မြို့ပြအဆင့်ထိ ရောက်လာသော အွန်လိုင်းလိမ်လည်မှု ကျိုးပေါက်လာသော လုံခြုံရေးစည်းနှင့် အုပ်ချုပ် ရေးယန္တရားအတွက် အဂတိစိန်ခေါ်မှု

    လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်ပြဿနာ)က အွန်လိုင်းငွေ ကြေးလိမ်လည်မှုတစ်ခုတည်းဆိုတဲ့ အဆင့်တစ်ခုထက် ကျော်လွန်လာတဲ့ အခြေအနေမျိုး တွေ့နေရတယ်။ အရင်က ဒီလုပ်ငန်းတွေ လုပ်ကြတဲ့ နိုင်ငံခြားသား ရာဇဝတ် ကွန်ရက်တွေက မြန်မာနိုင်ငံနယ် စပ်ဒေသတွေမှာ အခြေစိုက်ကြတယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ မြို့ပြအဆင့်အထိ အခြေချလာနိုင်တာ၊ အိမ်ခြံမြေငှားရမ်း၊ ဝယ်ယူမှု၊ ငွေကြေးလွှဲပြောင်းမှုစနစ် အပါအဝင် အုပ်ချုပ်ရေး ယန္တရားရဲ့ အားနည်းချက်တွေအထိပါ ထွင်းဖောက်လာ နိုင်တာက နိုင်ငံတော်ရဲ့ ပြည်တွင်းလုံခြုံရေးစနစ်ကို တိုက်ရိုက် စိန်ခေါ်လာတဲ့ အဆင့်တစ်ခုအထိ ရှိနေခဲ့ပြီလို့ ပြောလို့ရတယ်။ 

ကျားဖျန့်နောက်ကွယ်က စီးပွားရေးနဲ့ အုပ်ချုပ်ရေးကွန်ရက်
    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့ သာကေတမြို့နယ်ထဲက Golden River Residence  ဖြစ်စဉ်ကိုကြည့်ရင် တရုတ်နိုင်ငံသား ၅၂ ဦး၊ ဗီယက်နမ် နိုင်ငံသားရှစ်ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး၊ စုစုပေါင်း ၁၀၆ ဦးအထိ ဖမ်းဆီးရမိခဲ့တယ်။ ရာဇဝတ်ကွန်ရက်တစ်ခုက ကွန်ဒိုအခန်းကိုဝယ်ယူပြီး ကွန်ပျူတာ ၁၂၁ လုံး၊ လက်ပ်တော့ ငါးလုံး၊ ဆာဗာတစ်လုံး၊ မိုဘိုင်းဖုန်း ၁၉၀၊  ဝိုင်ဖိုင်စက်ခုနစ်လုံး စသဖြင့် အစုလိုက် အပြုံလိုက် အသုံးပြုနိုင်တဲ့အထိ ကြီးမားကျယ်ပြန့်နေတာက အတော်လေး စိုးရိမ်စရာကောင်းတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက အလိုရှိတဲ့ ရာဇဝတ်သားတစ်ယောက်က ရန်ကုန်လို စီးပွားရေးမြို့တော်၊ တစ်နည်းအားဖြင့် ဥပဒေအားဖြင့် ခိုင်ခိုင်မာမာ အားကောင်းတယ်လို့ ယူဆရတဲ့ မြို့ကြီးပြကြီးက ကွန်ဒိုမှာ အကြောက်အလန့်မရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းကို ဦးစားပေး လုပ်ကိုင်ခွင့်ရနေတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
    ဒီလုပ်ငန်းတွေ လုပ်ကြတဲ့နေရာမှာ အဖွဲ့တွေခွဲတယ်။ Kaqpo နဲ့ Telegram တွေ သုံးပြီး ပြည်ပနိုင်ငံသားတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အယောင်ဆောင် လိမ်လည်ခဲ့ကြတယ်။ ကုန်ကုန်ပြောရရင် အာရှဒေသတွင်းအဆင့်ထက် ကျော်လွန်ပြီး ဘရားဇီးနဲ့ ကိုလံဘီယာနိုင်ငံအထိပါ ဈေးဝယ်ဝက်ဘ်ဆိုက်အတုတွေ ဖန်တီးပြီး လိမ်လည်ခဲ့ကြတာကိုကြည့်ရင် ဒီလုပ်ငန်း ရဲ့ ကြီးမားကျယ်ပြန့်မှုကို သတိထားမိနိုင်လောက်ပြီ ထင်တာပဲ။ ဒီနေရာမှာ ခြွင်းချက်တစ်ခုက မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ကွန်ရက်တစ်ခုက နိုင်ငံခြားသားတွေ အများအပြား စုဆောင်းပြီး ပြည်ပ နိုင်ငံသားတွေကိုပဲ ပြန်ပြီး ပစ်မှတ်ထားလိမ်လည်ကြတာ တွေ့ရတယ်။ မြန်မာနိုင်ငံကို လုပ်ငန်းတည်နေ ရာအဖြစ်နဲ့ အသုံးချကြပေမယ့် ဈေးကွက်နဲ့ အမြတ်အစွန်းကဏ္ဍကတော့ နိုင်ငံတကာနယ်ပယ်အဆင့်အထိ ကျယ်ပြန့်နေတာ တွေ့နိုင်တယ်။ မြန်မာနိုင်ငံအတွက် အိမ်ရာနဲ့ကွန်ဒို ငှားရမ်းမှု၊ အခြားဝန်ဆောင်မှုအပါအဝင် ဒေသတွင်း အဂတိကနေရနိုင်တဲ့ အခွန်လောက်ပဲ ရနိုင်ချိန်မှာ နိုင်ငံတကာမှာတော့ မြန်မာ နိုင်ငံရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာနဲ့ ဘဏ္ဍာရေးစနစ် လည်ပတ်မှုအပေါ် ထိခိုက်မှုတွေက ပိုပြီး ကြီးမားစေခဲ့တယ်လို့ ဆိုရမယ်
။
နယ်စပ်မှသည် မြို့ပြဆီသို့

    အွန်လိုင်းလိမ်လည်မှုလို့ ပြောကြတဲ့အခါအရင်က ဥပဒေစိုးမိုးမှုအားနည်းတဲ့ ရှမ်းမြောက်ဒေသ၊ ရှမ်းအရှေ့၊ မြဝတီ၊ ကရင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာ ခပ်များများ တွေ့ခဲ့ရပေမယ့် ရန်ကုန်လိုမျိုး ဥပဒေစိုးမိုးမှု အားကောင်းပါတယ်ဆိုတဲ့ မြို့ပြနေရာရဲ့ အဆင့်မြင့် ကွန်ဒိုအဆောက်အအုံအထိ ဒီလုပ်ငန်းတွေ အခြေချလာနိုင်ခွင့် ရှိနေတာကတော့ အတော်လေးအံ့အား သင့်စရာကောင်းတယ်။ နယ်စပ်ဒေသမှာဆိုရင်တော့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ လက်လှမ်းမမီမှု၊ တရားဥပဒေစိုးမိုးရေး အားနည်းမှုနဲ့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ ထိန်းချုပ်ကွပ်ကဲမှုစသဖြင့် အကြောင်းမျိုးစုံ ပြနိုင်ပေမယ့် ရန်ကုန်လို မြို့ကြီးပြကြီးမှာ ကွန်ဒိုကိုးခန်းအထိ ငှားရမ်း၊ လူ ၁၀၀ ကျော် အုပ်စုလိုက်နေထိုင်၊ နည်း ပညာပစ္စည်းအစုံအလင် တပ်ဆင်ပြီး ဒီလိုအွန်လိုင်းလိမ်လည်မှုကို လုပ်ကိုင်နေတာက လုံခြုံရေးသဘော တရားအရဆိုရင်တော့ စည်းပေါက်နေပြီလို့ပဲ ပြောရမယ်။
