အရွယ်မရောက်ခင် အစွယ်ပေါက်ချင်နေသူများ
'လုပ်စားနိုင်ငံရေးသမားတွေလိုချင်တာ ဒီအခြေအနေကွ'ဟု ပေါက်ကွဲနေသည့် PDF တစ်ယောက်ကို အခွင့်အခါသင့်လျှင် သူကြုံတွေ့နေရသည့် အကြောင်းအရာများကို ရှင်းပြချင်မိပါသည်။ PDF ကြီးလုပ်လျှင် ပြည်သူက ချစ်မည်ဟု အစကတော့ အားပေးအား မြှောက်ပြုခဲ့ကြရဲ့ မဟုတ်လား။ PDF လုပ်မှ တိုင်းပြည်ကို ကယ်တင်နိုင်ကြမည်ဟု ပြည်ပထွက်ပြေး ကိုယ်လွတ်ရုန်းခဲ့ကြသူများက သွေးထိုးပေးခဲ့ကြရဲ့ မဟုတ်လား။ ထိုစဉ်အခါတုန်းကတော့ "မင်းမော်ကွန်းတောင်မှ တောထဲတောင်ထဲ မှိုရှာ၊ မျှစ်ချိုးနေတာ တို့ကဘာလို့ သူ့လိုမလုပ်နိုင်ရမှာလဲ" တွေးခဲ့ကြရဲ့ မဟုတ်လား။ R ဇာနည်က "အကယ်၍များ တော်လှန်ရေးတပ်ဖွဲ့ ဖွဲ့ဖြစ်ခဲ့လို့ရှိရင် ငါနာ့မည်ထိပ်ဆုံးက စာရင်းပေးပါလို့" ပြောခဲ့ပြီး ယခုတော့ ပြည်ပမှာ ဖျော်ဖြေပွဲလေး လုပ်လိုက်၊ သူတို့မျိုးဆက်၊ သူတို့အနာဂတ်၊ သူတို့သားသမီးများသည်ပဲ ပညာရေးက အရေးကြီးကြောင်း သူတို့လုပ်ကိုင်ဆောင် ရွက်နေသည်ကို ကြည့်ပြီး သဘောပေါက်ကြပြီ မဟုတ်လား။ တောထဲတောင်ထဲမှာပဲ နေသယောင်ယောင် သစ်ပင်ချုံနွယ်ကြားက ဓာတ်ပုံရိုက်၊ မူဗွီရိုက်ပြီး လိုင်းပေါ် တင်လေ့ရှိသည့် တော်လှန်လင်မယား လင်းလင်းနှင့် ချစ်သုဝေတို့က ယခုတော့ ရှိုးပွဲလေးဆိုလိုက်၊ ကလေးတွေ ကျောင်းကောင်းကောင်းမှာ ထားလိုက်နဲ့ နေနေတာ က တော်လှန်ရေးကို သွေးထိုးပြီး လူငယ်တွေကို မြှောက်ပင့်ပေးခဲ့တာ မင်းတို့လို လူငယ်တွေကို ချစ်လွန်းလို့လို့ ထင်မနေနဲ့။ သူတို့ အနေအစား ချောင်အောင် လုပ်စားတော်လှန်ရေး လုပ်သွားတာဆိုတာ နှစ်ကာလများ ကြာမြင့်လာချိန် တောထဲက PDF တွေ သဘောက်ပေါက်သင့်ပြီ မဟုတ်လား။ တောထဲမှာလိုလိုနဲ့ ထမင်းဟင်းချက်ပြုတ် စားသောက်ပြ တဲ့ချက်ကြီးဆိုတဲ့ ဒါရိုက်တာလည်း သေနတ်တစ်လက်မကိုင်၊ တိုက်ပွဲတစ်ပွဲမဝင်ဘဲ PDF တွေဟာ သူရဲကောင်းကြီးပါ ဆိုပြီး ပြည်ပနိုင်ငံမှာပဲ အခြေစိုက်နေထိုင်နေတာ မဟုတ်လားဆိုသည့် အကြောင်းအရာများကို အထက်တွင် ပေါက်ကွဲနေသည့် PDF လူငယ်တစ်ယောက်ကို အခွင့်သင့်လျှင် ရှင်းပြချင်ပါသည်။
