ပြည်ပ ပယောဂကို ရှောင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်း

   ဒီရက်ပိုင်း တရုတ်နဲ့ မြန်မာကြားမှာ အထင်လွဲမှားနိုင်စေတဲ့ အပြောအဆို၊ အပြုအမူ၊ အရေးအသားတွေ လူမှုကွန်ရက်မှာ အတော်လေး တွေ့ရပါတယ်။ တချို့အချက်အလက်တွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ၊ အားကြီးတဲ့နိုင်ငံနဲ့ အားနည်းတဲ့နိုင်ငံကြားမှာ ကြုံတွေ့ရတဲ့ ထိတွေ့ဆက်ဆံရမှု၊ ဒီကြားထဲ လက်နက်နဲ့ အာဏာတည်ဆောက်ပြီး တော်လှန်ပုန်ကန်နေတဲ့ အနေအထားတွေအပေါ် ကိုယ်ထင်ရာမြင်ရာ ရေးသားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ 
    နိုင်ငံချင်း၊ လူမျိုးချင်း အကျိုးစီးပွားယှဉ်ကြရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ကြတာ ဓမ္မတာပါ။ ဒီအခြေအနေ ဒီသဘာဝကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အမြင်အရ ငြင်းခုံမှုတွေဟာ သူ့ဘက်ကကြည့်ရင် သူမှန်သလို ကိုယ့်ဘက်ကကြည့်ရင် ကိုယ်အမှန်ပါ။ သို့သော် ဒီလိုဘက်အမြင်နဲ့ အမှန်တရားအပေါ် ငြင်းခုံမှုဟာ အကျိုးစီးပွားဖြစ်ထွန်းဖို့ထက် အကျိုးစီးပွားဆုတ်ယုတ်မှုကိုသာ ဖြစ်စေမှာကို သတိချပ်သင့်ပါတယ်။ 
    ဒေသတွင်းအတူယှဉ်တွဲနေထိုင်ဖို့၊ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှစေဖို့ဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်ဖို့လိုပါတယ်။ မြန်မာနဲ့တရုတ်နိုင်ငံဟာ သမိုင်းကြောင်းအရ အတူယှဉ်တွဲနေထိုင်ခဲ့ကြရတဲ့ အိမ်နီးချင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ခေတ်စနစ်အပေါ်အခြေခံပြီး  သက်ဦးဆံပိုင်ခေတ်၊ နယ်ပယ်ချဲ့ထွင်တဲ့ ခေတ်တွေမှာ မြန်မာပြည်ကို တရုတ်တို့ ကျူးကျော် ခဲ့တာတွေရှိခဲ့သလို မျက်မှောက်ခေတ်ကာလ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်စေဖို့ မြန်မာဘက်က ကူညီရပ်တည်ပေးခဲ့ကြတာ တွေလည်း ရှိပါတယ်။ အပြန်အလှန် ချစ်ကြည်စွာ ရပ်တည်ခဲ့ကြသလို နားလည်မှု လွဲမှားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နယ်စပ်ဒေသမှာ လုံခြုံရေး၊ လူမျိုးရေး၊ စီးပွားရေး အစရှိသဖြင့် ပုံစံအမျိုးမျိုးနဲ့ နားလည်မှု လွဲမှားစရာတွေ ရှိနေတာအမှန်ပဲ ဖြစ်ပါတယ်။ G to G ဆက်ဆံရေး မဟုတ်တဲ့ ဝိသမလောဘသားတွေရဲ့ တရားမဝင်ဆောင်ရွက်ချက်တွေကလည်း အထင်လွဲစရာတွေ အများကြီးပါ။ ဘယ်လိုပဲဆိုစေ အခုချိန်ထိ နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာ ရပ်တည်လျက်ရှိတဲ့ အနေအထားက ပြောင်းလဲခြင်းမရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 
    အတူယှဉ်တွဲနေထိုင်ဖို့ဆိုရင် သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးကို နားလည်ဖို့လိုသလို သူ့စနစ်၊ ကိုယ့်စနစ်၊ သူ့သဘာဝ၊ ကိုယ့်သဘာဝကို လေးစားဖို့လိုပါမယ်။ ကိုယ့်အချုပ်အခြာကို ထိပါးမှာစိုးရင် သူ့အချုပ်အခြာကို မတို့မိဖို့ သတိထားရပါမယ်။ ကိုယ့်ဘက်ကိုချည်းသာ ကြည့်မယ်ဆိုရင်  ဘယ်လိုမှ အတူယှဉ်တွဲနေ ထိုင်ဖို့ မဖြစ်နိုင်ပါ။ ယာယီအရ အားသာချင် သာနိုင်ပေမယ့် ရေရှည်မှာ အကျိုးယုတ်စေမှာ ဖြစ်ပါတယ်။ သူ့ဘက်က ရိုးသားမှုကိုလိုချင်ရင် ကိုယ့်ဘက်ကလည်း ရိုးသားမှုရှိရမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံလူ မှုကျင့်ဝတ်ဖြစ်သလို နိုင်ငံချင်းအလိုက်လည်း ဒီသဘာဝကို အခြေခံရမှာ ဖြစ်ပါတယ်။ ရိုးသားမှုမရှိရင် တစ်ချိန်ချိန်မှာ တွန်းလှန်ဖို့ ဘယ်သူမဆို စဉ်းစားမှာပဲ ဖြစ်ပါတယ်။ 
    ရုရှားနဲ့ ယူကရိန်းဖြစ်စဉ်ကို ကြည့်ရင် ဘယ်သူမှားတယ်လို့ဆိုရမလဲ။ အတူနေခဲ့ကြတဲ့ တစ်ပြည် ထောင်စုတည်းကနေ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ ဖြစ်လာကြပြီးနောက် ရန်ဘက်အထိ ဖြစ်သွားခဲ့ကြတာ စိတ်မကောင်းစရာပါ။  အကြောင်းအမျိုးမျိုးရှိမှာ မှန်ပေမယ့် ဘယ်သူ မှားတယ်လို့ ညွှန်းဆိုဖို့ ခက်ပါလိမ့်မယ်။ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး အပြန်အလှန် ယုံကြည် မှုပျက်ပြားခဲ့တယ်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ သွေးထိုးခဲ့သူတွေ၊ လှုံ့ဆော်ခဲ့သူတွေ၊ ခလောက်ဆန်တဲ့သူတွေ ရှိကောင်းရှိ မှာ မှန်ပေမယ့် တကယ်အကျိုးယုတ်ခဲ့ရတာက ကာယကံရှင်တွေပဲ ဖြစ်ပါတယ်။ အားကြီးသူနဲ့ အားနည်းသူ ဘယ်သူက ပိုခံရသလဲဆိုတာကိုလည်း သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံဒေသတွင်း အရေးကနေ ကမ္ဘာ့အရေးအထိ တဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့တာကလည်း သတိထားစရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ 
    မိမိတို့နိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းရေး၊ ပြည်ပရေးတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ပြည်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲတဲ့ ပြဿနာက အဓိကဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည့်အင်အားတွေ ပြိုကွဲနေသမျှ ဘာကိုမှ မျှော်လင့်လို့မရသလို ပြည်ပပယောဂတွေ ဝင်လာမစဲသာ ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ ကမ္ဘာ့အခင်းအကျင်းမှာ အဓိကအားပြိုင်နေတဲ့ အင်အားကြီးပြိုင်ဘက် နှစ်ခုကြားမှာ ရှိနေတဲ့အတွက် ပဲလှော်ကြားက ဆားမဖြစ်ဖို့ သတိထားရမှာ ဖြစ်ပါတယ်။ အဓိကအကျဆုံးက ပြည့်အင်အား တည်ဆောက်ဖို့ပါ။ပြည့်အင်အား တည်ဆောက်ဖို့ဆိုရင် စည်းလုံးညီညွတ်မှုက အခရာပါ။ ဘယ်လိုနည်းနဲ့ တည်ဆောက်တည်ဆောက်ညီညွတ်ဖို့သာ လိုပါတယ်။ 
    နိုင်ငံရေး၊ သံရေးတမန်ရေးဟာ တိမ်တောင်သဖွယ် မင်းရေးကျယ်သာ ဖြစ်တဲ့အတွက် အခုသာယာနေပြီး ခဏနေမုန်တိုင်းထန်ချင်ထန်မှာ၊ မုန်တိုင်းထန်နေရာကနေ ရုတ်ခြည်းသာယာချင်လည်း သာယာသွားနိုင်တာပဲ ဖြစ်ပါတယ်။ မင်းရေးကျယ်ဇာတ်လမ်းမှာအဓိက အရေးကြီးတာက အင်အားပါ။ ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်းကိုကြည့်ရင် အမှန်တရားထက် အင်အားသာအဓိကဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံချင်းဆက်ဆံရာမှာလည်း အင်အားနဲ့အကျိုးစီးပွားကို အခြေပြုတာ သတိမူရမှာ ဖြစ်ပါတယ်။ 
    ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တဲ့ သဘာဝက အမှန်တရားအပေါ်မှာ အခြေခံတာလား၊ အကျိုးစီးပွားအပေါ်မှာ အခြေခံတာလားဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုပါတယ်။ ဘယ်လောက်မှန်မှန် ဘုတ်အရ မဲရှုံးရင် အမှန်က အမှားဖြစ်တဲ့သဘောဆောင်သွားတာပါပဲ။ အဲဒီအတွက် ငွေအင်အား၊ လက်နက်အင်အား၊ သံတမန်အင်အားတွေ ရှိထားမှသာ ခေတ်သစ်နိုင်ငံရေးမှာ မင်းမှန်ပါလိမ့်မယ်။ အဓိက အကျဆုံး အင်အားက ပြည်တွင်းစည်းလုံးညီညွတ်မှုပါ။ ပြည်တွင်းစည်းလုံးညီ ညွတ်ရင် ပြည်ပ ပယောဂ နည်းပါလိမ့်မယ်။ နွားကွဲရင် ကျားဆွဲတဲ့သဘာဝကို သိရဲ့သားနဲ့ ကွဲနေကြတာ ဆွဲတဲ့ကျားရဲ့အပြစ်လို့ ဆိုလို့မရပါဘူး။ ပုစ္ဆာတိုင်းမှာ အဖြေရှိသလို နည်းလမ်းရှိပြီးသားပါ။ အဖြေမှန်မရ၊ လမ်းမှန်ပေါ် မရောက် သေးတာ တစ်ခုခုမှားနေလို့သာ ဖြစ်ပါလိမ့်မယ်။ 
    NCA နှစ်ပတ်လည် အခမ်းအနားမှာ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းက ဗီဒီယိုပေးပို့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်း တစ်ခုလုံးကို ခြုံကြည့်ရင် အပြုသဘောဆောင်တာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့   'တိုင်းရင်းသား လူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံများကို ရှာဖွေရန်နှင့် ဆွေး နွေးပွဲများမှ တစ်ဆင့် သင့်တော်သော အဖြေများကို ရှာဖွေရန်'လို့ သုံးနှုန်းသွားတာ တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာဖြစ်နေတဲ့ ခလောက်ဆန်မှုက ဒီစကားရပ်မှာပါတဲ့ 'အဆင့်မြင့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ပုံစံ' ဆိုတဲ့ စကားရပ်အပေါ် လိုရာဆွဲ သုံးသပ်ဝေဖန်ကြတဲ့သဘောပဲဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေ ပေးထားပြီးဖြစ်ပါတယ်။ အငြင်းအခုံဖြစ်နေ ကြတာကလည်း ဒီတိုင်းဒေသကြီးတွေ၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ ဖွဲ့စည်းမှုနဲ့ အခွင့်အာဏာပါ။ လက်ရှိပေးထားတဲ့ အာဏာက ဗဟိုချုပ်ကိုင်မှုများနေတဲ့အတွက် ဖြေလျှော့မှုရဖို့ အငြင်းပွားနေတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ဖက်ဒရယ်ဖြစ်ဖို့ Decentralization ဗဟိုချုပ်ကိုင်မှုလျှော့ချရေး လိုကိုလိုမှာ ဖြစ်ပါတယ်။ တိန့်ရှီကျွမ်း ပြောတာက ကိုးကန့် MNDAA တို့၊ မိုင်းလားတို့လိုချင်တဲ့ အထူးဒေသ မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အဆင့်မြှင့်ဖို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဒီအဆင့် မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံကိုလည်း ပေးရမယ်လို့ မဆိုလိုဘဲ ဆွေးနွေးညှိနှိုင်း ရှာဖွေကြဖို့ဆိုပြီး ထည့်ပြောသွား တာလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့သူ ဖြစ်တဲ့အတွက် သူ့အမြင်၊ သူ့အယူအဆကို ပြောသွားတာဟာ ဖိအားပေး ပြောတယ်ဆိုတဲ့ အမြင်ထက် အကြံပြုတယ်ဆိုတဲ့အမြင်ကို မြင်ကြည့်ရင် အဓိပ္ပာယ်တစ်မျိုး ထွက်ပါတယ်။ လွန်ရောကျွံရော ပြောရရင် အယူအဆတစ်ခု သွတ်သွင်းပေးသွားတာထက် မပိုပါ။ အနောက်အုပ်စုတစ်ခုလုံးက လူ့အခွင့်အရေးအကြောင်းပြ ဖိနှိပ်တာထက်စာရင် ပါမွှားလို့ ပြောလို့ရပါတယ်။
    တိန့်ရှီကျွမ်းက ဘယ်လိုပဲပြောပြော၊ လက်ရှိ တိုင်းရင်းသားတွေက ဘယ်လိုပဲဆိုဆို အဓိက အရေးအကြီးဆုံးက ဘယ်သူက အဆုံးအဖြတ်ပေးမှာလည်းဆိုတာပဲ ဖြစ်ပါတယ်။ 'ဝ'ပဲဖြစ်ဖြစ်၊ ကိုးကန့်ပဲ ဖြစ်ဖြစ် သူ့နေရာ၊ သူ့ဒေသဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ မရပါ။ လုပ်ချင်တာ လုပ်ခွင့်ရဖို့ ဆုံးဖြတ်ချက်ကို သမ္မတလည်း မပေးနိုင်ပါ။ လွှတ်တော်ကလည်း လုပ်ထုံးလုပ်နည်းထက် ကျော်လို့မရပါ။ တပ်မတော်ကဆို ပေးဖို့ ပိုလို့တောင်ဝေးတဲ့အပြင် အခြေခံဥပဒေအတိုင်း ပြန်တည့်မတ်ဖို့သာ တာဝန်ရှိပါတယ်။ အဓိက အဆုံးအဖြတ်နဲ့ အခွင့်အာဏာက ဖွဲ့စည်းပုံအခြေခံဥပဒေကသာ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို ငါတို့မထောက်ခံလို့ လက်မခံဘူး၊ လုပ်ချင်ရာလုပ်မယ်လို့လည်းမရပါ။ ဒီအဝန်းအဝိုင်းထဲမှာနေရင် ဒီဥပဒေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာဆိုတာ ဒီအပေါ်မှာ တည်တဲ့အတွက် လေးစားလိုက်နာကြဖို့ လိုပါတယ်။ 
    လက်ရှိ MNDAA ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်နေသလို သမိုင်းအစဉ်အလာအရ ရှိသင့်ရှိထိုက်တဲ့ အခြေအနေ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေထက် ကျော်လွန်နေတာ အထင်အရှားပါ။ ဒါကို နိုင်ငံတော်နဲ့တပ်မတော်က ခွင့်ပြုထားသလားဆိုရင် 'နိုး'ပါ။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုရင် အခြေခံဥပဒေအရ တက်လာတဲ့ အစိုးရနဲ့ အခြေခံဥပဒေကို စောင့်ရှောက်ရမယ့် တပ်မတော်က အခြေခံဥပဒေထက် ကျော်လွန်ပြီး ဘာမှလုပ် မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည် ချက်အရပါ။ အကယ်၍များ သူတို့က ခွင့်ပြုထားတယ် ဆိုရင်တောင် အခြေခံဥပဒေနဲ့ သမိုင်းအစဉ်အလာ ပြည်သူတွေက ခွင့်ပြုမထားတဲ့အတွက် အဲဒီအကျိုးဆက်ကို MNDAA တို့ တစ်ချိန်ချိန်မှာ မလွဲမရှောင်သာ ခံစားကြရပါလိမ့်မယ်ဆိုတာ သတိထား ဖို့လိုပါမယ်။
    ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းဘောင်ထဲက ကိုယ့်ဒေသ ကိုယ်ပြန်ပြီး အဆင့်မြင့် အုပ်ချုပ်မှုရအောင် ဆောင်ရွက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် တိမ်တောင်သဖွယ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဗကပလို ကြားညပ်ပျောက်ဆုံးသွားတဲ့ဘ၀ မရောက်ပါစေနဲ့လို့သာ ဆုတောင်းထားဖို့ လိုပါလိမ့်မယ်။ အခြေအနေဆိုတာ အချိန်အခါလိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာ၀ ရှိပါတယ်။
    မြန်မာတွေအနေနဲ့ အလေးအနက်ထား စဉ်းစားရမှာက ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိကပါးရိကပါးလုပ်တဲ့ အန္တရာယ်ကနေ ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ပဲ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာဆိုတာ ဘာလဲလို့မေးရင် 'နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံ၏ အရေးကိစ္စများကို အခြားနိုင်ငံတစ်နိုင်ငံ၏ ချုပ်ကိုင်စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် အုပ်ချုပ်ပိုင်ခွင့် ရှိခြင်း'ကို ဆိုလိုပါတယ်။ အချုပ်အခြာအာဏာကို အဓိကအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ]ပြည်တွင်းအ ချုပ်အခြာအာဏာဆိုတာက မိမိနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ၊ နယ်မြေနဲ့  အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ စီမံအုပ်ချုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ပြည်ပအချုပ်အခြာအာဏာဆိုတာက အခြားနိုင်ငံတွေရဲ့  လွှမ်းမိုးချုပ်ကိုင်မှု မရှိဘဲ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ပြီး နိုင်ငံခြားဆက်ဆံရေးနဲ့ နိုင်ငံတကာရေးရာတွေကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ပဲ' ဖြစ်ပါတယ်။ 
    မိမိတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ်ချုပ်ကိုင်တာ၊ မိမိတိုင်းပြည်ရဲ့ သံတမန်ဆက်ဆံရေးကို ကန့်သတ်ခံထားရတာတွေဟာ အချုပ်အခြာအာဏာကို ထိပါးခြင်းသာ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာရဲ့ တည်နေရာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသာလျှင် ဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေချင်ရင် အချုပ်အခြာအာဏာတည်တဲ့ အခြေခံဥပဒေကို လေးစား လိုက်နာရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို မလေးစားမလိုက်နာနိုင်သရွေ့ ထိပါးခံနေရမှာကိုနား လည်ကြဖို့ လိုပါတယ်။ အထူးသဖြင့် အခြေခံဥပဒေကိုမလေးစားတဲ့အပြင် ပြန်တိုက်ခိုက်နေကြရင်၊ စည်းလုံးညီ ညွတ်မှုပြိုကွဲနေကြရင်တော့ ထိကပါးရိကပါးထက်ပိုတာတွေ လာနေဦးမှာပဲ ဖြစ်ပါတယ်။ 
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67552

© 2022 - 2026 News. All Rights Reserved.