တပ်မတော်အပေါ် သဘောထား မမှန်သူများ လမ်းရွေးမှန်နိုင်ကြပါစေ

    လက်ရှိ ပြည်တွင်းရေး၊ စစ်ရေး၊ နိုင်ငံခြားရေး အခြေအနေတွေကိုခြုံကြည့်ရင် နွေဦးတော်လှန်ရေးဆိုတာ အောင်မြင်စရာမရှိတော့တဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးက အစပြု ကူးစက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေသိမ်းသီးခြား ရပ်တည်ဖို့ ကြိုးစားမှုတွေဟာလည်း အကောင်အထည်ပေါ်လာစရာမရှိပါ။ ဒီလိုပြောလို့ တည်ငြိမ်အေးချမ်းသွားပြီလားဆိုတော့လည်း တည်ငြိမ်အေးချမ်းဖို့အများကြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ တည်ငြိမ်သယောင်ယောင်၊ နယ်မြေရထားပြီး အုပ်ချုပ်ရေး ခိုင်မာသယောင်ယောင် ရှိနေပေမယ့် အချိန်တန်ရင် မူလအခြေအနေကို ပြန်လည် တွန်းပို့ခံရမှာပဲ ဖြစ်ပါတယ်။ ရှေ့ဆက်တိုးလို့မရ၊ နောက်ကလည်း မဆုတ်ချင်နဲ့ ရရာနေရာမှာ ကုတ်ကတ်နေရတဲ့ သဘောသာ ဖြစ်ပါတယ်။ 
    တည်ငြိမ်အေးချမ်းဖို့နဲ့ ခိုင်မာတင့်တယ်စွာရပ် တည်နိုင်ဖို့က လက်နက်ကိုင်လမ်းစဉ် ရှိနေသရွေ့ ဖြစ်လာစရာမရှိပါ။  လက်နက်ကိုင်အဖွဲ့ အတော်များများက လူ၊ လက်နက်အင်အား တည်ဆောက်ထား ခြင်းဖြင့် ခိုင်မာမယ်လို့ ယူဆထားပုံရပါတယ်။ လွဲမှားတဲ့အယူအဆပါ။ နှစ်ပေါင်းများစွာ အင်အားတည်ဆောက်လိုက်၊ ပြုန်းတီးသွားလိုက်၊ ပြန်လည်တည်ဆောက်လိုက် ပြန်ချလိုက်နဲ့ သူတစ်လှည့်၊ ကိုယ်တစ် လှည့်လုံးချာလည်နေရုံကလွဲပြီး ဘာတိုးတက်မှုမှ ရှိမလာခဲ့ပါ။ လူတွေရဲ့ဘဝတွေ၊ အသက်ခန္ဓာတွေကို အခုချိန်ထိ အသုံးချနေကြတာဟာ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ကောင်းစားရေးထက် ကိုယ်ကောင်းစားရေးကို ဦးတည်နေကြလို့ပဲ ဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့တွေပဲဖြစ်ဖြစ် ပြည်သူဆိုတဲ့ စကားအရမ်းသုံးကြတယ်။ ပြည်သူပြည်သူနဲ့ လေကသာ ပြည်သူ၊ လုပ်ရပ်က ပြည်သူကို ဒုက္ခပေးနေကြတာပဲ ဖြစ်ပါတယ်။  အမှန်တကယ် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ဦးထိပ်ထားတာက  တပ်မတော်သာ လျှင် ဖြစ်ပါတယ်။ ရယူလိုတာထက် ပေးဆပ်ခဲ့တာက ပိုများပါတယ်။ ဒီစကားပြောလို့ ဝေဖန်မယ့်သူတွေ၊ ဝိုင်းတွယ်ကြမယ့်သူတွေလည်း နည်းမှာမဟုတ်ပါ။ သမိုင်းအမှန်ကို သိကြဖို့လိုသလို၊ ဝေဖန်လေကန်နေမယ့်အစား သူ့အလုပ်သူလုပ်တဲ့ တပ်မတော်အပေါ် ပုတ်ခတ်ခဲ့ကြတာတွေကို နားလည်အောင်၊ မြင်အောင် ကြည့်ရင် ဒီစကားမှန်၊ မမှန်သိကြမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့သဘာဝက နိုင်ငံရေးသမားတွေလုပ် သလို 'လုပ်တာက တစ်ပဲခြောက်ပြား အမှတ်ယူတာက တစ်သိန်း'ဆိုသလိုမျိုး မဟုတ်ဘဲ ဘယ်သူဘာ ပြောပြော၊ ဘယ်လိုတိုက်ခိုက်တိုက်ခိုက် သူ့အလုပ်သာ သူလုပ်တတ်တဲ့ သဘာဝရှိပါတယ်။ ဒီလိုသဘာဝကို နင်းခဲ့ကြတာ ဒီနိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာဖြစ်လိုက်၊ တပ်မတော်ကို ပုံချလိုက်နဲ့ ကြာလာတာနဲ့အမျှ ပြည်သူ့အမြင်မှာ ပြောင်းပြန်ဖြစ်လာတာ နားလည်ကြဖို့ လိုပါတယ်။ 
