သနပ်ခါးလိမ်းတာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်း ရှိတာပါ။ ကျွန်မတို့က မူပိုင်ပါလို့ ပြောချင်ပါတယ်

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ နိုဝင်ဘာ ၁၃

    "ယဉ်ကျေးမှုတွေထဲမှာမှ အခုလို ပွဲဈေးယဉ်ကျေးမှုကို ချပြလိုက်ချင်တာပါ။ ပွဲဈေး ယဉ်ကျေးမှုက ဘယ်လောက်တောင် နက်ရှိုင်းလဲ၊ ဘယ်လောက်တောင် အဖိုးတန်လဲ၊ သမိုင်းကြောင်းရှိလို့ ရှေးဘိုးဘွား တွေကတည်းက စဉ်ဆက်မပြတ် ထိန်းသိမ်းလာတာကြောင့် အခုအချိန်အထိ ပွဲဈေးဆိုတာနဲ့ စဉ်ဆက်မပြတ် သွားလာနေကြတာ။ ကျွန်မတို့က ပြည်သူတစ်ရပ်လုံးကို ပိုပြီးတော့မှ သိစေချင်သလို မျိုးဆက်သစ် တွေကိုလည်း သိစေချင်ပါတယ်။ ဒီလိုသိမှ ကိုယ့်ရဲ့တန်ဖိုးကိုသိရင် ထိန်းသိမ်းဖို့အတွက် သူတို့မှာလည်း တာဝန်ရှိတယ်ဆိုရင် ကျရာကဏ္ဍကနေ ထိန်းသိမ်း ကြတော့မှာပါ"ဟု ပြောကြားသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

 

TREND    ။    ။ မြန်မာ့ရိုးရာ ပွဲဈေးကျင်းပတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲဈေးဆိုတဲ့နာမည်ပေးဖြစ်တဲ့အကြောင်း အရာလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ နောက်ပြီး ပါဝင်တဲ့ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း သိချင်ပါတယ်။
DSNK    ။    ။
ကျွန်မတို့ရဲ့ နိုင်ငံအတွင်းမှာ ဒြပ်ရှိယဉ်ကျေးမှုတွေ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ က သမိုင်းအဆက်ဆက် ရှိခဲ့တာပေါ့နော်၊ မြန်မာနိုင်ငံဟာ ကျောက်ခေတ်ယဉ်ကျေးမှုကနေစပြီး ရှိခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းခွဲနဲ့ နှစ်သောင်းကြားမှာကတည်းက ဒီမြေဒီရေမှာ ကျောက်ခေတ်ယဉ်ကျေးမှုက ထွန်းကားခဲ့တယ်။ အဲဒီကနေမှ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုတွေ၊ နောက်မြို့ပြတွေ ထွန်းကားတဲ့ ယဉ်ကျေးမှုတွေနဲ့ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တယ်ဆိုတဲ့  ပုဂံယဉ်ကျေးမှုတွေ အဲဒီတုန်းကနေ လက်ရှိမျက်မှောက် ယဉ်ကျေးမှုတွေလည်း ရှိပါတယ်။ အဲဒီလို ယဉ်ကျေးမှုခေတ် အစဉ်အဆက်ရှိခဲ့တဲ့ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းမှာ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေ ကြွယ်ကြွယ်၀၀ရှိတယ်။ ဒြပ်မဲ့နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံတော်အဆင့် အမျိုးသား အဆင့်မှာ ဆိုရင် ၂၂၀၀ ကျော် ရှိနေပါပြီ။ အဲဒီထဲမှာဆိုရင် ကျွန်မတို့ရဲ့ ရိုးရာတွေ၊ ပွဲတော်တွေလည်းပါတယ်။ လက်မှုပညာရပ်တွေလည်း ပါပါတယ်။ စာပေတွေ၊ အနုသုခုမတွေ၊ အနုပညာတွေလည်း အကျုံးဝင်ပါတယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေလည်း အကျုံးဝင်ပါတယ်။ အဲဒီ လိုထဲကမှ ကျွန်မတို့ ပွဲတော်တွေကိုပြန် ကြည့်မယ်ဆိုရင် ၁၂ လရာသီပွဲတော်တွေရှိတယ်။ ဘာသာ ရေးဆိုင်ရာပွဲတော်တွေရှိတယ်။ ရပ်ဓလေ့၊ ရွာဓလေ့မှာလည်း ပွဲတော်တွေအမျိုးမျိုးရှိပါတယ်။ အခုလိုမျိုး ပွင့်လင်းရာသီရောက်ပြီဆိုရင် ပွဲတော်တွေက ပိုများလာတာပေါ့။ အဲဒါကြောင့် ကျွန်မတို့က ဒီခေါင်းစဉ် လေး နာမည်ပေးလိုက်တာ ပွဲဈေးဆိုပြီးတော့၊ ပွဲဆိုတာကတော့ အားလုံးသိတဲ့အတိုင်း ဖျော်ဖြေတင်ဆက်မှုပေါ့၊ ဈေးဆိုတာကတော့ ဖျော်ဖြေတင်ဆက်မှုတွေ ပါလာပြီ၊ ဇာတ်သဘင်တွေ၊ အငြိမ့်သဘင်တွေ၊ မျက်လှည့်တွေ၊ ဆပ်ကပ်တွေ အဲဒီလိုပွဲတွေ ပါလာပြီဆိုရင် သူနဲ့ တစ်ဆက်တည်းမှာ ဗိုက်ဆာရင်စားလို့ရတဲ့ ဈေးတန်းတွေ ပါလာတယ်။ နေရာအနှံ့ကနေလည်း စားသောက်ကုန်ပစ္စည်းတွေ ရောက်လာ တယ်။ အလားတူ နေရာအသီးသီးကနေမှ တိုင်းရင်း သားတွေရဲ့ လက်မှုပစ္စည်းတွေ၊ ထုတ်ကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ အများကြီးပါလာကြတယ်။ အဲဒီတော့  ကျွန်မတို့ငယ်ငယ်တုန်းက အချိန်ကို ပြန်တမ်းတ လို့ရတယ်။ အမေတွေကို ပူဆာရင် "အင်းဟုတ်ပြီ၊ အခုတော့နေဦး ပွဲဈေးရောက်မှ ဝယ်ပေးမယ်။ နောက်ဘာ လေးတော့ စားချင်လိုက်တာဆိုရင် ပွဲဈေးကျမှ ဝယ်ကျွေးမယ်ဆိုတော့" ကျွန်မတို့က ဘုရားပွဲတွေကို စောင့်ရတာပေါ့။ အဲဒီလိုမျိုး အောက်မေ့တာလည်း ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ တကယ်ရည်ရွယ်ချက်က ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေကို မတိမ်ကောအောင်၊ မပျောက်ပျက်အောင် ထိန်းသိမ်းတာ၊ ဘယ်လိုထိန်းသိမ်းမလဲ၊ ဒါတွေကို မျိုးဆက်သစ်တွေကိုလည်း သိရှိအောင်ပြောမှာ၊ ကိုယ့်ရဲ့ နိုင်ငံသားတွေကိုလည်း ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ဘာလဲဆိုတာကို သိအောင်ပြောမှာပါ။ တချို့ကျတော့ ယဉ်ကျေးမှုဆိုတာကို သေသေချာချာ၊ ဂဃနဏ မသိကြဘူး။ ကျောက်ခေတ်ဆိုတာ လည်း ယဉ်ကျေးမှုပါပဲ၊ ကျောက်ခေတ်ယဉ်ကျေးမှုလို့ခေါ်တာလို့ ကျွန်မပြောချင်တာပါ။ ယဉ်ကျေးမှုတွေထဲမှာမှ အခုလို ပွဲဈေးယဉ်ကျေးမှုကို ချပြလိုက်ချင်တာပါ။ ပွဲဈေး ယဉ်ကျေးမှုက ဘယ်လောက်တောင် နက်ရှိုင်း လဲ၊ ဘယ်လောက်တောင် အဖိုးတန်လဲ၊ သမိုင်းကြောင်းရှိလို့ ရှေးဘိုးဘွားတွေကတည်းက စဉ်ဆက်မပြတ် ထိန်းသိမ်း လာတာကြောင့် အခုအချိန်အထိ ပွဲဈေးဆိုတာနဲ့ စဉ်ဆက်မပြတ် သွားလာနေကြတာပေါ့နော်။ ကျွန်မတို့က ပြည်သူတစ်ရပ်လုံးကို ပိုပြီးတော့မှ သိစေချင်သလို မျိုးဆက်သစ်တွေကိုလည်း သိစေချင်ပါတယ်။ ဒီလိုသိမှ ကိုယ့်ရဲ့တန်ဖိုးကိုသိရင် ထိန်းသိမ်းဖို့အတွက် သူတို့မှာလည်း တာဝန်ရှိတယ်ဆိုရင် ကျရာကဏ္ဍကနေ ထိန်းသိမ်းကြတော့မှာပါ။


TREND    ။    ။ ဒြပ်မဲ့ယဉ်ကျေးမှုကို ယူနက်စကို အသိအမှတ်ပြုအနေနဲ့ ဘာကြောင့်တင်သွင်းဆောင်ရွက်တာလဲဆိုတာလေး ပြောပြပေးပါဦး။
DSNK    ။    ။
စောစောက ကျွန်မပြောသလို ဒြပ်မဲ့ယဉ်ကျေးမှုတွေက အမျိုးသားအဆင့်ကို သတ်မှတ်ထားတာ ၂၂၀၀ ကျော် ရှိပါတယ်။ အဲဒီလိုအမျိုးသားအဆင့်ကိုသာ လွန်ပြီးတော့မှ ယူနက်စကိုရဲ့ အမွေအနှစ်ရဖို့ နိုင်ငံတိုင်းက တင်သွင်းကြတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ရှစ်ခုလောက်ရနေပြီ၊ လာအိုနိုင်ငံဆိုရင် သုံး၊ လေးခု လောက်ရှိပါတယ်။ ဒါက အိမ်နီးချင်နိုင်ငံအနေနဲ့ ပြောတာပါ။ နောက်တရုတ်တို့၊ အိန္ဒိယတို့ဆိုရင် အများကြီးပါ။ ဆယ်ဂဏန်းကျော် ရနေပါပြီ။ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာကြောင့် ယူနက်စကို ဝင်ချင်တာလဲဆိုရင် နိုင်ငံပေါင်း ၂၀၀ နီးပါးလောက်က ယူနက်စကို အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ဝင်လိုက်တယ်ဆိုရင် အဲဒီ နိုင်ငံ ၂၀၀ နီးပါးက ကျွန်မတို့ အမွေအနှစ်ကို အသိအမှတ်ပြုရတယ်။ သူတို့နဲ့လည်း သက်ဆိုင်သွားတယ်။ ကျွန်မတို့ဆီမှာ ဒီအမွေအနှစ် တွေနဲ့ပတ်သက်လို့ ထိန်းသိမ်းဖို့ လိုအပ်လာရင်လည်း ပညာရှင်တွေက ပံ့ပိုးမယ်။ ငွေရေးကြေးရေးအရ လိုအပ်လာရင်လည်း ပံ့ပိုးမှာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ချင်တာ၊ ရချင်တာပေါ့။

TREND    ။    ။ မြန်မာ့သနပ်ခါးကို ယူနက်စကိုက ပဏာမအဆင့်သဘောတူတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ 
DSNK    ။    ။
အခုဆိုရင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်က တစ်နှစ်ကိုတစ်ခု တင်သွင်းရတယ်။ ၂၀၂၄ ခုနှစ်မှာဆိုရင် မြန်မာရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ပွဲကြီးကိုရရှိခဲ့ပြီ၊ အခုတစ်ခါမှာ သနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုကိုလည်း မနှစ်ကတင်သွင်းပါတယ်။ အဲဒီလိုတင်သွင်း ပြီးရင် စိစစ်ရေးအဖွဲ့ပေါ့နော်။ တစ်နည်းအားဖြင့်ပြောရင်  သုံးသပ်အကြံ ပြုတဲ့အဖွဲ့ပေါ့။ ယူနက်စကိုနိုင်ငံ ၂၀၀ ထဲကမှ ၂၄ နိုင်ငံကို ရွေးထားပြီး သုံးသပ်အကြံပြုတဲ့ အဖွဲ့ဆိုပြီး ရှိပါတယ်။ အဲဒါက သုံးနှစ်တစ်ခါ ပြောင်းလဲသွားတာပေါ့။ သူတို့ကနေမှ ကျွန်မတို့နဲ့အခြားနိုင်ငံတွေက တင်သွင်းတဲ့ အမွေအနှစ်တွေကို ယူနက်စကိုကနေ အတည်ပြုပေးသင့်လား၊ မပေးသင့်လားဆိုပြီးတော့ စိစစ်ကြပါတယ်။ ယူနက်စကိုက အစည်းအဝေးကြီးမတိုင်ခင် တစ်လခွဲ၊ နှစ်လလောက်မှာ စိစစ်ပြီး သတင်းထုတ်ပြန်ပါတယ်။ သူတို့ကစိစစ်ပြီး ဟုတ်တယ်။ ယူနက်စကိုက ဒါကိုရသင့်တယ်။ သတ်မှတ်သင့်တယ်လို့ ယူဆရင်ဒါကို သဘောတူတာမျိုးပေါ့။ အခုသဘောတူတာမျိုးဆိုတဲ့ အချက်ကို ၅ ရက်နေ့ မနက်ခင်းက ကျွန်မတို့က တွေ့ လိုက်ပြီ။ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ လမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် (၂၁)ကြိမ်မြောက် ယူနက် စကိုအစည်းအဝေးကြီး ကျင်းပရင် ကျွန်မတို့ နိုင်ငံက သနပ်ခါးကရှိကြောင်းကို အတည်ပြုလိုက်မှာဖြစ်ပါတယ်။ အခုက ပဏာမအဖွဲ့က စစ်ဆေးပြီး တော့ ခွင့်ပြုကြောင်းကို ထုတ်ပြန်လိုက်တာပေါ့နော်။

TREND    ။    ။ ယူနက်စကိုက ဘာကြောင့် သဘောတူတာလဲဆိုတာလဲ ပြောပြပေးပါဦး။
DSNK    ။    ။
ကျွန်မတို့ သနပ်ခါးသည်သူတို့ ယူနက်စကိုက သုံးနှုန်းတာ ရှိတယ်။ 'ကိုယ့်မှာပဲ ရှိတယ်။ ကိုယ့်မှာပဲရှိတယ်လို့မပြောပါနဲ့' သူများနိုင်ငံမှာလည်း ရှိချင်ရှိမယ်။ ရချင်ရမယ်။ ကိုယ့်နိုင်ငံမှာလည်း ရှိတယ်။ အချက်အလက်တွေ ကိုက်ညီရင်ရမှာလို့ ပြောတယ်။ တကယ်တမ်း မပြောနဲ့ဆိုပေမယ့်လည်း ကျွန်မကပြောရမှာပဲ၊ သနပ်ခါးလိမ်းတာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်း ရှိတာပါ။ ကျွန်မတို့က မူပိုင်ပါလို့ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ သနပ်ခါးလိမ်းတဲ့အကျင့်က ပုဂံခေတ်လောက်က တည်းကစခဲ့တာလို့ အထောက်အထားရှိတယ်။ သနပ်ခါးကျောက်ပြင်၊ သနပ်ခါးကို သွေးပြီးလိမ်းတယ်။ ခေတ်အဆက်ဆက် မှာလည်း လိမ်းတယ်။ ကျွန်မတို့ဘိုးဘွားတွေထားတဲ့ ဒီယဉ်ကျေးမှု ဓလေ့လေးက အခုကျွန်မတို့လက် ထက်မှာလည်းရှိနေတယ်။ သနပ်ခါးကို သွေးပြီးတော့ မြတ်ဗုဒ္ဓကို ပူဇော်တယ်ဆိုတဲ့ ဓလေ့လည်း ရှိတယ်။ သနပ်ခါးနဲ့ မီးပူဇော်တယ်ဆိုတဲ့ ဓလေ့လည်းရှိတယ်။ တချို့ဒေသတွေမှာ သနပ်ခါးပါးတို့ပွဲဆိုပြီး ပျော်စရာ လေးတွေလည်း ရှိတယ်။ ဒါဆိုရင် လူထုအတွင်းမှာ နွေးထွေးသွားတယ်။ ချစ်ခင်မှုတွေ ရှိမသွားဘူးလား၊ အဲဒီချိတ်ဆက်မှုလေးကလည်း ယူနက်စကိုရဲ့လက်ခံတဲ့ အကြောင်းတရားတစ်ခုပဲ။ နောက်တစ်ခုက သနပ်ခါးလိမ်းတာကို ကျားပဲလိမ်းရမယ်၊ မပဲလိမ်းရမယ်လို့ မသတ်မှတ်ထားဘူး။ အလွှာက ဘယ်အလွှာ၊ ဘယ်အဆင့်အတန်းမဆိုလိမ်းတယ်။ ကလေး၊ လူကြီးအကုန်လိမ်းတယ်။ ဒီအချက်ကလည်း ယူနက်စကိုက သဘောကျတဲ့ အချက်တစ်ခုပါပဲ။ ဒါမျိုးတွေနဲ့ ဘောင် ဝင်သွားတာပေါ့နော်။ ပြီးရင် သူတို့ကြောက်တာတစ်ခုက ကျွန်မတို့က သစ်ပင်တွေကို ခုတ်ပြီးတော့ သုံးတာလေ။ သစ်တောပြုန်းတီးမှာကို ကြောက် တာ၊ တစ်ကမ္ဘာလုံးမှာလည်း ပြောနေကြတာဆိုတော့ စိတ်ပူတဲ့အချက်ပါ။ ကျွန်မတို့က စိတ်ပူစရာ မလိုဘူး။ ပိုတောင် ကောင်းသေးတယ်။ ဘာကြောင့်လဲ၊ သနပ်ခါးပင်ကို ခုတ်ရင် စနစ်တကျ ခုတ်ရတယ်။ အဲဒီလို ခုတ်လိုက်ရင် အမြစ်ကနေ နောက်ထပ် အပင်ပွားက အနည်းဆုံး သုံးပင်၊ ငါးပင်အထိ ရတယ်။ နောက်ရလာတဲ့ အမြစ်ကနေ ထွက်လာရင် ကာလတိုထဲမှာ သုံးနိုင်တယ်။ မူလ အပင်ဆိုရင် ခုနစ်နှစ်မှာ သုံးလို့ရတယ်။ ဆယ်နှစ်သားအထက်ဆို ပိုကောင်းတယ်။ ပွားလာရင် ငါးနှစ်နဲ့ အသုံးပြုလို့ရတော့ မြေဆီ လွှာကိုလည်း မထိခိုက်တော့ဘူး။ ပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်း မထိခိုက်ဘူး ဆိုတော့ ကျွန်မတို့ သနပ်ခါးက ဘာမှငြင်း စရာမရှိတဲ့အတွက် ပဏာမသုံးသပ် အကြံပြုတဲ့အဖွဲ့က နေပြီးတော့ သဘော တူကြောင်း သုံးသပ် အကြံပြုလိုက်တာဖြစ်ပါတယ်။

TREND    ။    ။ ကျေးဇူးတင်ပါတယ်။ 
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

68304

© 2022 - 2026 News. All Rights Reserved.