြင့်သာ တိုင်းတာ၍မရပေ။ ထိုမြို့တွင် နေထိုင်ကြသည့် လူများ၊ အပြန်အလှန် ထားရှိကြသည့် သံယောဇဉ်များနှင့် အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်သည့် လူမှုဘဝတို့ကသာ မြို့တစ်မြို့၏ အမှန်တကယ် တန်ဖိုးကို ဖော်ဆောင်ပေး နိုင်ပါသည်။

အိမ်ပြန်လမ်းကလေး ပြန်ပွင့်လာပါစေ
    ယနေ့ လူမှုကွန်ရက်များပေါ်တွင် မိမိတို့၏ ဇာတိမြို့ရွာများအကြောင်း ရုပ်သံဗီဒီယိုလေးများကို ကြည့်ရှုနေကြသူများအနက် မိမိတို့၏ အိမ်ကို လွမ်းဆွတ်သတိရ၍ ကြည့်ရှုနေကြသူများလည်း အများအပြား ရှိနေမည်ဖြစ်သည်။ သူတို့အတွက် ထိုဗီဒီယိုလေးများသည် အတိတ်ကို ပြန်လည်ကြည့်ရှုခြင်း သာမက မိမိတို့၏ဇာတိမြေနှင့် မပြတ်တောက်သေးသည့် သံယောဇဉ်ကို ပြန်လည်ထိတွေ့နေခြင်းလည်း ဖြစ်သည်။
    ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းသွားသည့် အိမ်ဟောင်းနေရာများ၊ လူသူကင်းမဲ့သွားသည့် လမ်းမ များနှင့် ပျက်စီးသွားသည့် မြို့ရွာများကို မြင်တွေ့ရတိုင်း သူတို့၏ ရင်ထဲတွင် မည်မျှနာကျင်ရမည်ကို စဉ်းစားကြည့်သင့်သည်။ တစ်ချိန်က မိမိတို့၏ဘ၀ ဖြစ်ခဲ့သည့် နေရာများကို ယခုအခါ အဝေးတစ်နေရာမှသာ ကြည့်ရှုနေရခြင်းသည် လွယ်ကူသည့်ခံစားချက် မဟုတ်ပေ။
    ပြည်သူများသည် စစ်ပွဲများ၏ အကျိုးဆက်ကို ဆက်လက်ခံစားနေရခြင်းထက် အေးချမ်းသည့် ဘဝကို ပြန်လည်ရရှိလိုကြသည်။ မိသားစုများနှင့်အတူ နေထိုင်လိုကြသည်။ မိမိတို့၏ အလုပ်အကိုင်များကို ပြန်လည်လုပ်ကိုင်လိုကြသည်။ မိမိတို့၏ မြို့၊ မိမိတို့၏ရွာ၊ မိမိတို့၏ အိမ်ကလေးများဆီသို့ ပြန်လည်ရောက်ရှိလိုကြသည်။
    တကယ်တော့ ပြည်သူတစ်ဦး၏ ဆန္ဒသည် အလွန်ရိုးရှင်းပါသည်။ မိမိတို့ ချစ်ခင်ရသူများနှင့်အတူ အေးချမ်းစွာ နေထိုင်ခွင့်ရရန်၊ မိမိတို့၏ အိမ်တံခါးကို စိတ်ချလက်ချ ဖွင့်ခွင့်ရရန်နှင့် မိမိတို့၏ ဇာတိမြေတွင် ဘဝကို ပြန်လည်တည်ဆောက်ခွင့်ရရန်သာ ဖြစ်သည်။
    မုံရွာသား မိတ်ဆွေတစ်ဦးကဲ့သို့ TikTok နှင့် Facebook ပေါ်မှ မြို့အကြောင်း ဗီဒီယိုလေးများကို ကြည့်ပြီး အလွမ်းဖြေနေရသူများအားလုံး တစ်နေ့နေ့တွင် ဖုန်းမျက်နှာပြင်ထဲမှ မိမိတို့၏မြို့ကို ကြည့်နေရ ခြင်းအစား ကိုယ်တိုင်ခြေချပြီး ကြည့်ရှုနိုင်ကြပါစေ။ တစ်ချိန်က မိမိတို့၏ အိမ်ဖြစ်ခဲ့သည့် နေရာလေးများတွင် ပြန်လည်ရပ်တည်နိုင်ကြပါစေ။ ချုံနွယ်များကြား ပျောက်ဆုံးနေသည့် အိမ်ဟောင်းများနေရာတွင် လူနေအိမ်များ ပြန်လည်ပေါ်ထွန်းလာပါစေ။ တိတ်ဆိတ်နေသည့် မြို့လမ်းများတွင် ကလေးများ၏ ရယ်သံများ၊ ပြန်လည်ကြားရပါစေ။ စစ်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိကာ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်အိမ်ကလေးများဆီသို့ ပြည်သူအားလုံး အေးချမ်းစွာ ပြန်နိုင်ကြပါစေ။
နန္ဒမျိုးဆောင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69039

© 2022 - 2026 News. All Rights Reserved.