    ထင်ရှားတဲ့ သာဓကအဖြစ် ပြောရရင် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတာဝန်ကို ယူခဲ့ရတဲ့ အခြေအနေ ကိုကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ အိမ်စောင့်အစိုးရ ကာလမတိုင်ခင် တပ်မတော်ဟာ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ဘဲ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ခိုင်မာအောင်သာ ထောက်ကူခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး နိုင်ငံအုပ်ချုပ်ရေး၊ နယ်မြေသတ်မှတ်ရေးနဲ့ အာ ဏာခွဲဝေမှု မကျေနပ်ချက်တွေအရ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု ပေါ်ပေါက်လာခဲ့ပါတယ်။ ရန်ကုန်အစိုးရလို့ခေါ်ခံရတဲ့အထိ ဖြစ်လာခဲ့တဲ့ နိုင်ငံရေးအစိုးရကို သြဇာရှိတဲ့အစိုးရအဖြစ် ရန်သူတွေကို တိုက်ထုတ်ပြီး ထမ်းတင်ပေးခဲ့တာက တပ်မတော်ပါ။ တစ်ပိုင်းကကြည့်ရင် အချုပ်အခြာအာဏာ မဆုံးရှုံးစေဖို့ နိုင်ငံရေးကို စစ်ရေးအရ အကာအကွယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 
    အခြေအနေပြန်ကောင်းလာတဲ့အခါ ဦးဆောင် ဖဆပလအတွင်းမှာ နိုင်ငံရေးအကွဲအပြဲတွေ၊ အာဏာလုမှုတွေ ဖြစ်လာခဲ့ပါတယ်။ အများသိပြီးသား ဦးနုနဲ့ သခင်တင် ဦးဆောင်တဲ့  သန့်ရှင်းဖဆပလနဲ့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အုပ်စု ဦးဆောင်တဲ့ တည်မြဲဖဆပလ အကွဲအပြဲပါ။ အဲဒီအကွဲကလည်း အဓိကအားဖြင့် အာဏာအားပြိုင်မှုအရပဲ ဖြစ်ပါတယ်။ အစိုးရ ဦးဆောင်ပါတီ အကွဲအပြဲဖြစ်တဲ့အ တွက် တည်ငြိမ်စပြုလာတဲ့ ပြည်တွင်းရေးဟာ မတည်ငြိမ်မှုတွေ ပြန်ဖြစ်လာခဲ့သလို ငြိမ်းချမ်းရေးလမ်း ပေါ်ရောက်ခါနီး လက်နက်ကိုင်အုပ်စုရဲ့ လက်နက်ကိုင်တိုက်ပွဲတွေ တစ်ကျော့ပြန်ခေါင်း ထောင်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကို ဦးနုအစိုးရအနေနဲ့ မထိန်းနိုင်တော့တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းဆီကို စာရေးပြီး နိုင်ငံအုပ်ချုပ်ရေးကို ခေတ္တကိုင်တွယ်ပေးဖို့ အကူအညီတောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်း အမှန်ကို အခုအခါမှာ နိုင်ငံရေးသမားတွေက တပ်ကပဲ အာဏာအပ်ပေးဖို့ ဦးနုကို လက် နက်ပြခြိမ်းခြောက်တဲ့အတွက် အိမ်စောင့်အစိုးရပေါ်လာ ခဲ့တာဆိုပြီး ဝါဒဖြန့်နေတာ တွေ့ရမှာဖြစ်ပါတယ်။ 
    အိမ်စောင့်အစိုးရလက်ထက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အစိုးရအဖွဲ့ကို ကျစ်လျစ် စွာ ဖွဲ့စည်းပြီး တပ်မတော်အရာရှိကြီးတွေကိုတော့ အရေးကြီးတဲ့ဌာနတွေမှာ အထူးအရာရှိအဖြစ် တာဝန် ပေးဆောင်ရွက်ခဲ့စေပါတယ်။ လစာနဲ့အခွင့်အရေးထပ်မရဘဲ တပ်မတော်လစာနဲ့ လုပ်ငန်းတာဝန်ကို အပို ထမ်းဆောင်စေတာဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ကိုချွေတာပြီး ထိရောက်တဲ့ စီမဲခန့်ခွဲမှုကို ဦးတည်ခဲ့ တာပဲ ဖြစ်ပါတယ်။ အိမ်စောင့်အစိုးရတာဝန်ယူတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီး နိုင်ငံစတင်တည်ဆောက်ချိန်မှ ဆယ်နှစ်တာကာလအတွင်း တဖြည်းဖြည်း ချင်း ယိုယွင်းလာခဲ့တဲ့ အဂတိကိစ္စ၊ အုပ်ချုပ်မှုကိစ္စ၊ စီးပွားရေးကိစ္စတွေကို ပြန်လည်တည့်မတ်ပေးခဲ့ပါတယ်။ တိုင်းပြည်လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ ဖဆပလအစိုးရ အုပ်စုကွဲတွေရဲ့ ပွစိထအောင် ထူထောင် ထားတဲ့ လက်ကိုင်တုတ်တပ်ဖွဲ့တွေ၊ လူမိုက်ဂိုဏ်းတွေကိုလည်း ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့အတွင်းက ဗဟန်း၊ ရွှေဂုံတိုင်၊ တော်လှန်ရေး ပန်းခြံ၊မင်းမနိုင်စတဲ့နေရာတွေမှာ ဒုစရိုက်မျိုးစုံနဲ့ ပြွတ် သိပ်ကျပ်သိပ်စွာ ကျူးကျော်နေထိုင်ကြတဲ့ ကျူးကျော်တွေကို ရှင်းလင်းပေးခဲ့ပါတယ်။ လက်လွတ်စပယ် ရှင်း လင်းပေးခဲ့တာမဟုတ်ဘဲ သာကေတနဲ့ ဥက္ကလာမှာ မြို့ကွက်သစ်တွေ စီမံပေးပြီး မြေပိုင်၊ အိုးပိုင် အိမ်ပိုင်ဖြစ်အောင် စီမံပေးခဲ့တာ ဖြစ်ပါတယ်။ ကျူးကျော်ကိစ္စဖြေ ရှင်းခဲ့တာနဲ့ပတ်သက်ပြီး ဖယ်ရှားခံကြရတဲ့ ပြည်သူအတော်များများက တပ်မတော်အပေါ် အမြင်မကြည်လင်မှုတွေ ဖြစ်လာခဲ့ကြတာ တွေ့ ရပါတယ်။ 
    အဓိကအားဖြင့် အိမ်စောင့်အစိုးရလက်ထက်မှာ ဆောင်ရွက်ပေးခဲ့တာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ စော်ဘွားအာဏာစွန့်လွှတ်ရေးနဲ့ တရုတ်-မြန်မာ နယ်နိမိတ်ကိစ္စ ပြီးပြတ်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ စော်ဘွားတွေဟာ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက် အရွေးခံခွင့်မရှိဘဲ လူမျိုးစုလွှတ် တော်မှာ မဲရွေးစရာမလိုဘဲ နေရာရထားတာ ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ် ပီပြင်စေဖို့ အခြေခံ ဥပဒေမှာ သုံးနှစ်အတွင်း စော်ဘွားအာဏာစွန့်လွှတ်ရမယ်လို့ ပါရှိပါတယ်။ သို့သော် ၁၀ နှစ်ကြာတဲ့အထိ ဘာမှမဆောင်ရွက်နိုင်ခဲ့ပါ။ ဒီကိစ္စကို အိမ်စောင့်အစိုးရက ဆွေးနွေးညှိနှိုင်းလျော်ကြေးပေးပြီး ဖြေရှင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျူးကျော်ကိစ္စတွေနဲ့ စော်ဘွားအာဏာစွန့်ရမယ့်ကိစ္စတွေကို နိုင်ငံရေးအစိုးရလက်ထက်မှာ မဖြေရှင်းခဲ့ကြတာက လူထုစိတ်ကွက်ပြီး မဲမရမှာစိုးတဲ့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ အိမ်စောင့် အစိုးရက ရွေးကောက်ပွဲ ပြန်လုပ်ပေးတဲ့အခါ သူတို့မဲရဖို့အတွက် ဦးနုအပါအဝင် ဒီနိုင်ငံရေးသမားတွေကပဲ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို 'ဖက်ဆစ်ဆန်ဆန် ဆောင်ရွက်ခဲ့တယ်၊ သူတို့အာဏာပြန်ရရင် တပ်မတော်ကို နိုင်ငံအုပ်ချုပ်ရေးအာဏာထဲမှာ မထားတော့ဘဲ စစ်တန်းလျား ပြန်ပို့မယ်'ဆိုတဲ့ စကားတွေနဲ့ တပ်မတော်ကိုနင်းပြီး စည်းရုံးခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး တပ်မတော်နဲ့ နိုင်ငံရေးသမားတွေရဲ့ပွတ်တိုက်မှု စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တပ်မတော်ကတော့ လုပ်သင့် တာသာလုပ်ပြီး နိုင်ငံရေးသမားတွေကတော့ တပ်မတော်ကို ပြိုင်ဘက်သဖွယ် ပုတ်ခတ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ 
    အဲဒီလိုပါပဲ။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီကိစ္စ၊  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိစ္စ၊ ၈၈ အရေးအခင်းကိစ္စ၊ တပ်မတော်အစိုးရဖြစ်တဲ့ နဝတ၊ နယက ကိစ္စတွေကို ပြန်ကြည့်ရင် မှန်တာတွေ လည်းရှိမယ်၊ မှားတာတွေလည်း ရှိမှာဖြစ်ပါတယ်။ သို့သော်ဝေဖန်မှုတွေ၊ ပြောဆိုမှုတွေကို ကြည့်ရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မကောင်းတာတွေဘဲ ပြောခဲ့ကြတာတွေ့ရ မှာဖြစ်ပါတယ်။ ပြည်ထောင်စုကိစ္စ၊ ဖက်ဒရယ်ကိစ္စ၊ ပင် လုံညီလာခံသဘောတူညီချက်အပေါ် အငြင်းပွားစေတဲ့ကိစ္စ အတော်များများဟာ တပ်မတော်နဲ့မဆိုင်ပါ။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ တွေဟာ တပ်မတော်မှာ တာဝန်ရှိတယ်ဆိုတာ တစ်စိတ် တစ်ဒေသအားဖြင့် မှန်တယ်လို့ ဆိုနိုင်ပေမယ့် သူ့တစ်ဖွဲ့ တည်းသဘောနဲ့ လုပ်ခဲ့တာတော့ မဟုတ်ပါ။ လူတန်းစားအသီးသီးနဲ့ ပညာရှင်တွေလည်း ပါပါတယ်။ အခြေခံ အားဖြင့် တိုင်းပြည်ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ရင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို အခြေခံပြီးခေတ်စနစ် ပြောင်းလာတဲ့အခြေအနေတွေအရ တိုးမြှင့်သတ်မှတ်ခဲ့ ကြတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှန်တွေကို ဘယ်နိုင်ငံရေးသမားကမှ ရှင်းပြခဲ့ကြတာမရှိပါ။ ငါနဲ့မတူ ငါ့ရန်သူဆိုသလို သမိုင်းမှာဖြစ် ခဲ့တဲ့ကိစ္စအားလုံးကို တပ်မတော်အပေါ် ပုံချခဲ့ကြတာ မဖြစ်သင့်တဲ့ကိစ္စပါ။ 
    လက်ရှိ ၂၀၂၁ က  ပြဿနာကိုကြည့်ရင် တပ်မတော်မှာပဲ တာဝန်ရှိတာလား။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အာဏာလိုချင်လို့ အတင်းစီစဉ် ခဲ့တာလား။ မတိုင်ခင်က အခြေအနေတွေကို နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေပါ သိကြပါတယ်။ ညှိနှိုင်းဖြေရှင်းလို့ရရဲ့သားနဲ့ အတင်းဇွတ်လုပ်ခဲ့ကြတာကို ထိမ်ချန်ပြီး တမင်သက်သက် တပ်မတော်နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အပေါ် အပြစ်ပုံ ချခဲ့ကြတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံရေးအရ သူတစ်ပါးကို အပြစ်ပုံချပြီး ကရုဏာ ချူခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဒီလိုကရု ဏာချူခဲ့တဲ့အတွက် ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကိုတော့ အခုကြုံ တွေ့နေကြရတာ ဖြစ်တဲ့အတွက် ထူးပြီးပြောစရာ လိုမယ်မထင်ပါ။ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ တိုင်းပြည်မှာ နေရာစုံ သူပုန်ထတာတွေ ဖြစ်လာခဲ့သလို လူငယ်အတော်များများရဲ့ အနာဂတ်တွေ ပျက် စီးသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်ကောင်းကျိုးဘာရှိပါသလဲ။ ဘက်အနေနဲ့ တစ်ဖက် ကို အပြစ်ပုံချပြီး ကိုယ်အားသာအောင်လုပ်တာ သာမန်အားဖြင့် လက်ခံလို့ရကောင်းရနိုင်ပေမယ့် တိုင်း ပြည်အနေနဲ့ကြည့်ရင် ဆုံးရှုံးမှုကြီးပါတယ်။  
    UN မှာ ကျော်မိုးထွန်းပြောတဲ့ ကိစ္စကိုကြည့်ပါ။ ဘက်အနေနဲ့ တပ်မတော်နဲ့ လက်ရှိအစိုးရအပေါ် အပြစ်ပုံချပြီး သူတို့အားသာဖို့ ပြည်ပအကူအညီရရေး မျက်ရည်ခံထိုးပြီး ကရုဏာချူတာပဲ ဖြစ်ပါတယ်။ ပေါ်ပေါ် ထင်ထင်ကိုပင် ပြည်ပက ကူညီကြဖို့ တောင်းဆိုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်ကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာ ရှိကောင်းရှိ နိုင်ပါတယ်။ သို့သော် NUG ? PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေလို ဒလန်ခေါင်းစဉ်နဲ့သတ်တာ၊ အကြောင်းအမျိုးမျိုးပြပြီး သံဃာတော်တွေ၊ မိန်းမတွေ၊ ဝန်ထမ်းတွေ၊ ဆရာမတွေ၊ အုပ်ချုပ်ရေးမှူးတွေကို တမင်သက်သက် ညှဉ်းပန်းနှိပ်စက်ပြီးသတ်တာမျိုးမရှိဘဲ  စစ်ဆင်ရေးအရ ကြားညပ်ပြီး ထိခိုက်သေကျေတာမျိုးသာ ရှိပါလိမ့်မယ်။ ဒီလိုပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် နိုင်ငံသားတွေသေကျေပျက်စီးနေရလို့ ဝမ်းနည်းပူဆွေး ပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်ပေးပါ ဆိုရင်တောင် ပြည်သူဘက်က ရပ်တည်တာဖြစ်လို့ ကျော်မိုးထွန်းရဲ့လုပ်ရပ်ဟာ လက်ခံ နိုင်စရာပါ။ အခုဟာက သူတို့လုပ်ရပ်ကြောင့် သေကျေပျက်စီးခဲ့တာတွေကို ဖုံးကွယ်ပြီး တပ်မတော်ကို ပုံချတာပဲ ဖြစ်ပါတယ်။ မျက်ရည်ခံထိုးတာက တပ်မတော်ကျရှုံးပြီး သူတို့အနိုင်ရစေဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးကို ခုတုံးလုပ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံကို ခြယ်လှယ်ချုပ်ကိုင်လိုတဲ့ နိုင်ငံတွေ အလွယ်တကူ ဝင်လာနိုင်စေဖို့ လမ်းဖွင့်ပေးတဲ့ ခေတ်သစ်ပုဆိန်ရိုး လုပ်ရပ်လို့သာ ဆိုရမှာပါ။ 
    လက်ရှိအချိန်မှာ စနစ်အပေါ်ကို မှန်မှန်ကန်ကန်ပြန်ရောက်အောင်၊ အဲဒီစနစ်ကိုအခြေခံပြီး ညီညွတ်ခိုင်မာတဲ့ စနစ်တစ်ခုရအောင် ဘယ်သူတွေ လုပ်နေကြပါသလဲ။ လက်ရှိသမ္မတအစိုးရ၊ တပ်မတော် အနေနဲ့ လေကန်ဝေဖန်နေမယ့်အစား လက်တွေ့ကျကျ သူတို့ လုပ်စရာရှိတာ သူတို့ လုပ်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ လိုက်ပြီး ဝေဖန်တိုက်ခိုက်မနေကြပါဘူး။ သေချာကြည့်ရင် အစိုးရနဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပုဂ္ဂိုလ်ရေးနဲ့ အဖွဲ့အစည်းသက်သက် အတွက်လုပ်နေတာ မဟုတ်ဘဲ တိုင်းပြည်အတွက် လုပ်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားတိုင်း ပြည်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နေတာဟာ တိုင်းပြည်ရေရှည်အကျိုး စီးပွားအတွက် ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။ 
    အခြေခံဥပဒေအရ ရွေးကောက်ခံပြီးတက်လာတဲ့ အစိုးရလက်ထက်မှာ ပြည်ပဆက်ဆံရေး တိုး တက်လာတာ အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာက အမြင်အမျိုးမျိုး ရှိမှာမှန်ပေမယ့် ငြင်းလို့မရတဲ့အခြေအနေတစ်ခုက တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန် ယူထားတာ မဟုတ်တော့ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်ပဆက်ဆံရေး တိုးတက်လာနေတာတွေနဲ့ပတ်သက်ပြီး မခံစားနိုင်ဘဲ ပွင့်ထွက်လာတဲ့သူက NUG ဝန်ကြီးဆိုတဲ့ ဇင်မာအောင်ပဲ ဖြစ်ပါတယ်။ သူကတော့ အတုအယောင်ရွေးကောက်ပွဲက တက်လာတဲ့ အတုအယောင် သမ္မတလို့ သုံးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေက လက်ခံတွေ့ဆုံကြတာဟာ တရားဝင်အဖြစ် သတ်မှတ်တာမဟုတ်ဘူးလည်း ဆိုပါတယ်။ ဘာလို့ဒီလိုပြော ရသလဲ။ အဖြေက ရှင်းပါတယ်။ ရွေးကောက်ပွဲကို လက်ခံလိုက်ရင်၊ သမ္မတအဖြစ် သတ်မှတ်ကြရင် သူတို့ ဆက်လုပ်လို့မရတော့မှာ မို့လို့ပါ။ ဘယ်လိုပဲပြောပြော  နိုင်ငံတကာကရော၊ မီဒီယာတွေကပါ  ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်လို့ မသုံးတော့ဘဲ သမ္မတ ဦးမင်းအောင်လှိုင်လို့သာ ခေါ်ကြပါတော့တယ်။ အထူးသဖြင့် သွားရောက်ခဲ့တဲ့နိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ အသုံးအနှုန်းကိုကြည့်ရင် ရှင်းပါတယ်။ ဒီသဘာဝနဲ့ အခြေအနေကိုကြည့်ရင် အချိန်းအပြောင်း ကာလတစ်နှစ် မပြည့်ခင်မှာပင် ပြည်ပအမြင်နဲ့ ပြည်ပဆက် ဆံရေး တိုးတက်ပြောင်းလဲလာတာ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဂျပန်ကဆိုရင် ပြန် လည်ရင်းနှီးမြှုပ်နှံဖို့အထိပင် တာဆူနေပြီ ဖြစ်ပါတယ်။ 
    ဒီလို အခြေအနေ၊ ဒီလို အခင်းအကျင်းတွေအရ နွေဦးတော်လှန်ရေးဆိုတာ အောင်မြင်စရာမရှိတော့ဘဲ မှေးမှိန်ပျောက်ကွယ်သွားမှာ၊ တိုင်းရင်းသားလက် နက်ကိုင်နယ်မြေ သိမ်းပိုက်ရေးကလည်း မှုန်ဝါးသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေထက် ကျော်လွန်နေတဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ တပ်မတော်ကို တာဝန်ပေး လို့ရပါတယ်။ ဒါကိုပင် တရားသောစစ်လို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ လေယာဉ် မပျံသန်းရဇုန်တွေ၊ R2P တွေ မျှော်မနေကြပါနဲ့။ ဒီအချိန်မှာအဖြေက PDF တွေအနေနဲ့ လက်နက်စွန့် အလင်းထဲ ပြန်ဝင်ကြဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့  ငြိမ်းချမ်းရေးလမ်းကိုသာ လိုက်ကြဖို့ပဲ ဖြစ်ပါတယ်။     ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 51

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67962

© 2022 - 2026 News. All Rights Reserved.