    နိုင်ငံခြားသားတစ်ယောက်ရဲ့ အဆင့်မြင့် ကွန်ဒိုငှားရမ်းဝယ်ယူရတဲ့ တန်ဖိုးနဲ့ လုပ်ငန်းစဉ်၊ ကွန်ပျူတာနဲ့ ဆာဗာပစ္စည်းတွေ သယ်ယူတပ်ဆင်ရတဲ့ အခြေအနေ၊ ဘဏ်အကောင့်နဲ့ ငွေကြေးလွှဲပြောင်းမှုတွေဆိုတာက တစ်နေ့တည်း၊ တစ်ရက်တည်းနဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေတော့ မဟုတ်နေဘူး။ ရန်ကုန်လိုမျိုး စီးပွားရေးအားကောင်းတဲ့ မြို့တော်၊ တစ်နည်းအားဖြင့် ဥပဒေစိုးမိုးမှု အားကောင်းတဲ့ မြို့ကြီးပြကြီးမှာ လူဝင်မှုကြီးကြပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ အိမ်ခြံမြေငှားရမ်းမှုနဲ့ ငွေကြေးဆိုင်ရာစောင့် ကြည့်ရေးဌာနတွေအနေနဲ့ သတင်းအချက်အလက် ရနိုင်မှု အားနည်းတာလား။ ပူးပေါင်းဆောင်ရွက်မှု မရှိတာလား။ အုပ်ချုပ်ရေးပိုင်းအထိ အဂတိမှုတွေ ရှိနေတာလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာခဲ့တယ်။

ထိုင်းနိုင်ငံရဲ့ သတိပေးချက်ဖြစ်စဉ်
    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကျားဖျန့်ပြဿနာကို ထိုင်းနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနေတာ ထင်ထင်ရှားရှား မြင်နေရတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ နိုင်ငံခြားသားတွေရဲ့ မှတ်ပုံတင်ကတ်တွေကို တရားမဝင်လုပ်ပေးနေတဲ့ ကွန်ရက်တစ်ခုကို ထိုင်းနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာတစ်ဦးကို ဘတ်ငွေ ၁၂၀၀၀၀ နဲ့ ကတ်ဝန်ဆောင်မှု လုပ်ပေးခဲ့တာကို ဖော်ထုတ်နိုင်သလို ဒီဖြစ်စဉ်မှာ အစိုးရဝန်ထမ်း၊ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေခဲ့တာကို တွေ့ခဲ့ကြရတယ်။
    ဖမ်းဝရမ်း ၇၉ ခုနဲ့ လူပေါင်း ၈၁ ဦးကို စုံစမ်းအရေးယူခဲ့ချိန် မှတ်ပုံတင် ၂၇၃ ခုမှာ ၃၃ ခုက တရား မဝင် ပြုလုပ်ထားတာကို တွေ့ရှိခဲ့ကြတယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေတဲ့ နိုင်ငံခြားသားတွေကိုပဲ ဦးတည်ဖမ်းဆီးတာမျိုးမဟုတ်ဘဲ တရားမဝင် ဝင်ရောက်နေတဲ့ နိုင်ငံခြားသားတွေကို တရားဝင် အထောက်အထားရအောင် ကူညီပေးခဲ့ကြတဲ့ အကျင့်ပျက် ပြည်တွင်းအုပ်ချုပ်ရေးကွန် ရက်ကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်။ တရားမဝင် နေထိုင်သူတွေက ထိုင်းနိုင်ငံအတွက် အဓိကပြဿနာ နဲ့စိန်ခေါ်မှု အရင်းအမြစ်လို့ ရှုမြင်တာထက် တရားဝင်သယောင်ဖြစ်စေခဲ့တဲ့ အုပ်ချုပ်ရေးယန္တရား ကွန်ရက်ကိုပါ အမြစ်လှန်ခဲ့တဲ့ ဖြစ်စဉ်လို့ပြောရင် ပိုပြီး မှန်နိုင်တယ်။ ပုံမှန်ဆိုရင်တော့ နိုင်ငံထဲကို နိုင်ငံခြားသား တစ်ယောက် ဝင်လာတယ်ဆိုတာက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြဿနာလို့ပြောလို့ ရနိုင်ပေမယ့် တရားမဝင်ရောက်လာတဲ့သူက သက်ဆိုင်ရာနိုင်ငံထဲမှာ နေထိုင်ခွင့်ရတဲ့အပြင် အလုပ်လုပ်ခွင့်နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရအောင်ပြည်တွင်းက သက်ဆိုင်ရာ တာဝန်ရှိဌာနတွေက အဂတိလိုက် စားလိုက်ပြီဆိုရင် ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားက ပျက်စီးသွားပြီလို့ ပြောလို့ရသလို လူဝင်မှုကြီးကြပ်ရေး ပြဿနာကနေ နိုင်ငံတော်လုံခြုံရေးအဆင့် ကျိုးပေါက်မှု ပြဿနာလို့လည်း ပြောလို့ရသွားပြီလို့ ဆိုရမယ်။

ဧည့်စာရင်းနဲ့ မြို့ပြလုံခြုံရေး
    သာကေတဖြစ်စဉ်ကို သုံးသပ်ရင် ရန်ကုန်လိုမျိုး မြို့ကြီးမှာ အွန်လိုင်းလိမ်လည်မှုတွေ အခြေချလာနိုင်တာကြည့်ရင် ဧည့်စာရင်းစနစ်ရဲ့ ထိရောက်မှုကိုလည်း ပြန်ပြီး သုံးသပ်ဖို့လိုလာတယ်။ တကယ်တော့ ဧည့်စာရင်းကောက်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံသားတွေနဲ့ နိုင်ငံ ခြားသားတွေရဲ့နေထိုင်မှု အခြေအနေကို Update သိနိုင်ဖို့နဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာပါ။ တချို့ရပ်ကွက်ထဲမှာ ငွေပေးပြီး ဧည့်စာရင်းတိုင်ရုံနဲ့ လိုက်မစစ်တော့ တဲ့ ပုံစံမျိုးလည်းအများကြီး တွေ့ရတယ်။ ဒီနေရာမှာ ပြောစရာဖြစ်စေတာက ဧည့်စာရင်းစစ်တာတစ်ခုတည်းနဲ့တော့ အွန်လိုင်းလိမ်လည်မှုကို ဖြေရှင်း၊ တားဆီးနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဧည့်စာရင်း လုပ်ငန်းစဉ်တွေကို မြေပြင်မှာ အမှန်တကယ် စစ်ဆေး၊ ကြီးကြပ်နေရင် အချက်အလက် အမှန်တွေတော့ ရကောင်းရနိုင်တဲ့ အားသာချက်တွေ ရှိလာစေမှာပါ။ ခုလိုမျိုး ကွန်ဒိုကိုးခန်းထဲမှာ လူပေါင်းရာကျော်နေတာမျိုးကို မစစ်ဆေးနိုင်ခဲ့ဘူး၊ မသိရှိနိုင်ခဲ့ဘူး ဆိုတာကတော့ ဘယ်လောက် အားနည်းချက်ရှိနေ သလဲ ဆိုတာ ပေါ်လွင်စေတာ တွေ့နိုင်တာပဲ။ 
    ရန်ကုန်ရဲ့ အဆင့်မြင့်အိမ်ရာနဲ့ ကွန်ဒိုစီမံကိန်းတွေပေါ်က အွန်လိုင်းလိမ်လည်မှုအကြောင်း ပြောရရင် ရှေ့မှာလည်း Time City တို့၊ Golden City နဲ့ FMI City တွေကို လူမှုကွန်ရက်နဲ့ အများပြည်သူကြားမှာ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ကြဖူးတယ်။ ဒါတွေက အွန်လိုင်းလိမ်လည်မှု တကယ်လုပ်နေတယ်ဆိုတဲ့ တိကျပြီး အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားတွေတော့ မရှိနေသေးဘူး။ ဒါပေမဲ့ ရန်ကုန်မြို့ပေါ်က အဆင့်မြင်အိမ်ရာတွေနဲ့ ကွန်ဒိုတွေကို အန္တရာယ်အခြေပြု စိစစ်စောင့်ကြည့်မှုတွေ လိုနေပြီဆိုတဲ့ အချက် ပေးခေါင်းလောင်းသံကတော့ ထွက်ပေါ်နေပြီလို့ပဲ ပြောရမယ်။ ဥပမာအဆင့်မြင့် ကွန်ဒိုတိုက်ခန်းရဲ့ အခန်းပိုင်ရှင်နဲ့ အမှန်တကယ်နေ ထိုင်သူတွေရဲ့ အထောက်အထား ကိုက်ညီမှု ရှိ၊ မရှိဆိုတာမျိုး၊ တိုက် ခန်းအများအပြားကို တစ်ဦးတည်းက ဒါမှမဟုတ် ဆက်နွှယ်နေတဲ့ ကုမ္ပဏီတစ်ခုတည်းက ငှားရမ်းထား တဲ့ အခြေအနေမျိုး ရှိ၊ မရှိ၊ တိုက်ခန်းတစ်ခန်းမှာ လူအများအပြား ဝင်ထွက်သွားလာတာ၊ လုပ်ငန်းသုံး နည်းပညာပစ္စည်းတွေကို အစုလိုက်အပြုံလိုက် တပ်ဆင်ထားတာ စသဖြင့် စိစစ်ဖို့ကောင်းတယ်။ ဒီလို စိစစ်တာက သက်ဆိုင်ရာ အိမ်ရာတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေ ဖို့ရည်ရွယ်တာမဟုတ်သလို ရာဇဝတ် ကွန်ရက်တွေ အခြေချလာနိုင်တဲ့ အခွင့်အလမ်းတွေကို ကြိုတင်ပိတ်ဆို့ ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောထားဖို့လည်း လိုလိမ့်မယ်။

ဥပဒေ ပြဋ္ဌာန်းထားရုံနဲ့ လုံလောက်ပြီလား
    မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးနဲ့ပတ်သက်ရင် ၂၀၂၆ ခုနှစ် မေလကတည်းက လွှတ်တော်မှာ တင်သွင်းထားခဲ့ပြီးသားလည်း ဖြစ်တယ်။ ဒီဥပဒေမှာ အွန်လိုင်းလိမ်လည်မှုအတွက် စင်တာဖွင့်လှစ်တာ၊ လိမ်လည်မှုအတွက် လူသစ်စုဆောင်းတာနဲ့ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေလည်း ပါဝင်ထားတယ်။ ပုဒ်မ ၄၇ မှာဆိုရင် ညှဉ်းပန်းနှိပ်စက်တာကြောင့် လူသေဆုံးတဲ့အထိ ဖြစ်စေခဲ့ရင် သေဒဏ်အထိ အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတာလည်း တွေ့ရတယ်။ ဒီဥပဒေပြဋ္ဌာန်းချက်တွေကိုကြည့်ရင် အွန်လိုင်းလိမ်လည်မှု တိုက် ဖျက်ရေးအတွက် ဥပဒေအရ ဘယ်လောက် ပြင်းထန်လဲဆိုတာ တွေ့နိုင်တယ်။ ဒါပေမဲ့ စာရွက်ပေါ်က ဥပဒေပြင်းထန်မှုဆိုတာထက် လက်တွေ့မှာ ဒီဥပဒေကို အကောင်အထည်ဖော်နိုင်စွမ်းက ဘယ်လောက်ရှိ သလဲ ဆိုတာကသာ အဓိက အဖြေဖြစ်ပါလိမ့်မယ်။ ဥပဒေထဲမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေက ပြင်းထန်နေပေမယ့် ရာဇဝတ်ကွန်ရက်တွေကို အကာအကွယ်ပေးနေတဲ့သူတွေကို မဖော်ထုတ်နိုင်ဘူးဆိုရင် ဒီဥပဒေ ဆိုတာကလည်း စက္ကူကျား ဖြစ်နေဦးမှာပါပဲ။ သဘောကတော့ နယ်စပ်ဒေသကနေ မြို့ပြအဆင့်အထိ အဆင့်ဆင့် အထောက်အထားမဲ့ ဝင်ရောက်လာနိုင်ဖို့ နေရာပေးခဲ့ကြသူတွေ၊ ငွေကြေးလမ်းကြောင်း ဖန်တီးပေးခဲ့ကြသူတွေ၊ လူဝင်မှုဆိုင်ရာနဲ့ ပတ်သက်ပြီး အထောက်အထားတွေ မမှန်မကန် ဆောင်ရွက်ပေးသူတွေ ရှိ၊ မရှိ၊ နောက်ဆုံး တာဝန်ရှိပါလျက်နဲ့ မျက်ကွယ်ပြုခဲ့ကြတဲ့ အဆင့်ဆင့်သော တာဝန်ရှိသူ တွေကို ဖော်ထုတ်အရေး ယူနိုင်ဖို့က ပိုအရေးကြီးတယ်။ 
    အဓိကကတော့ အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ရင် ရာဇဝတ်သားတွေ ဖမ်းဆီးရမိရေးဆိုတာထက် ဒီရာဇဝတ်ကွန်ရက်တွေ ဖြစ်ပေါ်စေတဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ဖျက်ဆီးနိုင်ရေးက ပိုအဓိကကျတယ်။ ဖမ်းဆီးရေးဆိုတဲ့ အဆင့်ထက်ကျော်လွန်ပြီး ရာဇဝတ်မှု တားဆီးရေးနဲ့ အုပ်ချုပ်ရေး စနစ်ပြုပြင်ရေး အစီအစဉ်အထိပါ ကျယ်ပြန့်လာတာ မြင်ရတယ်။ ရန်ကုန်လိုမျိုး ဥပဒေစိုးမိုးမှု အားကောင်းတဲ့ နေရာတွေမှာတောင် လူပေါင်းရာကျော်နဲ့ လည်ပတ်နိုင်ခဲ့ရင် နိုင်ငံခြားသားအများအပြားရှိတဲ့ မန္တလေးနဲ့ နယ်စပ်မြို့ကြီးတွေဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ တာချီလိတ်၊ လားရှိုးလိုဒေသတွေမှာ ဘယ်လောက်တောင် ကျယ်ပြန့်နေနိုင်မလဲ။ နိုင်ငံခြားသားနေထိုင်မှုနဲ့ အိမ်ခြံမြေငှားရမ်းမှုတွေနဲ့ပတ် သက်ရင် ဒီ့ထက်ပိုပြီး ဂရုစိုက်ဖို့ လိုလာတာကတော့ အရှိတရားဆိုတာ တွေ့နိုင်တာပဲ။ ကျားဖျန့်လုပ်ငန်းနဲ့ ပတ်သက်ရင် ဆက်စပ်နေတဲ့ အိမ်ခြံမြေတွေ၊ ကုမ္ပဏီတွေနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး သက်သေပြနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်း၊ သိမ်းဆည်းနိုင်ဖို့လည်း အရေးကြီးတယ်။ ဒါက မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ်နေတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက်လည်း အကျုံး ဝင်စေလိမ့်မယ်။ အရေးကြီးတဲ့နောက်ထပ်တစ်ချက်က အုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ တာဝန်ယူမှုအပိုင်းကို ပြန်ပြီးဆန်းစစ်ဖို့ လိုလာခဲ့ပြီလို့ပဲ ပြောရမယ်။ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတစ်ခုဆိုတာ နေ့ချင်း၊ ညချင်း ပေါ်ပေါက်လာတဲ့ လုပ်ငန်းမျိုးမဟုတ်ဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှူး၊ နယ်မြေခံ ရဲတပ်ဖွဲ့ တွေအနေနဲ့ ကြိုတင်သတင်းရနိုင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုတွေက ဒီ့ထက်ပိုပြီး အားကောင်းသင့်တယ်။ အဂတိအကြောင်းတရားတွေ မနွှယ်စေဖို့ အရေးကြီးတယ်။ 
    ခြုံပြောရရင်တော့ အဂတိကွန်ရက်ကို မဖျက်နိုင်ရင် လုံခြုံရေးပြဿနာက ပိုကြီးလာနိုင်တယ်လို့ပဲ ကောက်ချက်ချရမယ်။ အရင်တုန်းက နယ်စပ်မှာ အခြေစိုက်တဲ့ လုပ်ငန်းတွေက မြို့ကြီးပြကြီးအဆင့်မှာ အလွယ်တကူ နေထိုင်၊  လှုပ်ရှားခွင့်ရနေတဲ့အဆင့်က အနာဂတ် အုပ်ချုပ်ရေးစနစ်ရဲ့ အဓိကစိန်ခေါ်မှုလို့ပဲ ဆိုရမယ်။ ပထမဆုံးအချက်ကတော့ နိုင်ငံတကာ ရာဇဝတ်ကွန် ရက်တွေက မြန်မာနိုင်ငံရဲ့ မြို့ပြအိမ်ခြံမြေ ဈေးကွက်နဲ့ ငွေကြေးစနစ်ကို အသုံးချလာနိုင်တယ်ဆိုတဲ့ စိန်ခေါ်မှုပဲ။ ဒုတိယအချက်ကတော့ အဂတိ လိုက်စားမှုနဲ့ အုပ်ချုပ်ရေး အားနည်းချက်တွေကြောင့် နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ပြည်သူ တွေရဲ့ ယုံကြည်မှုက သေချာပေါက် ကျဆင်းလာနိုင်တာမျိုး ကြုံရတော့မယ်။ တတိယအချက်က နိုင်ငံ တကာကနေ မြန်မာနိုင်ငံအပေါ် ရာဇဝတ်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာနိုင်တဲ့အချက်ပဲ။ သဘောက လွှတ်တော်မှာ သေဒဏ်အထိ ဥပဒေပြဋ္ဌာန်းထားပါရက်နဲ့ နယ်စပ်ဒေသကနေ မြို့ပြအဆင့်အထိ ရောက်လာတဲ့ အွန်လိုင်းလိမ် လည်မှုကို မြန်မာနိုင်ငံအနေနဲ့ အမှန်တကယ်တိုက်ဖျက်လိုစိတ်မရှိဘဲ မွေးမြူထားတယ်ဆိုတဲ့ ပုံရိပ်မျိုးအထိ ရောက်သွားနိုင်တာကို သတိချပ်ဖို့လိုတယ်။ သတင်းရမှ ဖမ်းနိုင်တာဆိုတာထက် ဒီလုပ်ငန်းစုတွေကို ရှင်သန်ကြီးထွားနိုင်စေဖို့ ဘယ်သူတွေက ကာကွယ်ပေးထားသလဲ။ ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက တာဝန်ယူထားပေးလဲ ဆိုတာတွေလည်း ဖော်ထုတ်အရေးယူနိုင်ဖို့ ပိုအရေးကြီးတယ်။ တကယ်တော့ နိုင်ငံတော်လုံခြုံရေးစည်း ဆိုတာ နယ်စပ်ဒေသတွေမှာပဲ ထားရှိရတဲ့ အဆင့်မျိုးတော့ မဟုတ်နေဘူး။ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၊ ရဲစခန်း နဲ့ရပ်ကွက်နေ တာဝန်သိ ပြည်သူကအစ အဆင့်ဆင့်သော နိုင်ငံသားတိုင်းမှာ တာဝန်ရှိနေတယ်လို့ပဲ ပြောရမယ်။ မြို့ပြအဆင့်မှာ အဂတိလိုက်စားမှုကြောင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းက ကြီးထွားလာခဲ့ရင် နိုင်ငံတော်ရဲ့ လုံခြုံရေးစည်းဆိုတာ ပြည်ပနိုင်ငံကနေ ချိုးဖောက်စရာတောင်မလိုဘဲ အတွင်းစည်းမှာတင် တစ်စတစ်စ ကျိုးပေါက်နေပြီလို့တောင် ပြောလို့ရနိုင်ပြီ။ နိုင်ငံ တော်လုံခြုံရေးစည်းဆိုတာ နယ်စပ်ဒေသမှာ လက်နက်နဲ့ ကာကွယ်တာကလည်း တစ်ပိုင်းသက်သက်ပါ။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ငွေကြေးနဲ့ ဝယ်ယူလို့ မရနိုင်အောင် ကာကွယ်ထားနိုင်တာက ပိုအရေးကြီးပါတယ်။ ပြဿနာကို ကြီးလာတဲ့အထိ မစောင့်ဘဲ ကြိုတင်ကာကွယ်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို အမြန်ဆုံး တည်ဆောက်အကောင်အထည်ဖော်သင့်ပါတယ်။ နိုင်ငံခြားသားတွေရဲ့ တည်းခိုနေ ထိုင်မှု၊ ကွန်ဒိုနဲ့ အဆောက်အအုံတွေ ငှားရမ်းမှု၊ သံသယဖြစ်ဖွယ် စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးစီးဆင်းမှုတွေကို သက်ဆိုင်ရာဌာနတွေကြား သတင်းအချက်အလက် မျှဝေစစ်ဆေးနိုင်တဲ့ စနစ်တစ်ခုလည်း ဖော်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ဥပဒေကို အကောင်အထည်ဖော်ရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင် အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိ ဆိုတာလည်း စစ်ဆေးဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ အပ်နှင့်ထွင်းရမယ့် ပြဿနာမျိုးကို လျစ်လျူရှုထားခဲ့ရင် တစ်ချိန်ချိန်မှာ ပုဆိန်နဲ့ ပေါက်ရမယ့် အခြေအနေမျိုးကို မလွဲမသွေ ရောက်ရှိလာပါလိမ့်မယ်။ အဲဒီလိုအချိန်မျိုး ရောက်လာခဲ့ရင် ဆုံးရှုံး ရမယ့်အရာက ငွေကြေးတစ်ခုတည်း မဟုတ်တော့ဘဲ ပြည်သူတွေရဲ့ ယုံကြည်မှု၊ အုပ်ချုပ်ရေး အာဏာရဲ့ ဂုဏ်သိက္ခာအပါအဝင် နိုင်ငံတော်လုံခြုံရေးစည်း ကျိုးပေါက်မှုဆိုတဲ့ အဆင့်အထိပါ ဖြစ်လာ နိုင်ဖွယ်ရှိပါတယ်။ ပြဿနာကို ကြီးထွားလာပြီးမှ အင်အားသုံး ဖြေရှင်းတာထက် မဖြစ်ခင်ကတည်းက အဂတိလိုက်စားမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်တာ၊ အကာအကွယ်ပေးနေတဲ့ ကွန်ရက် တွေကို ဖြိုခွဲတာ နဲ့ ဥပဒေစိုးမိုးရေးယန္တရားကို ပြန်လည်တည့်မတ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါတယ်။ 
နရီမိုး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69039

© 2022 - 2026 News. All Rights Reserved.