"အိုက်ယား ကျဲ့ကျဲ့တို့က ပါးပါးလေး"
ဒီစကားက ရပ်ကွက်ထဲမှာ တစ်ဆိုင်တည်းရှိသော ဝက်သားတုတ်ထိုးဆိုင်၏ ပိုင်ရှင် ကျဲ့ကျဲ့ဆိုသော အမျိုးသမီးကြီး၏ လက်သုံးစကား ဖြစ်သည်။ တစ်ရပ် ကွက်လုံးကတော့ သူ့ကို မြန်မာသံဖြင့် 'အကျဲ'ဟုသာ ခေါ်ကြသည်။ အကျဲခေါ် 'ကျဲ့ကျဲ့'ဆိုသည့် အမျိုးသမီးက သားဖြူဖြူ နှာခေါင်းပြားပြား ပြည်ကြီးပေါက် အမျိုးသမီးဖြစ်သည်။ တစ်ခါတလေ သူက 'ပေါင်ဆန်း'မြို့မှာ မွေးဖွားသူတစ်ဦးဖြစ်ကြောင်း သူမိဘတွေက မြန်မာနိုင်ငံကို ပြောင်းလာလို့ သူလိုက်ပါလာတာဖြစ်ကြောင်း စိတ်လိုလက်ရ ပြောပြတတ်သည်။ တစ်ရပ်ကွက်လုံးက 'အကျဲ'ဟုသာ နှုတ်ကျိုးနေပြီး သူ၏ မြန်မာအမည် ဒေါ်ယုကြည်ကို လူသိနည်းလှသည်။ 'အကျဲ'တို့များ ပြည်ကြီးပေါက်သာပြောတာ မြန်မာလူမျိုးတွေအကြောင်း နောကျေလှသည်။ ရပ်ကွက်ထဲမှာကလည်း ရှားရှားပါးပါး တုတ်ထိုးဆိုင်ဆိုလို့ သူတစ်ဆိုင်တည်းရှိတော့ တစ်ခါတလေ လူဝါးဝချင်သေးသည်။
ဝက်သားတုတ်ထိုး လုပ်တာကို သူတို့လူမျိုးတွေက စတင်တည်ထွင်တာဖြစ်ကြောင်း၊ ဒါကြောင့် သူ တို့ကျေးဇူးကို ဒီကလူတွေ သိစေချင်ကြောင်း အာပေါင်အာရင်းသန်သန် ပြောတတ်သေးသည်။ တစ်ခါတလေ ဝက်သားတုတ်ထိုးက ပြည်ကြီးက ဘယ်မင်းဆက်မှာ စားတော်ကဲတွေကစတင်ပြီး ချက်ပြုတ်ကာ ဘုရင်ကို ပွဲတော်တည်စေတာဆိုပြီး ခပ်တည်တည် ပြောပြတတ်သေးသည်။ တစ်ခုခုဆိုရင် ပြည်ကြီး ကသာ နေလို့ထိုင်လို့ ကောင်းကြောင်း၊ ပြည်ကြီးကို ပြန်ချင်ကြောင်း၊ ပြည်ကြီးက ဒီမှာနဲ့မတူ အရမ်းတိုးတက်ကြောင်း ပြည်ကြီးအကြောင်း တုတ်ထိုးရောင်းရင်း ဖောက်သည် ချတတ်သည်။ ဝက်ခေါင်းသုတ်မှာ ရင်ဝက်သွေးခဲများများ ရောသုတ်ပေးပြီး ယူနန်စတိုင် ဝက်ခေါင်းသုပ်ဆိုပြီး ခပ်တည်တည် ဂျင်းထည့် တတ်သေးသည်။
တုတ်ထိုးလာစားတဲ့သူ တော်တော်များများကလည်း ပြည်ကြီးဆိုတာ မရောက်ဖူးတော့ သူပြောသမျှ မျက်စိသူငယ်နားသူငယ်ဖြင့် နား ထောင်ကြရသည်။ ဒီလို နားထောင်တဲ့သူဆိုရင် ဟင်းရည်ထဲက ဝက်ရိုးလေး ထည့်ပေးတတ်သည်။ ဒီလိုဆိုတော့ ရပ်ကွက်ထဲကအကြောင်းသိတွေက 'အကျဲ'ပြောသမျှ ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပေးရသည်။ ပြည်ကြီးပေါက်ဆိုသော်လည်း မြန်မာစကားကို မြန်မာထက်တောင် ရေလည်ပတ်စေ့ ပြောတတ်ဆိုတတ်သလို ဈေးသည်ဆိုတော့လည်း ရပ်ကွက် သတင်းစုံသည်။
ရပ်ကွက်ဥက္ကဋ္ဌကြီး နှာစေးချောင်းဆိုးဖြစ်တာကအစ ရပ်ကွက်ထဲကအသုပ်သည် ဒေါ်အေးပုံ အေ<ကး ထူတာအဆုံး 'အကျဲ'သိသည်။ ဒီလိုဆိုတော့ စပ်စုတတ် သူတွေက 'အကျဲ'ဆိုင်အရောက်သွားပြီး တုတ်ထိုး လေး၊ ငါးချောင်းလောက် စားပြီး ဟင်းရည်တစ်ဝသောက်ကာ သတင်း နားထောင်တတ်သည်။
သူ့အကြောင်းများ နောက်ကွယ်မှာ ပြောမိလို့ကတော့ 'အိုက်ယား ကျဲ့ကျဲ့တို့က ပါးပါးလေး'ဆိုတဲ့ လက်သုံးစကားကို ပြောတတ်လေသည်။ ဘယ်သူနဲ့ဘာပြောပြော ကျဲ့ကျဲတို့က ပါးပါးလေးဆိုတာ ထည့်ပြောတော့ တချို့ကလည်း ပြည်ကြီးပေါက်လူလည်မကြီးဆိုပြီး ကင်ပွန်းတပ်ကြသည်။
'အကျဲ'က ဝက်သားတုတ်ထိုးရောင်းရုံတင်မက ပရိုမိုးရှင်းဆင်းတာလည်းတော်သည်။ ဝက်သားဆို တာက သူတို့လူမျိုးတွေမှ ကိုင်တာတွယ်တာနိုင်တာဆိုပြီး သူတို့ လူမျိုးတွေရောင်းတဲ့ တုတ်ထိုးကိုသာစားဖို့၊ တခြားသူတွေ ရောင်းတဲ့ တုတ်ထိုးအချဉ်ရည်က ရက်ကျန်တွေဖြစ်လို့ ဗိုက်နာတတ်တာဆိုပြီး ပြောဆို ကာ ပရိုမိုးရှင်း ဆင်းတတ်သည်။ ဒါတင်မကသေး 'လုတို့လူမျိုးတွေ ကျဲ့ကျဲ့တို့ ပြည်ကြီးရှိနေလို့ ဈေး ပေါပေါနဲ့ လူသုံးကုန်တွေ သုံးနေရတာ အိုက်ယား၊ ယိုးဒယားပစ္စည်း အရမ်းဈေးကြီး တယ်နော်။ ဂျပန်ပစ္စည်းဈေးနှုန်း မိုးထိုးနေတယ်နော်။ ကျဲ့ကျဲ့တို့ ပြည်ကြီးကလာတဲ့ ပစ္စည်းတွေ ဈေးပေါတယ်နော်။ ဒါကြောင့် လုတို့သုံးနိုင်တာပေါ့။ မိတ်အင်ချိုင်းနားတွေကျေးဇူးနဲ့ လုတို့အဆင်ပြေနေတာ ဝမ်းသာပါတယ်။ မိုးနတ်မင်းကြီးက လုတို့ကို စောင့်ရှောက်နေတာ"ဆိုပြီး အပေါ်စီးက ပြောတတ်သေးသည်။ တစ်ခါတလေ တုတ်ထိုးလာစားသူတွေထဲက မခံချင်စိတ်ရှိတဲ့ လူများပါလားပြီး "ဒီလောက်ကောင်းနေရင် အကျဲ ပြည်ကြီးပြန်ပြီး တုတ်ထိုးရောင်းလေ"လို့ အာချောင်မိရင် 'အကျဲ'တို့များ ကက်ကက်လန်အောင် ရန်တွေ့တတ်သေးသည်။
တစ်ခါတလေ ရပ်ကွက်ထဲကလူတွေ မခံချင်လို့ ထပြောရင် 'အကျဲ'စိတ်ဆိုးပြီး ဘောင်းဘီပွပွကြီးကို မတင်ကာ ရပ်ကွက်ရုံးကို သွားတိုင်တတ်သည်။ ဒီလိုဆို ရင်အမှုကကြီးပြီ ဖြစ်သည်။ ပြည်ကြီးပေါက် အကျဲတို့များ ရပ်ကွက်ရုံးကို သွားတိုင်လို့ ရပ်ကွက်စာရေးက လာတိုင်ရတဲ့ အကြောင်းအရင်းကို ပြောပါဆိုရင် 'ကျဲ့ကျဲ့နဲ့ ပြည်မကြီးကို မုန်းတီးရေး ပြောဆိုခြင်း'ဟု ပြောတတ်သည်။ ဒီလိုဆိုရင် ရပ်ကွက်လူကြီး ခေါင်းစားရပြီဖြစ်သည်။ သာမန်အချေအတင် စကားများတာကိုပင် 'မုန်းတီးရေး'ဆိုပြီး ခပ်တည် တည်ခေါင်းစဉ် တပ်လိုက်သည်။ တိုင်ကြားတာကို လက်မခံဘူးဆိုရင်လည်း လက်မခံတာကို ပြည်ကြီး သံရုံးကို တိုင်မယ်၊ တောမယ်ဆိုတဲ့အထိ လူရည်လည်စွာ ပြောတတ်ဆိုတတ်သေးသည်။ ဒီတော့ အကျဲ ရပ်ကွက်ရုံးလာပြီလို့ သတင်းကြားတာနဲ့ အုပ်ကြီးတို့ တစ်သိုက် ရှောင်ရတာက အလုပ်တစ်ခု ဖြစ်နေသည်။ ဒီလိုဆိုရင် ရပ်ကွက်ရုံးရှေ့မှာ "အိုက်ယား ကျဲ့ကျဲ့တို့က ပါးပါးလေး"ဆိုပြီး အော်ဟစ်နေတတ်သည်။
အဆိုးဆုံးက ရပ်ကွက်ကိစ္စကို ဝင်ဝင်ပါတာ ဖြစ်သည်။ ရပ်ကွက်ထဲမှာ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ် အကျဲက ဝင်ပါတတ်သည်။ ပြီးရင် ဆရာမကြီးစတိုင်ဖြင့် ဟိုကိစ္စကဒီလို ဖြေရှင်းလိုက်ပါလား၊ ပြည်ကြီးမှာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းတာဆိုပြီး အလိုက်ကန်းဆိုးမသိ ဝင်ပြောတတ်သေးသည်။ မြန်မာစကားကို ရေရေလည်လည် ပြောတတ်တယ်ဆိုပြီး နေရာတကာဝင်ပါတော့ ရပ်ကွက်ထဲက လူအချို့နဲ့ တစောင်းစေးနဲ့ မျက်ချေးဖြစ်လေသည်။ တစ်ခုခုဆိုရင် 'ကျဲ့ကျဲ့တို့က ပါးပါးလေး'ဆို ပြီးအဆုံးသတ်သေးသည်။ ဘာကိစ္စပဲဖြစ်ဖြစ် ကျဲ့ကျဲ့တို့က ပါးပါးလေးဆိုတဲ့ စကားနဲ့ ခံလာရတာကြာလာတော့ ရပ်ကွက်ထဲကလူတွေ ထိုစကားရဲ့ အတိမ်အနက်ကို သိချင်ကြသည်။ ဗန်းစကားအရ ပါးပါးလေးဆိုတာကတော့ လူရည်လည်တာကို ဆိုလိုကြသလို ပါးပါးနပ်နပ်ဆိုတဲ့ စကားက ဆင်းသက်လာတာ ဖြစ်သည်။ ဒီလိုဆိုရင် အကျဲတစ်ယောက် သူလူရည်လည်တာကို သိစေချင်တဲ့နေရာမှာ ပြောတာမျိုးလား ဒါမှမဟုတ် သူနောက်ကွယ်မှာ သူ့အကြောင်းပြောတာ ကြားနိုင်လောက်တဲ့ နားပါးတာကိုဆိုလိုချင်တာလားဆိုပြီး ရပ်ကွက်ထဲကလူတွေ သိချင်တာဖြစ်သည်။ ဒီလိုဆိုတော့ အကျဲဆိုင်မှာ ပန်ကန်းဆေး၊ လက်တိုလက် တောင်းခိုင်းတဲ့ အကျဲတူမ 'ရှောက်နု'ကို ချဉ်းကပ်ပြီး မေးကြရသည်။
ရှောက်နုပြောမှ တစ်ရပ်ကွက်လုံး ခံလာရတဲ့ လက်သုံးစကားကို ရေလည်စွာ သိရလေတော့သည်။ ရှောက်နုပြောတဲ့ အကျဲရဲ့ လက်သုံးစကားရဲ့အဓိပ္ပာယ်က "လုတို့ကို အားယီ(အဒေါ်) ပြောတဲ့ ပါးပါးလေးဆိုတာ လုတို့ကို တစ်ချောင်းငါးရာနဲ့ ရောင်းတဲ့ တုတ်ထိုးလှီးတဲ့အခါ ပါးပါးလေး လှီးရတာကို ပြောတာ"ဆိုတော့မှ ရပ်ကွက်ထဲကလူတွေ ကိုယ်နှဖူးကိုယ် ဖြန်းခနဲမြည်အောင် ရိုက်လိုက်ကြတော့ သည်။
အကျဲတစ်ယောက် အမြဲတမ်းပြောတတ်တဲ့ "အိုက်ယား ကျဲ့ကျဲ့တို့က ပါးပါးလေး"ဆိုတာ သူအမြတ် ပိုကျန်အောင်လှီးတဲ့ ဝက်သားတုတ်ထိုးလှီးတဲ့နည်းဆိုတာ သိလိုက်ရသည်။ ရပ်ကွက်သူ ရပ်ကွက်သားတွေ ဒေါသူပုန်တွေထပြီး "ရပ်ကွက်နဲ့ခပ်ဝေးဝေးနေပါ ဒေါ်ယုကြည်"ဆိုပြီး ထအော်ဟစ်ရလေတော့သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )