နိုင်ငံတော်သမ္မတကြီး၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသည့် ပွဲမဟုတ်ဘဲ သမ္မတကြီးက အနာဂတ်ကလေးများအတွက် အာကာသနှင့် ပညာအမွေကို မျိုးစေ့ချပေးသည့်ပွဲ

ဤမျှ ကြီးကျယ်လိမ့်မည် မထင်ခဲ့
    မူလတန်းတွင် ကျောင်းတက်နေသည့် သမီးငယ်နှစ်ဦးက "ဖေဖေသမီးတို့ အာကာသ ပန်းချီပြိုင်ပွဲရှိတယ်။ အဲဒါ ဝင်ပြိုင်ချင်လို့"ဟု ဆိုလာသဖြင့် "ပြိုင်ပေါ့ကွာ"ဟု အလွယ်ပင်ပြောခဲ့သည်။ ထိုစဉ်က ကျောင်း တွင်းပြိုင်ပွဲအတွက် ပြောခြင်းဖြစ်မည်ဟုသာ ထင်ခဲ့ပြီး ကျောင်းတွင်း Acitvity များကို အခြားသော ကလေး များနည်းတူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်မည်ဟုသာ ပုံမှန်အတိုင်း တွေးထင်ထားခဲ့မိ သည်။ သမီးတို့က အာကာသပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောပြီးကတည်းက ပန်းချီဆွဲမည့် ဆက်စပ်ပစ္စည်းများ ဝယ်ပေးရလေသည်။ ကလေးငယ်တို့ ကျောင်းတွင်းပြိုင်ပွဲများ ကျင်ပပေးခြင်းကို မကြောက်မရွံ့ဝင်ရဲသည့် စိတ်ဓာတ်ကိုလည်း အားပေးရာရောက်စေချင်သဖြင့် သူတို့လိုအပ်၍ တောင်းဆိုသည်များ ကို ဖြည့်ဆည်းပေးမှရမည် မဟုတ်ပါလား။ သမီးနှစ်ယောက်က ထိုသို့ အာကာသပန်းချီပြိုင်ပွဲကျောင်း အဆင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြီးချိန် သမီးအကြီးဖြစ်သူက ကျောင်းတွင်း ဆန်ခါတင်အဆင့် အောင်မြင်သွားသည်ဟု ဆိုလေသည်။ ထိုအချိန်တွင် သမီးကြီး ဖြစ်သူက 'သမီးတို့က MICC-1 မှာ သွားပြိုင်ရမယ်တဲ့' ဟူသည့် သူကြားထားသည့် သတင်းစကားကို ပြန်၍ပြောလေသည်။ 'ကောင်းတာပေါ့'ဟုသာ သာမန်ကာ လျှံကာ ပြောဖြစ်ခဲ့မိသည်။ သမီးကြီးဖြစ်သူက Grade-5 တွင် ပညာသင်နေသူ ဖြစ်သောကြောင့် မူလတန်း အဆင့်မှ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သမီးတို့က ကျောင်းတွင်းအဆင့် ပထမအကြိမ်အောင်မြင်သဖြင့် MICC-1 တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဟု ပြောသဖြင့် 'ဟုတ်မှ ဟုတ်ပါ့ မလား'ဟု ယုံပင်မယုံချင်မိပေ။ သို့သော်လည်း ကျောင်းတွင်း ပထမအကြိမ် ယှဉ်ပြိုင်မှုအပြီးတွင် ရွေးချယ်ထားသည့် ကျောင်းသူကျောင်းသား အရေအတွက်များသောကြောင့် ဒုတိယအကြိမ် ကျောင်းတွင်း ထပ်မံ၍ ယှဉ်ပြိုင် ရဦးမည်ဟု သမီးကြီးက ပြောသဖြင့် "ဒီတစ်ကြိမ်တော့ ထပ်ပြီး အောင်မယ်မထင်ပါဘူး"ဟု ကိုယ့်အတွေးနှင့် ကိုယ်တွေးနေလေသည်။ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင် မည်ဖြစ်သဖြင့် စုတ်တံများ ထပ်မံ၍ဝယ်ပေးရန်ပြောသဖြင့် ပန်းချီစုတ်တံများ ဝယ်ပေးဖြစ်သည်။ ပန်းချီစုတ်တံ များသွား၍ ဝယ်ယူချိန်တွင် စုတ်တံရောင်းသည့် ဆိုင်ရှင်အမျိုးသမီးကြီးက "အခုတလော ဒါတွေခေတ်စားနေတာ၊ ပျဉ်းမနားမှာ ဆိုရင်လည်း ပန်ချီဆေးနဲ့ စုတ်တံတွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းရတာ"ဟု ဆိုသဖြင့် ကျောင်းသားမိဘများက အားတက်သရော ပံ့ပိုးပေးနေသည်ဆိုသည်ကို  သတိထားမိသည်။ ကျောင်းတွင်းဒုတိယအကြိမ် ယှဉ်ပြိုင်ချိန်တွင် မပါဝင် တော့ဟုထင်သည့် သမီးကြီးက တစ်ရက်တွင် ဖုန်းဆက်လာလေသည်။ အလုပ်ထဲတွင်ရှိချိန် ဖုန်းဆက် လာခြင်းဖြစ်ရာ "သမီး ဒုတိယအကြိမ် စစ်တာလည်း အောင်တယ်ဖေဖေ"ဟုဆိုသဖြင့် MICC-1 တွင် ပါပြီဟု အောက်မေ့လိုက်လေသည်။ ကိုယ်ကသာ ပန်းချီအခြေခံကို နားမလည်သော်လည်း သမီးကြီးဖြစ်သူက ကျောင်းတွင်းအဆင့် အောင်မြင်သွားပြီဟု တွက်ထားကာ သူလိုချင်သည့် ပန်းချီပစ္စည်းများထပ်မံ၍ ဝယ်ပေးရသည်။ Acrylic Marker ရောင်စုံပန်းချီပစ္စည်းများ ဝယ်ပေးရသည်။ ပန်းချီပစ္စည်းများသည်လည်း လိုချင်ဖွယ်ရာ အစုံစုံဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် ပစ္စည်းများ ဖြစ်ကြသည်။ ၁၆ ရောင်ပါသည့်ဘူး၊ ၂၄ ရောင်ပါ သည့်ဘူးနှင့် အရောင် ၃၀ ကျော်ပါသည့်ဘူး စသဖြင့် စုံလင်လှသည်။ ထို့အပြင် ရေဆေးနှင့်ပတ်သက်၍ Poster Colour-12 ရောင်ပါ လိုချင်သည်ဟု ဆိုသဖြင့် ဝယ်ပေးရသည်။
    သမီးဖြစ်သူက သူလိုချင်သည့် ပန်းချီပစ္စည်းများ ရရှိချိန်တွင် ကျောင်းက ဆရာဆရာမများ သွန် သင်မှုနှင့် သူစိတ်ဝင်စားသည့် အာကာသပန်းချီကို စိတ်ဝင် တစား ရေးဆွဲနေလေသည်။ ထိုသို့ ရေးဆွဲနေ ရင်းဖြင့် "ဖေဖေ ဒီပုံလေး ဓာတ်ပုံထုတ်ပေးပါလား"ဟု ပြောလာသဖြင့် သူပြသည့်ပုံလေးကို ကြည့်လိုက်မိသည်။ အာကာသပန်းချီကို လှလှပပဆွဲထားသည့်ပုံ ဖြစ်နေလေသည်။ ထိုပုံကိုကြည့်ပြီး သမီးဖြစ်သူကို "ဖေဖေဒါတော့ လက်မခံဘူး၊ ပန်းချီတို့၊ ဂီတတို့၊ စာပေတို့ဆိုတာ ပုံတူကူးချရတာ မဟုတ်ဘူး၊ ကိုယ့် စိတ်ကူးစိတ်သန်းနဲ့ ကိုယ်တတ်နိုင်သလောက် ပုံဖော်ရတာ"ဟုဆိုပြီး သူပုံထုတ်ခိုင်းသည့်ပုံကို ထုတ်မပေးဖြစ်ခဲ့။ ထိုအချိန်ရောက်မှ သမီးကြီးဖြစ်သူသည် အာကာသနှင့်ဆိုင်သည့် အကြောင်းအရာများကို YouTube မှ စတင်လေ့လာနေလေတော့သည်။ ထိုအချိန်ရောက်မှ နိုင်ငံတော်အကြီးအကဲ၏ စေတနာကို စတင် သဘောပေါက်လာတော့သည်။ 'ထိုအကြောင်းကို နောက်ပိုင်းတွင် ဆက်၍ တင်ပြပါမည်'။
    ကျောင်းတွင်း စစ်ဆေး အောင်မြင်ပြီးချိန် MICC-1 သို့သွားသည့် လက်မှတ်ရပြီမှတ်နေသည့် ကျွန်တော်သည် နိုဝင်ဘာ ၁ ရက်တွင် ကျောင်းပေါင်းစုံက ကလေးများနှင့် ထပ်မံယှဉ်ပြိုင်ပြီး ဆန်ခါတင်စစ်ဆေးဦးမည်ဟုသိရဖြင့် ကျောင်းပေါင်းစုံကလေးများ သွားရောက်ယှဉ်ပြိုင်ရသည့်နေရာသို့ သမီးကြီးကို သွားပို့ဖြစ်သည်။ ကျောင်းပေါင်းစုံက  ကလေးများဖြင့် ထပ်မံဆန်ခါတင် စစ်ဆေးခြင်းဖြစ်သဖြင့် သည်တစ် ကြိမ်တော့ မအောင်လောက်ဟုသာ ထင်ထားမိ၏။ သို့သော်လည်းသည် အဆင့်ထိ ရောက်လာသည်ကိုပင် သမီးကြီးကို ကျေးဇူးတင်နေမိသည်။ သမီးကြီးကို ကျောင်းပေါင်းစုံ ယှဉ်ပြိုင်သည့်နေရာသို့ အပို့အကြိုလုပ်ပြီး လုပ်ငန်းခွင်သို့ သွားနေချိန် ဖုန်းဝင်လာလေသည်။ "ဖေဖေသမီး MICC-1 ကို ပြိုင်ခွင့်ရပြီ၊ ဒီနေ့ဖြေ တာ သမီးထပ်ပြီး အောင်တယ်"ဟုဆိုသဖြင့် "တယ်ဟုတ် လှပါလား"ဟုတွေးပြီး MICC-1 သို့ သွားယှဉ်ပြိုင်ရ မည့် သမီးကြီး မည်မျှပျော်သည်မသိ ကျွန်တော်က အတော်ပင် ပျော်သွားမိပါသည်။ လယ်ဝေး၊ ပျဉ်းမနား၊ နေပြည်တော်ဝန်းကျင်တွင်လည်း 'အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ'ဆိုသည့် ဘေလ် ဘုတ်ကြီးများ ကြီးကျယ်ခမ်းနားစွာ ကြော်ငြာထားသည်ကို တွေ့မိချိန် သမီးကြီးတို့ အာကာသပန်းချီ ပြိုင်ပွဲသည် တော်တော်ကြီးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပသည့်ပွဲကြီးဖြစ်ကြောင်း နားလည်လိုက်ပါသည်။

ပညာမျိုးဆက် အနာဂတ်အုတ်မြစ်
    သမီးကြီးဖြစ်သူက ပန်းချီပြိုင်ပွဲကို ထိုမျှအထိ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်ကိုကြည့်ပြီး စိတ်ကူးများစွာ ယဉ်မိပါ၏။ ပြိုင်ပွဲအဆင့်ဆင့်တွင် မအောင်ဟု ထင် ထားခဲ့ရာမှ နိုင်ငံတော်အဆင့် ကျင်းပသည့် ပွဲကို ယှဉ်ပြိုင်ခွင့်ရသည် ဆိုကတည်းက အမြင့်ဆုံးဆု မရလျှင် တောင်တက်ရောက်ယှဉ်ပြိုင်ခွင့်ရသည် ဆိုသည့် ပီတိသည်ပင် အတော် ချိုမြိန်မိပါသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးများ၏ ပညာရေးကို အလွန်ဦးစားပေး သူဖြစ်ကြောင်း သမ္မတကြီး၏ မိန့်ခွန်းများကို စဉ်ဆက်မပြတ် နားထောင်ဖူးသူမှန်လျှင် သိကြမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံကို အာကာသနှင့် မိတ်ဆက်ပေးချင်သည် သမ္မတကြီး၏ အနာဂတ်မြော်မြင်ချက်ကိုကြည့်လျှင် ဤကဲ့သို့ အခြေခံအဆင့်မှ ကလေးသူငယ်များကို  ပြုစုပျိုးထောင်နေ ခြင်းကိုကြည့်လျှင် သိနိုင်ပါသည်။ အဘယ့်ကြောင့် ထိုသို့ ပြောနိုင်သနည်းဟုဆိုလျှင် အာကာသပန်းချီ ပြိုင်ပွဲကို အခြေခံပညာမှ အထက်တန်းအဆင့်ထိ အဆင့်ဆင့် ယှဉ်ပြိုင်စေသည့် ပြိုင်ပွဲများ ကျင်းပပေးခြင်း သည် ကလေးများ၏ အာကာသကိုစိတ်ဝင်စားမှု အလွန်မြင့်တက်စေသည်က ကိုယ်တွေ့ဖြစ်သော ကြောင့်ဟု ဆိုချင်ပါသည်။ ကိုယ့်သားသမီးပင်ဖြစ်လင့်ကစား အာကာသကို စိတ်ဝင်စားစေရန် သားသမီး ကို အကြောင်းမဲ့ လေ့လာခိုင်း၍ မရပေ။ အပိုအလုပ်၊ အပိုဝန်ကို ထမ်းခိုင်းသည်ဟု ကလေးများက ထင်သွားနိုင်ပါသည်။ ယခုကဲ့သို့ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲများကျင်းပပေးလိုက်သောကြောင့် ကျွန်တော်၏ သမီးကဲ့သို့ ပါဝင်ယှဉ် ပြိုင်သူတို့သည် အာကာသဆိုင်ရာများကို သူတို့ကိုယ်တိုင် စိတ်လို လက်ရနှင့် စိတ်ဝင်တစား လေ့လာနေဖြစ်လေသည်။ ဤအာကာသ ပန်းချီပြိုင်ပွဲ၏ အနှစ်သာရသည် ကလေးများကိုယ်တိုင် စိတ်ဝင်တစားနှင့် လေ့လာလိုစိတ် ဖြစ်သွားခြင်းက အဓိကအနှစ်သာရ မဟုတ်ပါလား။ ဤပြိုင်ပွဲများသည့် နိုင်ငံတော်သမ္မတကြီး၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသည့် ပွဲမဟုတ်ဘဲ သမ္မတကြီးက အနာဂတ်ကလေးများအတွက် အာကာသနှင့် ပညာအမွေကို မျိုးစေ့ချပေးလိုသည့် ဆန္ဒဖြစ် သည်ဟု နားလည်မိပါသည်။ 'ပညာမြင့်မှ လူမျိုးတင့်သည်'ဟု ဆောင်ပုဒ်အတိုင်းနိုင်ငံ တော်အကြီးအကဲ ကိုယ်တိုင်က အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးပုံဖော်နေသည့်ပြိုင်ပွဲများ ကျင်းပပေးနေသည်ဟု နားလည်မိပါသည်။ အခြေခံအဆင့်များကို အဆင့်ဆင့်ဖြတ်ကျော်ရင်းမှ အရည်အချင်းရှိသော အနာဂတ် ပညာရှင်များ မွေးထုတ်ရန် အားထုတ်မှုဖြစ်သည်ကို တဖြည်းဖြည်း သဘောပေါက်မိပါသည်။ သည် ပြိုင်ပွဲများကိုကြည့်၍ ကျောင်းတွင်းအားကစားမှသည် ပညာရေး၊ အနုပညာ၊ ဂီတ၊ စာပေ စသည်တို့ကို လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်အုတ်မြစ်ကို ချပေးခြင်းဖြစ်သည်ဟု မျှော်ကြည့်မိပါသည်။ ဆုရရှိခြင်းထက် ယှဉ်ပြိုင်ခွင့် ရရှိခြင်းကိုက ကလေးများ သူတို့ ဝါသနာနှင့် ထပ်တူကျသည့် လမ်း ကြောင်းများကို ရွေးချယ်နိုင်လိမ့်မည်ဟု အာကာသပန်းချီပြိုင်ပွဲကိုကြည့်ပြီး နိုင်ငံတော်အကြီးအကဲ သမ္မတကြီး၏ အနာဂတ်နိုင်ငံတော်အပေါ်ထားသည့် စေတနာကို ကောင်းကောင်းနား လည်မိပါသည်။ ကလေးများ ထိုကဲ့သို့ ယှဉ်ပြိုင်နိုင်ရန် အခြေခံပညာကျောင်းများရှိ ဆရာဆရာမများသည်လည်း သာမန်ထက်ပို၍ အားထုတ်ကြခြင်းနှင့်အတူ မိဘများသည်လည်း သူတို့၏သားသမီးများ လွတ်လွတ်လပ် လပ် ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် မိဘဆရာ ပူးပေါင်းမှုများကိုလည်း အားတက်ဖွယ်ရာ တွေ့ရသည်။ နိုင်ငံတော်တာဝန်ရှိသူများက ကလေးများ၏ အခန်းကဏ္ဍကို  အလေးပေးခြင်းနှင့်အတူ မိဘဆရာ ပူးပေါင်း ဆောင်ရွက်မှုများက သမိုင်းတစ်ခေတ်သမိုင်းအသစ်ကို ရေးထိုးနေကြသည်ဟု ကိုယ်တိုင်ကြုံတွေ့ ခံစား ပြီးမှ နားလည်သဘောပေါက်မိပါသည်။

ကလေးတို့၏ စိတ်ဝင်စားမှု
    'ညအခါ လသာသာ'မှစ၍ 'ဘကြီးဖြိုးတို့အိမ်'အထိ မြန်မာစာနှင့် စတင်ထိတွေ့သင်ယူချိန်တွင် ထိုအထဲက စာသားနှင့်အတူ ရုပ်ပုံလေးများကို စိတ်ဝင်တစား အပြန်ပြန်အလှန်လှန် ကျွန်တော်တို့ ကြည့်ရှု ဖြစ်ခဲ့သည်။ ဆိုလိုသည်က သင်ရိုးစာအုပ်ထဲက ရုပ်ပုံများကို ကျွန်တော်တို့ငယ်ငယ်က စိတ်ဝင်တစား ကြည့်ရှုလေ့လာ ကျက်မှတ်ဖတ်ရှုရသကဲ့သို့ ကလေးများသည် အရုပ်များ၊ အရောင်များအပေါ်တွင် များစွာခံစားတတ်ကြောင်းကို  ယခု အသက်အရွယ်ရောက်မှ သဘောပေါက်မိပါသည်။ ထိုအကြောင်းအရာကို သာမန်အားဖြင့် မသိမီသော်လည်း သမီးကြီးဖြစ်သူ၏ ကျောင်းပေါင်းစုံပန်းချီပြိုင်ပွဲရောက်မှ သတိထားမိခြင်းဖြစ်ပါသည်။ သမီးကြီးဖြစ်သူကို  ကျောင်းပေါင်းစုံ ဆန်ခါတင်ပြိုင်ပွဲသွားပို့စဉ် အာကာသ ပန်းချီများ၊ ပိုစတာများ၊ ကာတွန်းများကို ကျောင်းဝန်းအတွင်း ချိတ်ဆွဲပြသထားလေသည်။ ကျွန်တော့်အနေဖြင့် ကလေးများ ဆွဲထားသည့် အရုပ်ဟု သဘောထားကာ  သေချာလည်း မကြည့်ဖြစ်၊ သာမန်ကာလျှံကာသာ ဖြစ်သည်။ ပန်းချီပြိုင်ပွဲဝင်မည့်သမီးဖြစ်သူက ထိုပန်းချီကား များကိုကြည့်ပြီး 'လှလိုက်တဲ့ပန်းချီကားတွေ' ဟု ပါးစပ်က ထုတ်ပြောလိုက်ချိန် တော်တော်ကြီးကို အံ့သြသွားမိပါသည်။ ကိုယ်က ပန်းချီကို မဆွဲတတ် ပေမယ့် အရောင်များကို ခံစားတတ်သည်ဟု ယုံကြည်မိသည်။ မူလတန်းအရွယ် သမီးဖြစ်သူက သူကိုယ်တိုင် ပန်းချီဝင်ပြိုင်သည့်အပြင် အရောင်များ၊ အရုပ်များကို ခံစားတတ်ပြီး "လှလိုက်တဲ့ ပန်းချီကားတွေ"ဟု ပါးစပ်က ထုတ်ပြောလာသဖြင့် ဤပြိုင်ပွဲ၏ အနှစ်သာရနှင့် ကျွန်တော် ပံ့ပိုးရကျိုးနပ်ပြီးဟု  စိတ်အတွင်းက ခံစားမိသွားသည်။ နိုင်ငံတော်အကြီးအကဲ၏ မြော်မြင်မှု ဆိုသည်မှာ ကျွန်တော်တို့ သာမန်မမြင် နိုင်သည့် အရာများကိုများစွာ မျှော်တွေး၍မြင်နိုင်သည် ဆိုသည့်အချက်ကို လက်ဖျားခါလောက်သည်အထိ အံ့သြမိသွားသည်။ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ကလေးများ၏ အနာဂတ်ကိုမည်ကဲ့သို့ တည်ဆောက်ရမည်ကို နှလုံးသားဖြင့် နားလည်သောကြောင့် ဤကဲ့သို့ ခမ်းနားသည့် ပွဲကြီးအား မအားလပ်သည့်ကြားမှ ကျင်းပပေးသည်ကို သဘောပေါက်မိသွားပါသည်။ ယှဉ်ပြိုင်ရမည့် ကလေးများ မည်ကဲ့သို့ ပျော်ရွှင်ရသနည်းဟု ဆိုလျှင် သမီးကြီးကိုယ်တိုင် ဆုရမည်ဟုမမျှော်မှန်း၊ ပြိုင်ပွဲက ကစားစရာ ဆုလက်ဆောင်များပေးမည်ဟု သိရသည်ကိုပင် ပျော်ပျော်ကြီး ပြိုင်ချင်စိတ် ဖြစ်နေသဖြင့် ဖခင်တစ် ယောက်အနေဖြင့် ပီတိအထပ်ထပ် ပွားရပါသည်။ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် မအား မလပ်အောင် အလုပ်များလှသည့် နိုင်ငံတော်သမ္မတကြီးသည် ကလေးများ၏ အနာဂတ်နှင့် နိုင်ငံ တော်၏ အနာဂတ်အတွက်ပါ အရေးတယူ လုပ်ဆောင်နေကြောင်း ကောင်းကောင်းကြီး နားလည်မိပါသည်ဟု ဆိုပါရစေ။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

68369

© 2022 - 2026 News. All Rights Reserved.