ရောင်နီဆိုသည့် PDF လူငယ်တစ်ဦးက PDF လုပ်ပြီး Mytel ကိုင်တယ်၊ (ဒါပဲလိုင်းမိလို့ ဒါပဲ ကိုင်တယ်၊ ကိုင်တော့ -ီးဖြစ်လား)၊ PDF လုပ်ပြီး Ruby ဆေးလိပ်သောက်တယ် (ဒါပဲ ဝယ်ရလို့ ဒါပဲ သောက်ရတယ်၊ သောက်တော့ -ီးဖြစ်လား)၊ PDF လုပ်ပြီး အရက်တွေ သောက်နေတယ်၊ (သောက်တော့ -ီးဖြစ်လား) ငါတို့မှာ ဒုတိယနိုင်ငံလည်း မရှိဘူး၊ တတိယနိုင်ငံလည်း မရှိဘူး၊ အိမ်ပြန်ရဖို့လည်း မသေချာဘူး၊ မိသားစုနဲ့ ပြန်တွေ့ဖို့လည်း မသေချာဘူး၊ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဒဏ်ရာဗရပွနဲ့ ကောင်တွေရဲ့စိတ် တွေကို လာလာမသတ်ကြပါနဲ့"ဟုဆိုကာ PDF တစ်ဦး ပေါက်ကွဲနေလေသည်။
ဆိုခဲ့သည့်အတိုင်း သည်အခြေအနေမျိုးကို အဓိကရောက်စေလိုကြသူများက လုပ်စားနိုင်ငံရေးသမားများနှင့် ပြည်ပသို့ ထွက်ပြေးသွားကြသူများက PDF များကို ဤကဲ့သို့ ဖြစ်စေလိုကြသည်။ သူတို့က မြှောက် ပေးရုံမြှောက်ပေးပြီး ရုန်းမထွက်နိုင်သည့် အခြေအနေ ရောက်တော့မှ သူတို့လိုရာ ကြိုးဆွဲခွင့်ရ မည့်အခြေအနေ မဟုတ်လား။ သူတို့ ထောက်ချောက်ထဲကို လူငယ် PDF များစွာ ကျရောက်မှ သူတို့က တော်လှန်ရေးဆိုသည့်စကား လုံးလှလှလေးသုံးပြီး လုပ်စားနိုင်ငံရေးကို ကောင်းကောင်းကြီး အသုံးချ၍ လုပ်စားခွင့် သက်တမ်းရှည်မည် မဟုတ်လား။ PDF များ ထိုကဲ့သို့ ပေါက်ကွဲနေခြင်းကို ပြည်တွင်းက ပြည်သူများက မည်ကဲ့သို့ ထင်မြင်ကြမည်နည်း။ ယင်းနှင့်ပတ်သက်၍ 'အချိန်တန်ရင် PDF ဆိုတာ ပြည်သူကို -ီးလှန်ပြမယ့်အဖွဲ့တွေ အဖြစ်ပဲ ရှိတော့မှာ။ အဲဒီလိုမဖြစ်သင့်ဘူးဆိုတာ လူလိုနားလည်တဲ့ နှလုံးသားလှပြီး ပညာ အခံရှိတဲ့ PDF တွေကတော့ တပ်နဲ့စကားပြော လိမ့်မယ်။ နွားခြေရာခွက်ကို ပင်လယ်ထင် နေကြသူတွေကတော့ အားလုံး ဝိုင်းရှင်းတာ ခံရလိမ့်မယ်။ အဲဒီမတိုင် ခင်မှာတော့ ပြည်သူအများစုက ကိုယ်စိုက်တဲ့အသီးကို ကိုယ်စားကြည့်ကြရဦးမှာပါ} ထိုပေါက်ကွဲနေသည့် PDF တစ်ဦးအပေါ်ကို သူ၏အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြထားလေသည်။ စကားလုံးလှလှသုံးထားသည့် တော်လှန်ရေးဆိုသည်မှာ ကနဦးကာလတွင် ပြည်သူ့အချစ်တော် PDF ဖြစ်ခဲ့ရာက ယခုဆိုလျှင် ပြည်သူ့ချဉ်ဖတ် PDF ဖြစ်လာခဲ့ချိန် တွင် ပေါက်ကွဲနေလည်း အပိုပဲဟုသာ ဆိုချင်ပါသည်။
PDF တွေ မခံစားဖူးတဲ့ Lifestyle
ရန်ကုန် ဇီးရိုးမိုင်တွင် သီတင်းကျွတ် ရုံးပိတ် ရက်၊ ကျောင်းပိတ်ရက် အပန်းဖြေခရီးထွက်သည့် လူများက ကားတန်းရှည်ကြီး ပိတ်နေသည့် မြင်ကွင်းကို ရုပ်သံရိုက်ကူးကာ ရန်ကုန်တွင် လူကျန်သေးလား ဟုဆိုကာ နောက်ပြောင် ကျီစားနေကြလေသည်။ ဤကဲ့သို့ အခါကြီးရက်ကြီးများ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည်များတွင် အပျော်ခရီး၊ အပန်းဖြေခရီး ထွက်ကြသည်မှာ ထုံးစံတစ်ခုဖြစ်နေပြီး တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှကို ပြေပျောက်စေရန် စိတ်အပန်းဖြေကြခြင်း ဖြစ်သည်။ ယခင်က ထိုသို့ ပုံမှန်သွားလာပျော်ပါးကြရာတွင် ကိုယ့်ကိစ္စ၊ ကိုယ့်အကြောင်းကိုသာ ပြောလေ့ပြောထရှိကြရာက ယခု နိုင်ငံရေးအကြောင်းနှင့်ပါ အနည်းငယ်ချိတ်ဆက်၍ တင်ပြပြောဆိုလာကြသည်ကို သတိ ထားမိသည်။
မှတ်မိပါသေးသည် 'တိုင်းပြည် နာမကျန်းဖြစ်နေ၍ ဘုရားမဖူးရန်'ဆိုသကဲ့သို့ ပြည်ဖျက်တို့က အင်နှင့်အားနှင့်ပြောနေကြချိန်တုန်းက ပြည်တွင်းတွင် ရှိသူတို့သည် ပြန်၍ တုံ့ပြန်ရန် ခက်ခဲခဲ့ကြသည်။ အကြောင်းက သူတို့ကိုတုံ့ပြန်လျှင် အင်နှင့်အားနှင့် အစုအဖွဲ့အလုံး အရင်းဖြင့် မျိုးစုံ ပုံဖျက်ခံရလေ့ရှိသော ကြောင့် ပြန်လည်တုံ့ပြန်သူ နည်းပါးခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့မကျေ နပ်သည့် မှတ်ချက်တစ်ကြောင်း၊ ဆန့်ကျင်သည့်စကား တစ်ခွန်းကြောင့် အကြမ်းဖက်တို့က သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ခြင်း ကြောင့် ပြန်လည်တုံ့ပြန်ခြင်းထက် အမှန်တရားပင် ဖြစ်လင့်ကစား ငြိမ်ခံခြင်းဖြင့် နှုတ်ဆိတ်နေခဲ့ကြ သည်။ မှတ်မိပါသေးသည်။ မြောက်ဒဂုံ၌ မြန်မာ IDOL တွင် ဝင်ပြိုင်ခဲ့သည့် လူငယ်တစ်ဦးက အကြမ်းဖက်သမားများ မကြိုက်သည့် မှတ်ချက်တစ်ကြောင်းလေးကို လူမှုကွန်ရက်တွင် ရေးသားခဲ့သဖြင့် ထိုမှတ်ချက် အပေါ်အငြိုးထားကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မျိုးပင်ရှိခဲ့ရဲ့ မဟုတ်လား။ ယခုလည်း သီတင်းကျွတ်ရုံး ပိတ်ရက်၊ ကျောင်းပိတ်ရှည်တွင် အပျော်ခရီး အပန်းဖြေသွားသူတို့က သူတို့သွားမည့်ခရီးစဉ်များကို လူမှု ကွန်ရက်မှတစ်ဆင့် ရန်ကုန်မြို့ကြီးကို နှုတ်ဆက်ပြီး ပျော်ရွှင်စရာကောင်းမည့် ခရီးစဉ်များကို တင်ပြ နေကြလေသည်။ ထိုကဲ့သို့ အပျော်ခရီး အပန်းဖြေခရီးများကို သွားလာသူတို့ကို တွေ့မြင်ကြ ရသူတိုင်း က 'တွေ့လား PDF မရှိတဲ့နေရာမှာ ငြိမ်းချမ်းမှုကိုရနေကြတာ'ဆိုသည်ကတစ်မျိုး 'PDF တို့မခံစားဖူးတဲ့ Lifestyle' ဟုဆိုကာ လက်နက်ကိုင်ထားသည့် လူငယ် များကို ထေ့ငေါ့ထားသည့် မှတ်ချက်များကို အများဆုံး တွေ့နေရလေသည်။
သီတင်းကျွတ်ပွဲတော်များ
မုံရွာမြို့တွင် ရှိနေသည့် သူငယ်ချင်းဖြစ်သူကလည်း သည်နှစ် မုံရွာဘုရားကြီးပွဲတော်တွင် မြို့ရွှေမန်းသားလေးဖိုးချစ် ဇာတ်ပွဲပင်ပါဦးမည်ဖြစ်ကြောင်းကို ဝမ်းသာအားရ ပြောလေသည်။ ယခင်နှစ် များဆီက မကျင်းပဖြစ်ခဲ့သော မုံရွာ ရွှေစည်းခုံဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် သောကြောင့် နှစ်အတော် တန်ကြာအောင် အမှောင်ဖုံးနေသည့် ကာလကို လွန်မြောက်လာသည် ဆိုသည့် ခံစားချက်မျိုးကို ရရှိနေသည်ဟု သူ၏ခံစားချက်ကို ပြောပြလေသည်။
'ဒီအချိန်ကြီး မုံရွာမှာ လက်ဖက်ရည်ဆိုင်ထိုင်လို့ရော ရလို့လား'ဟု မုံရွာက သူငယ်ချင်းဖြစ် သူကိုပင် မေးမိပါ၏။ သူနှင့်ဖုန်းပြောသည့်အချိန်က ည ၈ နာရီ ကျော်နေပြီဖြစ်ရာ မုံရွာတွင် ထိုအချိန် လက်ဖက်ရည်ဆိုင်ထိုင်၍ ရသည်ဆိုသဖြင့် ထူးဆန်းသည့်စိတ်ဖြင့် သူ့ကို မေးမြန်းဖြစ်ခြင်း ဖြစ်သည်။
ယခင်ကာလများတွင် မုံရွာမြို့လေးသည် ညနေ ၆ နာရီတွင် တိတ်ဆိတ်ခြောက်ကပ်နေပြီ ဖြစ် ကြောင်း သိထားရာက ယခု ည ၈ နာရီကျော်အထိ လက်ဖက်ရည်ဆိုင် ထိုင်နေသည်ဆိုသည်ကို အံ့သြနေ၍ မေးမြန်းရခြင်း ဖြစ်ပါသည်။ ထိုအချိန် ဆိုင်ထိုင်နေခြင်းက ရပ်ကွက်ထဲကဆိုင်တွင် မဟုတ်ဘဲ ကျောက္ကာလမ်းကဲ့သို့ အချက်အချာကျသည့် လမ်းဆုံနေရာဆို၍ ပို၍ အံ့သြနေမိခြင်း ဖြစ်ပါသည်။ ပြည်ပြေးတွေပြောတော့ "အဲဒီအချိန် လူမရှိတော့ဘူးဆို"ဟု သူ့ကိုမေးရာ "ယုံမနေနဲ့ အဲဒီကောင် တွေပြောတာ၊ ခုဆို ဘုရားကြီးပွဲလည်း ပြန်ပါပြီ၊ မုံရွာဝန်းကျင်က ရွာတွေဆိုရင် လူငယ်တွေ ဘောလုံးပွဲတွေ အပြိုင်ကျင်းပနေတာ၊ အားလုံး အေးအေးဆေးဆေးပဲ"ဟု ဆိုလေသည်။
ထိုအခြေအနေက မုံရွာတွင် ပုံမှန် ဓလေ့ထုံး တမ်းများကို ပြန်လည်စတင် သက်ဝင်လာသည့်နှစ်ဟု ဆိုနိုင်ပြီး မငြိမ်းချမ်းဟု နာမည်ထွက်ခဲ့သည့် ပုဂံမြို့သည် ပင်လျှင် သီတင်းကျွတ်က စိတ်ဝင် စားဖွယ် ကောင်းလှသည်။
"တစ်နိုင်ငံလုံးက လူတွေများ ပုဂံကိုရောက်နေသလား"ဟုဆိုကာ ပုဂံကို ဘုရားဖူးသွားသူတို့က ညည်းညူရလောက်အောင် ပုဂံက စည်ကားနေသောကြောင့် ပင်ဖြစ်သည်။ ပုဂံတွင် မီးပုံးပျံလွှတ်ခြင်းနှင့် လည်ပတ် သူများသောကြောင့် လူတိုးရသည်မှာ အလွန်ကို ပင်ပန်းကြောင်း ပုဂံဘုရားဖူးသူတို့က သူတို့၏ အတွေ့အကြုံကို ဝေမျှနေကြလေသည်။ ပုဂံဝန်းကျင်က PDF များ၏ ပြန်ပေးဆွဲဆက်ကြေးကောက်မှုများ ကြောင့် ခရီးသွားကျဲပါး သွားပြီဟု ထင်ထားရာမှာ သည်နှစ် သီတင်းကျွတ်သည် ပုဂံတွင်ပင် သီတင်းကျွတ် ပွဲတော်ကြီး ကျင်းပနေသလား ထင်မှတ်ရလောက်အောင် စည်ကားနေကြောင်း လူပြောများနေကြ လေသည်။ ပြင်ဦးလွင်၊ အောင်ပန်း၊ ကလော၊ တောင်ကြီး စသည့် မြို့နယ်များသည် သီတင်းကျွတ်ကာ လဆိုသည်မှာ ထိုကဲ့သို့ အေးချမ်းသည့် နေရာများသို့ သွားလာကြသည်မှာ သည်ဘက်ခေတ်တွင် ပုံမှန်ကဲ့ သို့ ဖြစ်နေပြီး ပုဂံကဲ့သို့ စွန့်စားရမည့်ခရီးမျိုးကို မရွေးချယ်ကြဟု ထင်ဖွယ်ရာ ရှိသည်။ သို့သော်လည်း သည်နှစ်က ထင်ထားသည်ထက်ပင် ပို၍ စည်ကားနေ သောကြောင့် ပုဂံကိုရွေးချယ်ကြသူများ အချင်းချင်း "အကြံတူသွားပြီ၊ ပုဂံက အေးအေးဆေးဆေး ပိုရှိမယ်ထင်တာ၊ ဒီမှာပဲစုပြီး ပွဲတော်လုပ်နေသလိုပဲ"ဟု ပြောစမှတ် ဖြစ်အောင် စည်ကားနေလေသည်။
အခြားသော မြို့နယ်များတွင်လည်း အထူးထင်ရှားစည်ကားစွာ ကျင်းပနေသော ပွဲတော်များစွာ လည်း သူ့ထက်ငါအပြိုင် လူမှုကွန်ရက်တွင် တင်ဆက်နေကြသည်။ ပုသိမ်မြို့တွင် ကျင်းပသည့်ပွဲတော်ဆိုလျှင် လူပင်လယ်ကြီး ဖြစ်သွားသည့်အကြောင်း၊ ကျောက်ဆည် မြို့က ပွဲတော်ဆိုလျှင် လမ်းများပါ ပိတ်လိုက်ရသည့်အကြောင်း၊ မင်းဘူးရွှေစက်တော်ဆိုလျှင် မီးပုံးပျံပွဲပါ ထည့်၍ ကျင်းပကြောင်း စသဖြင့် ပွဲတော်များ ပြိုင်နေသလား ထင်မှတ်ရလောက်အောင်ပင် အပြိုင်အဆိုင် ဖြစ်နေကြလေသည်။
ထိုကဲ့သို့ အများပြည်သူက ပျော်ရွှင်စွာ ပွဲတော်ကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်ကို လက်နက်ကိုင် PDF များက မခံမရပ်နိုင် ဖြစ်နေသည် လားမသိပေ။ သူတို့သည်လည်း တောထဲတောင်ထဲ ကနေ ဆီမီးသပိတ်ဆိုပြီး ကြက်ဝိုင်းခန့်ပင်မရှိသည့် လူအင်အားဖြင့် သိမ်ငယ်စွာ ကျင်းပနေကြလေသည်။ ထိုကဲ့သို့ လုပ်နေခြင်းကို ပြည်သူက ထောက်ခံမည် အထင်ဖြင့် လိုင်းပေါ်တင်ကြရာ အများပြည်သူက 'ကလေးတွေကို အဆိပ်မခတ်ပါနဲ့'ဟုဆိုပြီး စီစဉ်သူများကို ဝေဖန်ပြစ်တင် နေကြလေသည်။ ထိုမီးထွန်း သပိတ်ပွဲတော်ကို ရွှေဘိုမြို့ တစ်နေရာတွင် PDF များက ဦးစီး စီစဉ်ခြင်းဖြစ်ကြောင်း တင်ပြထားသော်လည်း ပြည်သူတို့၏ ပျော်ပွဲရွှင်ပွဲများအကြားတွင် အလွန်သိမ်ငယ်စွာဖြင့် မည်သို့မျှ ထင်ပေါ်ခွင့်လည်း မရတော့သည့် အခြေအနေ ဖြစ်နေကြလေသည်။ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ်ရင်း လုပ်ရင်း ပြည်သူ့မေတ္တာနှင့် ပို၍ ဝေးဝေးလာသည်ဟုသာ ဆိုချင်ပါတော့သည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )