ကမ္ဘာပေါ်မှာ မြန်မာလူမျိုးတွေက သနားကြင် နာတတ်ဆုံးလူမျိုးတွေဖြစ်သည်။ သနားစိတ်ဝင်မိပြီဆိုရင် မြန်မာလူမျိုးတွေ နေမထိထိုင်မသာဖြစ်ပြီး ကူညီပေးချင်စိတ်က တဖွားဖွား ပေါ်တတ်သည်။ ဒါကလည်း အားနည်းချက်ကြီးလို ဖြစ်နေသည်။ တခြားမကြည့်နဲ့ မြန်မာ့ရုပ်ရှင်လောကကိုပဲကြည့်ရင် သိနိုင်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုက ဒရမ်မာကားတွေ ဖြစ်နေသည်။ ဟာသကားတွေဆိုရင် ရုပ်ရှင်ထူးချွန်ဆု မရတာများသည်။ များသောအားဖြင့် ပရိသတ်ငိုအောင်၊ ပရိသတ်ပူဆွေးသောကဖြစ်အောင် ငိုပြယိုပြသည့် ဒရမ်မာဇာတ်ကားမျိုး၊ ဇာတ်နာတဲ့ ဇာတ်ကားမျိုးဆိုရင် အလိုလို အကယ်ဒမီတန်းဝင် ဇာတ်ကားများ ဖြစ်တတ်သည်။ ဒီလိုဆိုတော့ ထုတ်လုပ်ရေးတွေကလည်း ဟာသကားများတွင် ပရိသတ်ခိုင်ခိုင်မာမာ ရှိသော်လည်း အကယ်ဒမီတန်းဝင်အောင် ဒရမ်မာကားလေးတွေ တစ်ကားစ၊ နှစ်ကားစ ရုံတင်လေ့ရှိသည်။ ဒီလိုဒရမ်မာကားမျိုးမှာ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံတစ်ယောက်ယောက်များ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီဆိုတာနဲ့ အကယ်ဒမီရတော့မှာဟု မှတ်ချက်ပြုကြလေ ရှိသည်။ နောက်ဆုံး အကယ်ဒမီဆန်ခါတင် ဝင်ပြီး အကယ်ဒမီဘုတ်အဖွဲ့က စစ်ဆေးအကဲဖြတ်ရာတွင်လည်း ထုံးစံအတိုင်း အငိုကောင်းတဲ့ ဇာတ်ဆောင်တွေ၊ သနားစဖွယ် ဇာတ်ဆောင်တွေသာ အကယ်ဒမီရလေ့ရှိတာက ကလင်ဒါကျ ဖြစ်နေတတ်သည်။
အာရှတစ်ခွင်ကို လေ့လာကြည့်ရာတွင်လည်း ရုပ်ရှင်အတတ်ပညာရှင်များကို ထူးချွန်ဆုပေးရာတွင် ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ပရိသတ်သနားအောင် သရုပ်ဆောင်တတ်သူ အများဆု ထူးချွန်ဆုရတာများသည်။ ဒီတော့ မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ရံ အများစုက ထူးချွန်ဆုလိုချင်ရင် ဒရမ်မာကားတစ်ကား လောက်တော့ ရိုက်ကြသည်။ အမှန်ပြောရရင် မြန်မာ့ရုပ် ရှင်ဈေးကွက်တွင် ဟာသကား လောက် ဒရမ်မာကားက ရုံတင်ဝင်ငွေ သိပ်မရချေ။ လူတွေက ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ တစ်ခါတလေ စိတ်အပန်းဖြေချင်လို့ ရုပ်ရှင်ကြည့်တဲ့အခါ ဟာသဇာတ်မြူးလေးတွေပဲ ကြည့်ချင်ကြသည်။ ပိုက်ဆံပေး ပြီး ရုံထဲဝင်ကာ မျက်ရည်စက်လက်နဲ့ပူဆွေးသောကရောက်တာမျိုးတော့ ထူးမြတ်တို့လည်း ဝေးဝေးက ရှောင်သည်။ ပေါကားပရိသတ်ပဲပြောပြော ဟာသကားကို ကြိုက်သည်။ မည်သို့ပင်ဆိုစေ အကယ်ဒမီအခါ သမယ ရောက်လာရင်တော့ ဒရမ်မာကားတွေက အကယ်ဒမီ တန်းဝင်ကြသည်။ ဥရောပနှင့် အနောက်နိုင်ငံတွေကျတော့လည်း ရုပ်ရှင်ထူးချွန်ဆုတွေကို အက်ရှင်ကားပဲဖြစ်ဖြစ်၊ ဒရမ်မာကားပဲဖြစ်ဖြစ်၊ ဟာသ ကားပဲဖြစ်ဖြစ် ခွဲခြားတာမျိုးမရှိဘဲ သရုပ်ဆောင်အရည်အချင်းကိုရွေးပြီး ချီးမြှင့်တတ်ကြသည်။
ထူးမြတ်တို့ မြန်မာလူမျိုးတွေကတော့ စိတ်ခံစားချက်ကို ဦးစားပေးလေ့ရှိသည်။ ငိုစရာဆိုရင်လည်း အတူတကွ ငိုချင်ကြသည်။ ဒီလိုကြောင့်လည်း အငှားငိုပေးကြတဲ့ ဧယဉ်ကျူးတဲ့သူတွေဆိုတာ ရှိလာတာဖြစ်သည်။ ထေရ်ကြီးဝါကြီး ရဟန်းသံဃာတော်ကြီးတွေ ပျံလွန်မူရင် ဧယဉ်ကျူးတဲ့သူတွေကို ငှားကြသည်။ စတင်ပျံ လွန်တော်မူတဲ့ရက်ကနေ နောက်ဆုံး ဈာပနအခမ်းအနားအထိ တရှုံ့ရှုံ့ငိုတတ်တဲ့ နာမည်ကြီး ဧယဉ်ကျူးတဲ့ မင်းသမီးတွေကို ငှားရမ်းလေ့ရှိသည်။ မင်းသမီးကလည်း ဆရာတော်ကြီးကို ကပ်ဖို့ ဆွမ်းချိုင့်လေးကိုင်ပြီး ကျောင်းကိုလား၊ ဆရာတော်ကြီးက ကျောင်းမှာ ပျံလွန်တော်မူနေ 'အောင်မလေး ဆရာတော်ဘုရားရဲ့'ဆိုပြီး ရှိုက်ကြီးတငင်ငင် ငိုပြရင်း ဈာပနလာတဲ့ ဒကာ၊ ဒကာမတွေကလည်း မျက်ရည်လေးတစမ်းစမ်းနဲ့ဆိုရင် ဘုန်းကြီး ပျံပွဲစည်ကားလိုက်တာဟု မဆီမဆိုင် ပြောတတ်ကြသေးသည်။
ကမ္ဘာပေါ်မှာလည်း ထိုနည်းတူစွာ အငှားငိုကြတဲ့ ပရော်ဖက်ရှင်နယ်တွေရှိသည်။ အနောက်နိုင်ငံ အချို့တွင်လည်း ]Rent a Mourner} ကဲ့သို့သော ကုမ္ပဏီများရှိပြီး နာရေးပွဲတွင် လူနည်းမည်ကို စိုးရိမ်ပါက သို့မဟုတ် အခမ်းအနားကို ပိုမိုလေးနက်စေချင်ပါက လာရောက် ငိုကြွေးဝမ်းနည်းပေးမည့် လူများကို ဝန်ဆောင်ခပေး၍ ငှားရမ်းလေ့ရှိသည်။ အလုပ်သဘောသဘာဝအရ နာရေးပွဲများသို့ တက်ရောက်ပြီး သေ ဆုံးသူ၏ မိသားစု၊ ဆွေမျိုးများနှင့်အတူ ဝမ်းနည်းပူဆွေးကာ အသံထွက်၍ ငိုကြွေးပေးရသည့် အလုပ် ဖြစ်သည်။ နာရေးပွဲကို ပိုမို စည်ကားစေရန်၊ သေ ဆုံးသူသည် လူချစ်လူခင်များကြောင်း ပေါ်လွင်စေရန် သို့မဟုတ် ဝမ်းနည်းဖွယ်ရာ အငွေ့အသက်ကို ပိုမို ပေါ်လွင်စေရန်အတွက် မိသားစုများက ငှားရမ်းလေ့ ရှိကြသည်။
အိန္ဒိယနိုင်ငံနိုင်ငံရာဂျက်စသန် (Rajasthan) ပြည်နယ်တွင် Rudaali (ရူဒါလီ) ဟုခေါ်သော အမျိုးသမီးအုပ်စုများရှိပြီး၊ ၎င်းတို့၏ အလုပ်က အထက်တန်းလွှာ နာရေးပွဲများတွင် သွားရောက်၍ အနက်ရောင်အင်္ကျီ များဝတ်ဆင်ကာ အော်ဟစ်ငိုကြွေးပေးသည့် အစဉ်အလာရှိသည်။
ပြောချင်တာက ကမ္ဘာနဲ့ချီပြီး ပြောချင်တာမဟုတ်ဘဲ မြန်မာလူမျိုးတွေရဲ့ သီးသန့်သနားတဲ့ စိတ်ကို ပြောချင်တာ ဖြစ်သည်။ ဒါကြောင့်လည်း ယနေ့ခေတ် လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံမီဒီယာများက လူအများ သနားသက်ဝင်စေသော ရုပ်သံများကို ထုတ်လွှင့်လေ့ရှိသည်။ ဒီလိုလူအများ သနားပြီ ဆိုရင် ဝိုင်းဝန်းထောက်ပံ့လှူကြတန်းကြရင် အဆင်ပြေသွားကြသူတွေ လည်းရှိသည်။ ဒီလိုဆိုတော့ သနားအောင် ပြောကြဆိုကြ၊ ဝိုင်းသနားတဲ့သူတွေက သနားကြနှင့် လူ့အသိုက်အဝန်းတစ်ခု သူဟာနှင့်သူ အချိတ်အဆက်မိနေကြသည်။ ယုတ်စွအဆုံး ဘယ်လောက်ထိ သနားတတ်ကြသလဲဆိုရင် တလောက လူမှုကွန်ရက်တွင် တွေ့မြင်ရသော ရုပ်သံတစ်ခုက သက်သေဖြစ်သည်။ ပစ္စည်းခိုးယူတတ်သည့် သူခိုး တစ်ယောက်ကို လူအများက ဝိုင်းဖမ်းကြသည်။ သူခိုးကလည်း သူခိုးချင်လို့ မဟုတ်ကြောင်း မိသားစု စားဝတ်နေရေးအတွက် မလွှဲမ ရှောင်သာ ခိုးရတာဖြစ်ကြောင်း မျက်ရည်ခံထိုးတော့ ကြည့်ရှုသူအပေါင်း ဝိုင်းပြီး သနားလိုက်ကြတာ သူခိုးသူတော်ကောင်းကြီးဖြစ် သွားသည်အထိဖြစ်သည်။ အရင်က ခိုးတာဝှက် တာတွေက တစ်ခါလောက် ငိုပြလိုက်တာနဲ့ အပြစ်တွေ ကျေကုန်သည်။ လူတွေဆိုတာက သနားတတ်၊ ကြင်နာတတ် ကြသည်။
ဒါကြောင့် နောက်ပိုင်း သူခိုးသူဝှက်တွေမိရင် ပုံစံတူ ဒရမ်မာ ချိုးကြတော့သည်။ ခုလည်း ကုလသမဂ္ဂစင်မြင့်ထက်မှာ ပဝါလေးတစ်ထည်ထုတ်ပြီး ငိုပြနေတာ ကို ဝိုင်းသနားကြပြန်သည်။ ဒေါ်လာ ၂ ဒသမ ၆ သန်း ခိုးတဲ့ သူတော်ကောင်းကြီးမြင်ရတော့ ထူးမြတ်တို့လည်း မျက်ရည်ဝဲမိပြန်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )