နေပြည်တော် ဘိုးဘိုးကြီး

ယဉ်ကျေးမှု ခိုးယူခြင်းနှင့် အမျိုးသားအမွေအနှစ်ကို ကာကွယ်စောင့်ရှောက်ခြင်း
    ယဉ်ကျေးမှုသည် လူတစ်ဦးချင်းစီအတွက်သာမက လူမျိုးတစ်မျိုးနှင့် နိုင်ငံတစ်နိုင်ငံလုံးအတွက် လွန်စွာအရေးကြီးသော အမျိုးသားအမွေအနှစ်တစ်ရပ် ဖြစ်သည်။ လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း၊ အတွေးအခေါ်၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းနှင့် လူနေမှုဘ၀တို့ကို ထင်ဟပ်ဖော်ပြနေသည့်အတွက် ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အမှတ်အသားနှင့် အသက်ဝိညာဉ်ပင် ဖြစ်သည်။ ယဉ်ကျေးမှု အမွေ အနှစ်များ ပျောက်ကွယ်သွားပါက လူမျိုး၏ မူလဇာစ်မြစ်နှင့် ထူးခြားသော ဝိသေသလက္ခဏာများလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားနိုင်သည်။ ထို့ကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အတိတ်ကို တန်ဖိုးထားခြင်းသာမက ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် မိမိတို့၏ အမျိုးသားအမှတ်အသားကို ဆက်လက်ရှင်သန်စေခြင်းလည်း ဖြစ်သည်။
    ယဉ်ကျေးမှု၏ အရေးပါမှုသည် ရိုးရာဝတ်စား ဆင်ယင်မှုနှင့် အနုပညာလက်ရာများတွင်သာ တည်ရှိနေခြင်း မဟုတ်ပေ။ လူတစ်ဦး၏ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးတွင် ယဉ်ကျေးသိမ်မွေ့မှုရှိခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်လေးစားမှု၊ ချစ်ခင်မှုနှင့် နားလည်မှုတို့ကို ဖြစ်ပေါ်စေသည်။ ထိုသို့သော စံတန်ဖိုးများနှင့် အပြုအမူကောင်းများကို ဘိုးဘွားအစဉ်အဆက်က လက်ဆင့်ကမ်းပေးခဲ့ကြပြီး နောင်မျိုးဆက် များကလည်း ဆက်လက် ထိန်းသိမ်းကြရသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်ပါ ဆက်စပ်နေသည့်အတွက် ယဉ်ကျေးမှုအမွေ အနှစ်များကို မှန်ကန်စွာ ထိန်းသိမ်းတန်ဖိုးထားနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသား အမှတ်အသားကို မြှင့်တင်ပေးနိုင်သည်။
    သို့ရာတွင် ယနေ့ကမ္ဘာကြီး၌ လူမျိုးတစ်မျိုးနှင့် တစ်မျိုး အပြန်အလှန်ဆက်ဆံမှုများ ပိုမိုများပြားလာသည့်အလျောက် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုခိုးယူ ခြင်းဟူသော ကိစ္စရပ်နှစ်ခုကိုလည်း ခွဲခြားနားလည်ရန် လိုအပ်လာသည်။ ယဉ်ကျေးမှုဖလှယ်ခြင်းဆိုသည်မှာ အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကို စိတ်ဝင်စားစွာလေ့လာခြင်း၊ အပြန်အလှန် လေးစားခြင်းနှင့် မူလပိုင်ရှင်တို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြင့် အကျိုးရှိစွာ မျှဝေခြင်းဖြစ်သည်။ ယဉ်ကျေးမှုခိုးယူခြင်း (Cultural Appropriation) ဆိုသည်မှာမူ အခြားလူမျိုးတစ်မျိုး၏ ရိုးရာဝတ်စုံ၊ အနုပညာ၊ ဘာသာရေးသင်္ကေတနှင့် ဓလေ့ထုံးတမ်းများကို မူလသမိုင်းကြောင်းနှင့် အဓိပ္ပာယ်တို့ကို လျစ်လျူရှုကာ မူလပိုင်ရှင်တို့၏ အသိအမှတ်ပြုမှု မပါဘဲ မိမိတို့၏ ယဉ်ကျေးမှုအဖြစ် ဖော်ပြခြင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းမျိုးကို ဆိုလိုသည်။
    ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပွဲဖြစ်ခဲ့သည့် ထိုင်မသိမ်းသည် မြန်မာ့ ရိုးရာ ဝတ်စားဆင်ယင်မှုတွင် ထူးခြားသော နေရာတစ်ခုကို ပိုင်ဆိုင်ထားသည့် အဝတ်အစားဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာ့နန်းတွင်း ဝတ်စားဆင်ယင်မှုနှင့်လည်း ဆက်စပ်နေသည်။ ၎င်း၏ အထည်ချုပ်ပုံ၊ အလှဆင်ပုံနှင့် ဝတ်ဆင်ပုံတို့သည် မြန်မာ့ရိုးရာအနုပညာနှင့် လက်မှုပညာတို့၏ လက္ခဏာများကို ဖော်ပြနေသည်။ ထိုင်မသိမ်းသည် အဝတ်အထည်မျှသာ မဟုတ်ဘဲ မြန်မာ့သမိုင်းကြောင်းနှင့် ရိုးရာ အနုပညာကို ထင်ဟပ်ဖော်ပြနေသည့် ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်ဖြစ်သည်။
    မကြာသေးမီက ထိုင်းနိုင်ငံထုတ် Scarlet Heart Thailand ရုပ်သံဇာတ်လမ်းတွဲ၏ ကြော်ငြာပုံများနှင့် နမူနာဗီဒီယိုများတွင် မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံများနှင့် ဆင်တူသည့် ဝတ်စုံများကို ထိုင်းရိုး ရာဝတ်စုံများအဖြစ် ဖော်ပြထားသည်ဟု မြန်မာအနုပညာရှင်များနှင့် ပရိသတ်အချို့က ဝေဖန်ကန့်ကွက်ခဲ့ ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာအနုပညာရှင်များက မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံများဖြင့် ဓာတ်ပုံများတင်ကာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၏ မူလဇာစ်မြစ်ကို အသိအမှတ်ပြုရန် တောင်းဆိုခဲ့ကြ သည်။ ဇာတ်လမ်းတွဲ ထုတ်လုပ်သည့် GMMTV ကလည်း မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ သည် ဇာတ်လမ်းတွဲအတွက် လှုံ့ဆော်မှု ရင်းမြစ်များထဲတွင် ပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပေါ်လာသော စိုးရိမ်မှုများနှင့် မကျေ နပ်မှုများအတွက် တောင်းပန်ခဲ့ရသည်။ ထို့အပြင် ဇာတ်လမ်းတွဲ တွင် လန်နားယဉ်ကျေးမှု၊ တိုင်လူမျိုးစုများ၊ တရုတ်နှင့် မြန်မာတို့၏ ယဉ်ကျေးမှုလွှမ်းမိုးမှုများကို စိတ်ကူး ယဉ်ဇာတ်လမ်းနှင့် လိုက်လျောညီထွေစွာ ပေါင်းစပ်ထားခြင်းဖြစ်ကြောင်းလည်း ထုတ်လုပ်ရေးဘက်က ရှင်းလင်းထားသည်။
    ဤဖြစ်ရပ်သည် ယဉ်ကျေးမှုအမွေအနှစ်များကို ဖန်တီးတင်ဆက်ရာတွင် မူလဇာစ်မြစ်ကို မှန်ကန်စွာဖော်ပြရန်နှင့် သက်ဆိုင်ရာလူမျိုးတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန် မည်မျှအရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်။ ယဉ်ကျေးမှု၏ မူလဇာစ်မြစ်ကို ဖုံးကွယ်ခြင်း၊ အခြားလူမျိုး၏ ရိုးရာဝတ်စုံကို မိမိတို့၏ မူလပိုင်ဆိုင်မှုအဖြစ် ဖော်ပြခြင်းနှင့် သမိုင်းကြောင်းကို လျစ်လျူရှုခြင်းတို့သည် အငြင်းပွားမှုများ ကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် လူမှုကွန်ရက်များမှ တစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဝေနိုင်သည့် ယနေ့ခေတ်တွင် မှားယွင်းသော ဖော်ပြချက်တစ်ခုသည် နိုင်ငံတကာ ပရိသတ်များ၏ သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ နား လည်မှုကိုပါ ထိခိုက်စေနိုင်သည်။
    ယဉ်ကျေးမှုခိုးယူခြင်း၏ ပြဿနာသည် ရိုးရာဝတ်စုံတစ်ခုကို အခြားသူက ဝတ်ဆင်ခြင်းတစ်ခု တည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ အခြားလူမျိုး၏ ယဉ်ကျေးမှုကို လေးစားစွာ ဝတ်ဆင်အသုံး ပြုခြင်း၊ လေ့လာခြင်းနှင့် မူလပိုင်ရှင်ကို အသိအမှတ်ပြုခြင်းတို့သည် ယဉ်ကျေးမှုဖလှယ်မှု၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်။ ပြဿနာမှာ မူလပိုင်ရှင်တို့၏ သမိုင်းကြောင်းနှင့် အဓိပ္ပာယ်ကို လျစ်လျူရှုခြင်း၊ ခွင့်ပြုချက်လိုအပ်သည့် အခြေအနေများတွင် ခွင့်ပြုချက် မရယူခြင်း၊ မူလဖန်တီးသူတို့ကို အသိအမှတ်မပြုခြင်းနှင့် အခြားသူတို့၏ အမွေအနှစ်ကို အသုံးချကာ မိမိတို့အတွက်သာ စီးပွားရေးအကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ရယူခြင်းတို့ဖြစ်သည်။
    ထို့အပြင် ယဉ်ကျေးမှုခိုးယူခြင်းတွင် မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပြဿနာများလည်း ပါဝင် နိုင်သည်။ မူလလူမျိုးတို့က မိမိတို့၏ ရိုးရာဝတ်စုံကို ဝတ် ဆင်သည့်အခါ ခေတ်နောက်ကျသည်၊ ထူးဆန်း သည်ဟု ဝေဖန်ခံရသော်လည်း အခြားလူမျိုးများက အလားတူ ဝတ်စုံကို ဖက်ရှင်အဖြစ် အသုံးပြုသည့်အခါ ခေတ်မီသည်၊ ထူးခြားသည်ဟု ချီးကျူးခံရပါက ယင်းအခြေအနေသည် မူလယဉ်ကျေးမှုပိုင်ရှင်များ အပေါ် မမျှတမှုဖြစ်စေ နိုင်သည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များကို အသုံးပြုရာတွင် အလှအပနှင့် စီးပွားရေးအကျိုးအမြတ်ကို သာမကြည့်ဘဲ မူလပိုင်ရှင်များ၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့် အရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရ မည်ဖြစ်သည်။
    ဘိုးဘိုးကြီးတို့၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ထိုင်မသိမ်း၊ ချိတ်ထဘီ၊ တိုက်ပုံ၊ ပုဆိုးနှင့် ရိုးရာအက အလှများကဲ့သို့သော အမွေအနှစ်များကို လူငယ်မျိုးဆက်များ ပိုမိုသိရှိနားလည်လာစေရန် သမိုင်းကြောင်းနှင့်တကွ သင်ကြားဖော်ပြသင့်သည်။ ရိုးရာဝတ်စုံများ၏ အမည်၊ မူလဇာစ်မြစ်၊ အထည်အလိပ် ပြုလုပ်သည့် နည်းပညာနှင့် အလှဆင်ပုံတို့ကို စနစ်တကျ မှတ်တမ်းတင်ထားရန်လည်း လိုအပ်သည်။ ထို့အပြင် မြန်မာ့ရိုးရာအနုပညာရှင်များ၊ ရက်ကန်းပညာရှင်များနှင့် လက်မှုပညာရှင်များကို အားပေးကူညီခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို စာအုပ်ထဲတွင်သာမက လက်တွေ့လူမှုဘဝအတွင်း ၌ပါ ဆက်လက်ရှင်သန်စေနိုင်မည် ဖြစ်သည်။
    နိုင်ငံတော်အစိုးရက နှစ်ဉ် ငွေကုန်ကြေးကျ များစွာခံ၍ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးကို ကျင်းပပေး ခြင်းသည် ပြည်သူများ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားစေချင်၍ ဖြစ်သည်။
    ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ခြင်းသည် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကို ငြင်းပယ် ခြင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် ရန်ဘက်ပြုခြင်း မဟုတ်ပေ။ မိမိတို့၏ ယဉ်ကျေးမှုကို တန်ဖိုးထား သကဲ့သို့ အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကိုလည်း လေးစားတန်ဖိုးထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့ ထိုင်မသိမ်းနှင့် အခြားရိုးရာ အမွေအနှစ်များကို နိုင်ငံတကာတွင် ဖော်ပြတင်ဆက်သည့်အခါ မူလဇာစ်မြစ်ကို မှန်ကန်စွာ အသိအမှတ်ပြုဖော်ပြရန် တောင်းဆိုခြင်းသည် မိမိတို့၏ အမျိုးသားအမွေအနှစ်ကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်။
    ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ သမိုင်းကြောင်းနှင့် အမျိုးသားအမှတ်အသားကို ဖော်ပြနေ သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်ဖြစ်သည်။ ထိုအမွေ အနှစ်များကို အခြားသူများက အသုံးပြုရာတွင် မူလဇာစ်မြစ်ကို အသိအမှတ်ပြုခြင်း၊ သမိုင်းကြောင်းကို မှန်ကန်စွာ ဖော်ပြခြင်းနှင့် မူလပိုင်ရှင်တို့၏ ဂုဏ်သိက္ခာကို လေးစားခြင်းတို့ မဖြစ်မနေ လိုအပ်သည်။ မြန်မာ့ထိုင် မသိမ်းနှင့် ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များအပေါ် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများသည် ယဉ်ကျေးမှုဆိုင်ရာ အသိပညာနှင့် မှန်ကန်သော သမိုင်းဖော်ပြမှုတို့၏ အရေးပါမှုကို သတိပေးနေသည်။ မိမိတို့၏ ယဉ်ကျေးမှုကို ကာကွယ်ရင်း အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကိုလည်း လေးစားနိုင်မှသာ လူမျိုးအချင်းချင်း နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ယဉ် ကျေးမှုအမွေအနှစ်များကို အမြတ်ထုတ်ရန် မဟုတ်ဘဲ တန်ဖိုးထား ထိန်းသိမ်းရန်နှင့် မူလပိုင်ရှင်တို့၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုရန်မှာ လူမျိုးတိုင်း၏ တာဝန်ပင်ဖြစ်သည်။

အရေးကြီးသည့် မျိုးချစ်စိတ်
    ကမ္ဘာကြီးသည် အစဉ်အမြဲ အပြောင်းအလဲများနှင့် ရင်ဆိုင်နေရသည်။ သို့သော် ထိုအပြောင်း အလဲ များအားလုံးသည် အကောင်းဘက်သို့ ဦးတည်နေသည်ဟု ဆိုနိုင်ရန် ခက်ခဲလှသည်။ ကပ်ရောဂါဘေး၊ စစ်ဘေး၊ စီးပွားရေးကျဆင်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များက ကမ္ဘာ့ လူသားများ၏ လူမှုစီးပွားဘဝကို အဘက်ဘက်မှ စိန်ခေါ်လျက်ရှိသည်။ နည်းပညာများ တိုးတက်လာ သော်လည်း လူသားတို့၏ဘ၀ လုံခြုံရေး၊ စားဝတ်နေရေးနှင့် အနာဂတ်မျှော်လင့်ချက်များမှာ စိုးရိမ်ပူပန်မှုများနှင့် ရောယှက်နေဆဲဖြစ်သည်။ ထိုသို့ မတည်ငြိမ်မှုများ ပြည့်နှက်နေသော ကမ္ဘာကြီးတွင် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိပြည်သူများ၏ အနာဂတ်ကို ကာကွယ်တည်ဆောက်နိုင်ရေးသည် နိုင်ငံတိုင်းအတွက် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်လာသည်။
    အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများသည်လည်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ပိုမိုရှုပ်ထွေးစေလျက်ရှိသည်။ နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ စီးပွားရေးလုံခြုံမှုနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်းလာကြသည်။ အချို့နိုင်ငံများတွင် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးသည့် နိုင်ငံရေးအင်အားစုများအားကောင်းလာသကဲ့သို့ နိုင်ငံတကာဆက်ဆံရေးတွင်လည်း မိမိနိုင်ငံ၏ အကျိုးစီးပွားကို အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်လာကြသည်။ ဤအခြေအနေများက နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားစည်းလုံးညီညွတ်မှု၊ တာဝန်သိစိတ်နှင့် မျိုးချစ်စိတ်တို့ မည်မျှအရေးကြီးကြောင်း ထင်ရှားစွာ ဖော်ပြနေသည်။
    ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည်လည်း အဆိုပါ စိန်ခေါ်မှုများမှ ကင်းလွတ်နေခြင်းမရှိပေ။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ စီးပွားရေးအခက်အခဲများနှင့် ပြည်တွင်းပြည်ပဖိအားများကြားတွင် နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားလုံခြုံရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘ၀ ပြန်လည်တိုးတက်ရေးတို့ကို အလေးထားဖြေရှင်းရန် လိုအပ်နေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဆောက်အအုံများ၊ လမ်းတံတားများနှင့် စီးပွားရေးကိန်းဂဏန်း များ တိုးတက်လာခြင်းတစ်ခုတည်းဖြင့် ပြည့်စုံမည်မဟုတ်ပေ။ ပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ တာဝန်ယူမှုနှင့် နိုင်ငံအပေါ်ထားရှိသော စေတနာတို့လည်း အရေးပါသည့် အခြေခံအုတ်မြစ်များ ဖြစ်သည်။
    ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ရန် မျိုးချစ်စိတ်၏ အဓိပ္ပာယ်နှင့် အရေးပါမှုကို မှန်ကန်စွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။ မျိုးချစ်စိတ်ဆိုသည်မှာ မိမိနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးရုံမျှသာ မဟုတ်ပေ။ မိမိနိုင်ငံ၏ ကောင်းကျိုးအတွက် တာဝန်ယူလိုစိတ်၊ အများအကျိုးကို ကိုယ်ကျိုးထက် အလေးထားစဉ်းစားနိုင်မှု၊ မိမိတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို တန်ဖိုးထားမှု၊ မတူကွဲပြားမှုများကြား အပြန်အလှန်လေးစားကာ အတူတကွ ရှင်သန်တည်ဆောက်လိုမှုတို့လည်း ပါဝင်သည်။ မျိုးချစ်စိတ်၏ အနှစ်သာရသည် စကားလုံးများဖြင့် ကြွေးကြော်ခြင်းထက် လက်တွေ့လုပ်ဆောင်ချက်များဖြင့် နိုင်ငံနှင့် ပြည်သူအပေါ် အကျိုးပြုနိုင်ခြင်း၌ ပိုမို ထင်ရှား သည်။
    ယနေ့ခေတ်တွင် မျိုးချစ်စိတ်နှင့် အမျိုးသားရေး စံတန်ဖိုးများကို ငွေကြေးနှင့် ကိုယ်ကျိုးစီးပွားတို့၏ နောက်တွင် ထားရှိလာနေကြသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်။ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး အများအကျိုးနှင့် နိုင်ငံ့အကျိုးကို လျစ်လျူရှုလာပါက လူ့အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုတို့ အားနည်းလာနိုင်သည်။ မိမိရရှိမည့် အကျိုးအမြတ်ကိုသာ ကြည့်ပြီး မိမိ၏ လုပ်ရပ်သည် မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအပေါ် မည်သို့ သက်ရောက်မည်ကို မစဉ်းစားတော့ပါက ရေရှည်တွင် လူတိုင်းအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် မျိုးချစ်စိတ်သည် ကိုယ်ကျိုးစီးပွားကို လုံးဝစွန့်လွှတ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ကိုယ်ကျိုးနှင့် အများ အကျိုးကို မျှတစွာ ချိန်ဆပြီး နိုင်ငံနှင့် လူမျိုးအတွက်လည်း တာဝန်ရှိကြောင်း နားလည်ခြင်း ဖြစ်သည်။
    ယနေ့ခေတ် လူငယ်များအနေဖြင့် မျိုးချစ်စိတ်၏ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် အထူးလိုအပ်သည်။ အချို့လူငယ်များအနေဖြင့် မျိုးချစ်စိတ်နှင့် အမျိုးသားရေးတာဝန်များကို ခေတ်နောက်ကျသည့် အယူအဆများအဖြစ် မြင်လာနိုင်သကဲ့သို့ နိုင်ငံရေးအခြေအနေများကြောင့်လည်း အဆိုပါအယူ အဆများအပေါ် အမြင်ကွဲပြားမှုများ ရှိလာနိုင်သည်။ သို့သော် မျိုးချစ်စိတ်ကို နိုင်ငံရေးအမြင် တစ်ခုတည်းဖြင့် တိုင်းတာ၍ မရပေ။ မိမိနိုင်ငံ၏ သမိုင်းကို လေ့လာခြင်း၊ အတိတ်မျိုးဆက်များ၏ ကြိုးပမ်းအားထုတ်မှုများကို နားလည်ခြင်း၊ မိမိတို့ရရှိထားသည့် အခွင့်အရေးများ၏ တန်ဖိုးကို သိရှိခြင်းနှင့် အနာဂတ်မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ချန်ထားပေး လိုခြင်းတို့သည် လည်း မျိုးချစ်စိတ်၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။
    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်လည်း အတိတ်မျိုးဆက်များ၏ ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် တစိုက်မတ်မတ် လှုပ်ရှားခဲ့မှုတို့၏ ရလဒ်ဖြစ်သည်။ မိမိတို့၏ ဘာသာစကားကို လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင် ခြင်းနှင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် တည်ဆောက်နိုင်ရန် အခွင့်အရေးရရှိခြင်းတို့သည် တန်ဖိုးထား ရမည့်အရာများ ဖြစ်သည်။ ထိုအခွင့်အရေး များ ရရှိလာစေရန် အတိတ်မျိုးဆက်များက မည်မျှကြိုးပမ်းခဲ့ကြသည်ကို လူငယ်များ သိရှိနားလည်ရန် လိုအပ်သည်။ သမိုင်းကို လေ့လာခြင်းသည် အတိတ်ကို ပြန်လည် အမှတ်ရနေခြင်းမဟုတ်ဘဲ ယနေ့အခြေအနေကို နားလည်ရန်နှင့် အနာဂတ်အတွက် မှန်ကန်သော သင်ခန်းစာများ ရယူရန်ဖြစ်သည်။ ယနေ့ခေတ် လူငယ်အချို့ သည် မိမိတို့နိုင်ငံ၏ အနာဂတ်အပေါ် မျှော်လင့်ချက် နည်းပါးလာကြပြီး ပြည်ပနိုင်ငံများတွင် ပိုမိုကောင်းမွန်သော ပညာရေး၊ အလုပ်အကိုင်နှင့် လူနေမှုဘဝကို ရှာဖွေလိုကြသည်။ ထိုသို့သော ရည်မှန်း ချက်များသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးအတွက် သဘာဝကျသည့် ဆန္ဒများဖြစ်သည်။ အခြား တစ်ဖက်တွင် မြန်မာနိုင်ငံ၌လည်း စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေလို၍ လာရောက်လုပ်ကိုင်ကြ သည့် နိုင်ငံခြားသားများရှိနေကြသည်။ ဤအခြေအနေကိုကြည့်လျှင် မိမိနိုင်ငံတွင် အခက်အခဲများ ရှိနေ သော်လည်း အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ကာ တိုးတက်အောင် လုပ်ဆောင်နိုင်သည့် အလားအလာများလည်း ရှိနေသည်မှာ ထင်ရှားပါသည်။
    ထို့ကြောင့် လူငယ်များအနေဖြင့် မိမိနိုင်ငံအပေါ် မျှော်လင့်ချက်ကို လုံး၀လက်လွှတ်မထားဘဲ အနာဂတ်အတွက် လိုအပ်သော ပညာရပ်၊ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ဖြည့်ဆည်းထားသင့်သည်။ ပညာတတ်လူငယ်များ၊ ကျွမ်းကျင်လုပ်သားများ၊ စွန့်ဦးတီ ထွင်သူများနှင့် တာဝန်သိနိုင်ငံသားများ ပေါများလာခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အရင်းအမြစ်ဖြစ်သည်။ ပြည်ပသို့ သွားရောက် ပညာသင်ယူခြင်း၊ အလုပ်လုပ်ကိုင်ခြင်းတို့ ပြုလုပ်ရသော်လည်း မိမိရရှိလာသော အသိပညာနှင့် အတွေ့အကြုံများကို မိမိနိုင်ငံနှင့် ပြည်သူများအတွက် မည်သို့အကျိုးပြု နိုင်မည်ကို စဉ်းစားနိုင်ပါက ထိုလုပ်ဆောင်ချက်များသည်လည်း မျိုးချစ်စိတ်နှင့် ဆက်စပ်နေမည်ဖြစ်သည်။
    မျိုးချစ်စိတ်သည် ကိုယ့်နိုင်ငံကို ချစ်ကြောင်း ပြောဆိုရုံမျှဖြင့် ပြည့်စုံမည်မဟုတ်ပေ။ မိမိ၏ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ခြင်း၊ အများပိုင်ပစ္စည်းများ ကို တန်ဖိုးထားခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ အချင်းချင်း ကူညီရိုင်းပင်းခြင်းနှင့် မတူကွဲပြားသော အမြင်များကို လေးစားခြင်းတို့သည်လည်း လက်တွေ့ကျသော မျိုးချစ်စိတ်ကို ဖော်ပြနေသည့် အပြုအမူများဖြစ် သည်။ မိမိ၏ အကျိုးအတွက်သာ စဉ်းစားပြီး မိဘ၊ မိသားစုနှင့် လူ့အဖွဲ့ အစည်းအပေါ် တာဝန်ယူမှုမရှိပါက နိုင်ငံအပေါ် တာဝန်သိစိတ်ကိုလည်း ခိုင်မာစွာ တည်ဆောက်ရန် ခက်ခဲမည်ဖြစ်သည်။ မိသားစုအတွင်းမှ စတင်သည့် တာဝန်သိစိတ်သည် လူ့အဖွဲ့အစည်းအတွင်းသို့ ပျံ့နှံ့လာပြီး နိုင်ငံသားကောင်းတစ်ဦး ၏ အရည်အသွေးကို ဖြစ်ပေါ်စေသည်။ အမှန်တကယ်အားဖြင့် မျိုးချစ်စိတ်သည် အခြားလူမျိုးများကို မုန်းတီးခြင်း၊ အခြားနိုင်ငံများနှင့် ရန်ဘက်ပြုခြင်းတို့နှင့် မတူညီပေ။ မိမိလူမျိုးကို ချစ်မြတ်နိုး သကဲ့သို့ အခြားလူမျိုးများ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကိုလည်း လေးစားတတ်ရန် လိုအပ်သည်။ မိမိ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းသည် အခြားသူများ၏ အကျိုးစီးပွားကို မတရားထိခိုက်စေခြင်း မဟုတ်ဘဲ မျှတမှု၊ ဥပဒေစိုးမိုးမှုနှင့် အပြန်အလှန်လေး စားမှုတို့ကို အခြေခံသင့်သည်။ 
    လူငယ်များအနေဖြင့် မိမိတို့၏ ပညာရည်၊ အရည်အချင်းနှင့် တာဝန်သိစိတ်ကို မြှင့်တင်ကာ မိမိ ဘဝတိုးတက်ရေးနှင့် နိုင်ငံ့အကျိုးပြုရေးကို ဟန်ချက်ညီညီ ဆောင်ရွက်သင့်သည်။ မျိုးချစ်စိတ်ကို အခြေခံ သည့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် တာဝန်ယူမှုတို့ ပိုမိုခိုင်မာလာမှသာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသော အခြေခံအုတ်မြစ်တစ်ရပ်ကို တည် ဆောက်နိုင်မည်ဖြစ်သည်။           

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )                

 

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67552

© 2022 - 2026 News. All Rights Reserved.