ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း နှင့် တွေ့ဆုံခြင်း
နိုင်ငံအတွက် အရေးကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများက ကြားဝင်စေ့စပ်ပေးမည့် လုပ်ငန်းစဉ်အပါအဝင် ဒီမိုကရေစီနှင့်ဖက်ဒရယ်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစကားလုံး အရှေ့ အနောက်ထားရှိခြင်း၏ လေးနက်မှု၊ ကွာခြားမှုတို့နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးရန်နိုင်ဝင်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပိုမိုပါဝင်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြားဝင်စေ့စပ်ပေးမလဲ၊ ဘယ်လိုကြိုးပမ်းစည်းရုံးကြမလဲ။
UYNW ။ ။ နိုင်ငံရေးပါတီတွေထဲမှာ တိုင်းရင်းသားတွေကို အခြေခံတဲ့ ပါတီတွေ အများကြီးရှိတယ်။ လက်ရှိ တရားဝင်ပါတီတွေရဲ့ တစ်ဝက်လောက်က တိုင်းရင်းသားတွေကို အခြေခံတဲ့ပါတီတွေ ဖြစ်နေတယ်။ ဥပမာ ရခိုင်ဆို နှစ်ပါတီ ရှိတယ်။ ကချင်ဆို သုံးပါတီရှိတယ်။ စစ်ကိုင်းမှာလည်း ရှိတယ်၊ ရှမ်းဆိုရင်လည်း လေး၊ ငါးပါတီရှိတယ်။ တိုင်းရင်းသားပါတီတွေ အများကြီးပဲ။ အဲဒီတော့ သူတို့နဲ့ အဲဒီဒေသ မှာရှိတဲ့ EAO တွေနဲ့ အရင်းနှီးဆုံးပဲ၊ သိကြတယ်။ သူတို့ တိုင်းရင်းသားအချင်းချင်း နည်းနည်းလေး ပြောလိုက်တာနဲ့ ခရီးရောက်တယ်။ ဒီလမ်းကြောင်းကို ငါတို့ သွားသင့်တယ်ဆိုတာမျိုးပေါ့။ နောက် EAO တွေကလည်း ငြိမ်းချမ်းရေးလုပ်ချင်ရင် ဘယ်လမ်းကသွားကြမလဲ၊ နိုင်ငံရေးပါတီလမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်းက သွားမလား၊ နိုင်ငံရေးပါတီ လမ်းကြောင်းကသွားရင် လွှတ်တော်ထဲကို လွှတ်တော်ကိုယ် စားလှယ်တွေ ရောက်လာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာပြီဆိုရင် သူတို့ လိုလားချက်တွေ ဥပဒေနဲ့အညီ တောင်းဆိုရမယ့် အခွင့်အရေးတွေ အများကြီး ရှိလာမယ်။ အဲဒါကို ခွင့်ပြုထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေနတ်ကိုင်ချင်လား၊ တရားဝင် ကိုင်ခွင့်ပြုမယ်။ နိုင်ငံရေးပါတီထောင်ချင်လား၊ ထောင်ပေးမယ်။ စီးပွားရေးလုပ်ငန်း လုပ်ချင်လား၊ လုပ်ပေးမယ်။ ဒီထဲမှာ အေးအေးချမ်းချမ်း နေချင်လား၊ အေးအေးချမ်းချမ်း နေနိုင်အောင် NSPNC က ဒီလိုခွင့်ပြုပြီးသား။ အဲဒီတော့ ဒီလေးချက်မှာ သူတို့ဘာလုပ်မလဲ။ နိုင်ငံရေးပါတီလမ်းကြောင်းကို လာမယ်ဆိုရင် ပါတီထောင်ပေါ့။ ကျွန်တော်တို့က ဒေသကိုသွားရင် ဒီလေးချက်ပဲ ပြောမှာပါ။ သေနတ်ကိုင်ချင်လား၊ တရားဝင် သေနတ် ကိုင်နိုင်အောင် လုပ်ပေးမယ်။ နိုင်ငံရေးပါတီထောင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် လုပ်ချင်လား၊ ရအောင်လုပ်ပေးမယ်။ စီးပွားရေးလုပ်ငန်း ထောင်ချင်လား၊ ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်နိုင်အောင် ဆောင်ရွက်ပေးမယ်။ ငြိမ်းချမ်းချင်လား၊ နိုင်ငံက ကာကွယ်ပေးမယ်။ ဒီအချက်တွေနဲ့ပဲ နိုင်ငံရေးပါတီတွေက ဒေသမှာ စည်းရုံးကြမှာပါ။ ပြီးတော့ ဒီအချက်တွေက NSPNC နဲ့ နိုင်ငံရေးပါတီတွေ ညှိနှိုင်းထားချက် တွေ ဖြစ်ပါတယ်။
TREND ။ ။ တရားဝင် သေနတ်ကိုင်နိုင်ခွင့်ဆိုတာကို ဘယ်လို နားလည်ရမလဲ။
UYNW ။ ။ တရားဝင် သေနတ်ကိုင်နိုင်ခွင့်ဆိုတာက ဥပမာ နယ်ခြားစောင့်တပ် BGF တို့လိုမျိုးပေါ့။ ပြောရမယ်ဆိုရင် ဖက်ဒရယ် ဘာလဲ၊ ဖက်ဒရယ်ရဲ့အောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပဲ ရှိရမယ်။ ဖက်ဒရယ်နိုင်ငံ ထူထောင်ရင် လက်နက်ကိုင်အဖွဲ့အစည်းက တစ်ခုတည်း ရှိရမယ်။ အဲဒီလို လက်နက်ကိုင်အဖွဲ့အစည်း အောက်မှာအဖွဲ့၊ အဖွဲ့တွေ အများကြီး ရှိသလိုမျိုးပါ။ နယ်ခြားစောင့်တပ်၊ ကိုယ့် ဒေသကို ကာကွယ်တဲ့တပ်ထားသလိုမျိုးပါ။ အဲဒီမှာ ဘယ်တပ်မတော်လို့ ပြောလို့မရဘူး။ တိုင်းရင်းသား တပ်မတော်လို့လည်း ပြောလို့မရဘူး။ နိုင်ငံတော်အစိုးရကနေ သတ်မှတ်ထားတဲ့ ဘယ်လိုလက်နက်ကိုင်ခွင့်ဆိုတဲ့ ဥပဒေအရ လက်နက်ကိုင်ခွင့်ပါ။ ကျွန်တော်ပြောတာက ဥပဒေအရ လက်နက်ကိုင်ခွင့်နော်၊ အဲဒီ လိုမျိုး လုပ်ပေးမယ်လို့ ဆိုလိုတာပါ။
TREND ။ ။ စေ့စပ်ညှိနှိုင်း စည်းရုံးမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အချက်လေးချက်ကို ဖြည့်စွက်ရှင်း ပြပေးပါဦး။
UYNW ။ ။ နိုင်ငံရေးပါတီလမ်းကြောင်းကနေ သွားချင်တယ်ဆိုရင် ပါတီထောင် ရွေးကောက်ပွဲဝင်ဆိုရင် လွှတ်တော်ထဲ ရောက်သွားမယ်၊ လွှတ်တော်ထဲကနေ တောင်းဆိုခွင့်တွေ အများကြီးရလာမယ်။ အခုတောင် အသံတွေ ကြားနေရတယ်။ အခု ကိုးကန့် MNDAA ဆိုရင် နိုင်ငံရေးပါတီထောင်မယ်လို့တောင် အသံတွေ ကြားနေရပြီ။ သူတို့တောင် ပါတီထောင်မယ့် အခြေအနေတွေ ကြားနေရတယ်။ အဲဒီလို ပါတီ ထောင်မယ်ဆိုရင် ကောင်းသွားမယ်။ နိုင်ငံရေးနည်းနဲ့ သွားမယ်ဆိုတော့ သူတို့ကို အမြဲတမ်း နယ်မြေဒေသအပိုင်ရှိတယ်။ နယ်မြေဒေသအပိုင်ရှိတော့ လွှတ်တော်ကိုယ်စားလှယ်ရမှာပါ။ လွှတ်တော်ထဲမှာက တောင်းဆိုလို့ ရွာတွေ အများကြီးပဲလေ။ အဓိက လွှတ်တော်ကိုယ်စားလှယ်ရှိဖို့ လိုတာကိုး။ သူတို့ပါတီထောင်ရင် လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်ရမယ်၊ လွှတ်တော်ကိုယ်စားလှယ်ရရင် သူတို့ဒေသမှာ လွှတ်တော်ကိုယ်စားလှယ်ကနေ တောင်းဆိုစရာတွေ အများကြီးပဲလေ။ အဲဒါတွေ ရသွားမယ်ဆိုရင် ပိုပြီး ကောင်းသွားမှာပါ။ နောက်တစ် ချက်က နိုင်ငံရေးပါတီလည်း မထောင်ချင်ဘူး၊ လက်နက်လည်း မကိုင်ချင်ဘူး၊ စီးပွားရေးလုပ်ငန်းပဲ လုပ်ချင်တယ်ဆိုရင် ကုမ္ပဏီထောင်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ သိရတယ်။ အခုဟာက သယံဇာတရှိတဲ့နေရာပဲ တိုက်ပွဲတွေ ဖြစ်နေတာ၊ အဲဒီလို နေရာတွေမှာ သူကာကွယ် ပြီးတော့ စီးပွားရေးလုပ်မယ်ဆိုရင် နိုင်ငံတော်အတွက်လည်း အကျိုးရှိသွားမယ်။ အခုဟာက တချို့နေရာတွေဆိုရင် နိုင်ငံတော်အတွက် အကျိုးမရှိဘဲနဲ့ သောင်းကျန်းသူတွေက လုပ်ချင်တိုင်းလုပ်နေတာတွေ အများကြီးပဲ၊ အဲဒီလိုနေရာတွေမှာ စောစောကပြောသလို သူတို့ ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်မယ်ဆိုရင် နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်၊ သူတို့အတွက်လည်း အကျိုးရှိမယ်။ အခုကြည့်ပါ၊ အညာ PDF ဆိုတာ ရေနံတွင်းကို အခြေခံ ပြီးတော့ဖြစ်လာတဲ့ PDF ပါ၊ ကချင်ပြည်နယ်မှာ ဆိုရင်လည်း မြေရှားတွေကြောင့် ဖြစ်လာတဲ့ လက်နက်ကိုင်တွေပါ၊ အဲဒီလို သယံဇာတရှိတဲ့ နေရာမျိုးမှာ ငွေရှာလို့ရလို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲဒီလိုနေရာ စီးပွားရေးလုပ်မယ်ဆိုရင် အဲဒီနေရာဒေသကိုလည်း ကာကွယ် ထိန်းသိမ်းပေးပြီး သားဖြစ်မယ်၊ နိုင်ငံတော်အတွက်လည်း အခွန်အခတွေ ရလာမယ်။ ဒါကြောင့် စီးပွားရေး လုပ်မယ်ဆိုရင် ကုမ္ပဏီထောင်ပေးမယ်လို့ ပြောတာ။ နောက်ဆုံးအချက်ကတော့ ဘာမှမလုပ်ချင်ဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်ဆိုရင် နိုင်ငံတော်က ကာကွယ်ပေးမယ်။ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နိုင်ငံက ကာကွယ်ပေးမယ်။ ဥပမာ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်လည်း အပ်ပြီးပြီ၊ ပါတီလည်း မထောင်ချင်ဘူး၊ စီးပွားရေးလည်း မလုပ်ချင်ဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်ဆိုရင် နိုင်ငံ တော်က ကာကွယ်ပေးမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
TREND ။ ။ လက်ရှိက စတင် ကြိုးပမ်းနေပြီလို့ ဆိုရမလား။
UYNW ။ ။ အခုလက်ရှိက စပြီး စတင်ဆွေး နွေးနေပါပြီ။ ဒေသတွေမှာ ဒီလိုလုပ်ကြပါ၊ ဒါမျိုးလုပ်ကြပါဆိုတာမျိုး စည်းရုံးပြောဆိုတာတွေ လုပ်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဦးတည်ပြီးတော့ ဝင်ကြမလဲ၊ ဘယ်လို နည်းလမ်းကနေ ဝင်လာလာပေါ့၊ ပစ်မှတ်က တစ်ခုတည်း ငြိမ်းချမ်းရေးပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဝင်လာလာ၊ ငြိမ်းချမ်းရေးတစ်ခုပဲ ကျွန်တော်တို့ သိပါတယ်။ အဲဒီငြိမ်းချမ်းရေးသည်လည်း ဘယ်သူ့အတွက်လည်းဆိုရင် နိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့အတွက် ဖြစ်ပါတယ်။ ဒါကို ကြိုးပမ်းလုပ်ဆောင်တဲ့အခါမှာတော့ အခက်အခဲအနည်းအများတော့ ရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတစ်ခုက တစ်ခုနဲ့တစ်ခု ပြောင်းရတယ်ဆိုတာတော့ အခက်အခဲရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က ငါတို့ ပြည် ထောင်စုကောင်းဖို့ဆိုတဲ့ စိတ်ကို မွေးပြီးမှ ပြောင်းလဲချင်မှသာ ရမှာပါ။ သူတို့အတွက်လည်း အာ မခံချက်ပေးထားပြီးပြီ။ ဒီအတိုင်း တိုက်နေလို့လည်း နှစ် ပေါင်း ၇၀ ကျော် ကြာလာပြီ။ ဘာမှ မဖြစ်နိုင် တော့ဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုတဲ့ စိတ်အားလုံးကို ရင်ထဲကိန်းအောင်းဖို့ လိုပါပြီ။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို လိုလားနေကြတယ်။ ပြည်သူတွေမှာလည်း ငြိမ်းချမ်းရေး မရလို့ ခံစားနေရတယ်။ အားလုံးကလည်း ငြိမ်းချမ်းချင်တယ်၊ လက်ရှိ နိုင်ငံတော်သမ္မကြီးကလည်း ငြိမ်းချမ်းရေးကို အရမ်းစိတ်ပါဝင်စားနေတော့ ငြိမ်းချမ်းရေးကို အားလုံး လုပ်ဆောင်သင့်ပါပြီ။ ဒီအတိုင်း ဆက်သွားနေ မယ်ဆိုရင်တော့ ကျွဲနှစ်ကောင်ကြားက မြေစာပင်ပဲ ဒုက္ခရောက်ရမှာပါ။
TREND ။ ။ နောက်တစ်ချက်မေးလိုတာက ဒီမိုကရေစီနှင့် ဖက်ဒရယ်၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ စကားလုံး အရှေ့အနောက် ထားရှိခြင်းနဲ့ပတ်သက်ပြီး လေးနက်မှု၊ ကွာခြားမှုတွေကို သုံးသပ်ပြပါဦး။
UYNW ။ ။ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်ကို တင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်ထဲမှာ ပုဒ်မ(၈) ပေါ့။ ပုဒ်မ(၈)အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ထူထောင်မယ်လို့ ပြင် ဆင်ထားပါတယ်။ ပြင်ဆင်ချက်လုပ်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကိုသွားတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ ဒီမိုကရေစီသွားချင်တယ်ပေါ့။ ဖက်ဒရယ်ဆိုတာက အများကြီးကွဲပြားနေတယ်။ ဘာလို့ ကွဲပြားနေသလဲဆိုရင် ဖက်ဒရယ်က ဒေသကို အခြေခံတဲ့ ဖက်ဒရယ်လား၊ လူမျိုးစုအခြေခံတဲ့ ဖက်ဒရယ်လား ဒါမျိုးတွေလည်း အများကြီး ရှိတယ်၊ အဲဒီတော့ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်မှသာ တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ ဖြစ်သွားမှာပေါ့။ လူမျိုးစုအခြေခံတဲ့ ဖက်ဒရယ်ဆိုရင် လူမျိုးပေါင်း ၁၃၅ မျိုးကို အခြေခံတဲ့ ဖက်ဒရယ်လေးတွေ အများကြီး ဖြစ်လာမှာ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံက ဒေသကို အခြေခံတဲ့ ဖက်ဒရယ် ထူထောင်မယ်လို့ ပြောတာပါ။ ဒါကို ကျွန်တော်တို့က ကြိုက်ပါတယ်။ ဖက်ဒရယ်ဆိုတာက Decentralize ဗဟိုချုပ်ကိုင်မှု လျှော့ချတာ။ နိုင်ငံတော်မှာရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ State Const-itutions တွေ အများကြီး ဆွဲလို့ရမယ်။ အဲအချိန်မှာ ကိုယ့်ဒေသကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်မလဲဆိုတာတွေ အများကြီး ရေးဆွဲလို့ရတယ်။ အဲဒီမှာ Power Sharing (အာဏာကြီးသုံးရပ် ခွဲဝေခြင်း)၊ Resource Sharing (သယံဇာတခွဲဝေခြင်း)၊ Tax Sharing (အခွန်အခ ခွဲဝေကောက်ခံခြင်း) တွေ ထပ်ဖြစ်လာမယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလမ်းအတိုင်းကို လျှောက်ကြည့်ပါ၊ မလျှောက်ဘဲနဲ့ မကောင်းဘူး ဆိုတာတော့ ပြောလို့မရပါဘူး။ ဒါက ဖက်ဒရယ်နဲ့ပတ်သက်လို့ ပြောတာပါ။ ဒီမိုကရေစီဆိုတာက ကျင့်စဉ်ပဲလေ။ ပါတီစုံဒီမိုကရေစီ လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကို ရောက်နေပြီလေ။ ရွေးကောက်ပွဲ စလုပ်တယ် ဆိုကတည်းက ဒီမိုကရေစီစနစ်ကို သွားတယ်။ နောက်တစ်ခါ ဘယ်လိုပြည်ထောင်စု တည်ထောင်မှာလည်းဆိုတဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မှာပေါ့။ ရွေးကောက်ပွဲလုပ်ကတည်းက ဒီမိုကရေ စီစနစ်ဆိုတာ စလာပြီ။ ပြီးမှ ဖက်ဒရယ်ဆိုတာကို ဒုတိယအဆင့် သွားတာ။ အဲဒီလို သုံးသပ်ပါတယ်။
TREND ။ ။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စကားလုံး အရှေ့အနောက်ထားရှိခြင်း လေးနက်မှု ခြားနားမှုတို့ပတ်သက်ပြီး ဖြည့်စွက်ရှင်းပြပါဦး။
UYNW ။ ။ ဒီမိုကရေစီဆိုတာက လူအများစုက ရွေးကောက်တင်မြှောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးကို သွားတာ။ အဲဒီလိုသွားတော့ ရွေးကောက်ပွဲမရှိရင် ဒီမိုကရေစီဆိုတာ ချုပ်ငြိမ်းသွားတာပဲ။ ဒီမိုကရေစီဆိုတာက ရွေးကောက်ပွဲ အရင်လုပ်ရမယ်လေ။ ပြီးမှ ဖက်ဒရယ်ကို ထူထောင်ရမယ်။ ဒါတွေက ကျွဲကူးရေပါပဲ။ ဒီမိုက ရေစီနှင့် ဖက်ဒရယ်ဆိုတာက စနစ်တကျပဲဗျ၊ ရွေးကောက်ပွဲလုပ်ပြီးမှ ဖက်ဒရယ် သွားလို့ရမှာ၊ ဒီမိုကရေစီမရှိဘဲနဲ့ ဖက်ဒရယ်ကို ထူထောင်လို့ မရဘူး။ ဖက်ဒရယ်စနစ်ကို ဘယ်သူ အုပ်ချုပ်မလဲ။ ဖက်ဒရယ်ဆိုတာက Decentralize၊ တိုင်းဒေသကြီးကို ဘယ်သူအုပ်ချုပ်မလဲ၊ ဒီမိုကရေစီ မရှိဘဲနဲ့ ဖက်ဒရယ် အုပ်ချုပ်လို့မရဘူး။ ဒီမိုကရေစီနောက်မှလာ၊ ဖက်ဒရယ်ကို အရင်တင်မယ်ဆိုရင် ဘယ်သူက တိုင်းဒေသကြီးကို အုပ်ချုပ်မလဲ၊ ဒီမိုကရေစီစနစ်ရှိမှသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး ချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာမယ်လေ။ အဲဒီလိုပြီးမှ ရှေ့ဆက်သွားမယ့် ဖက်ဒရယ်စနစ်က နောက်တစ်ဆင့် လုပ်ရမှာပါ။ အရေးကြီးတာက ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်ဖို့ပါ။ ရွေးကောက်ပွဲရှိမှ ရှေ့ဆက်သွားလို့ရမှာပါ။ ရွေးကောက်ပွဲမရှိရင် ဖက်ဒရယ်ဆိုတာ သွားလို့မရပါဘူး။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီးမှ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ရှိလာမယ်၊ ဝန်ကြီးတွေ ရှိလာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာမယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ရွေးကောက်တင် မြှောက်ပြီးမှသာ ပေါ်လာမှာပါ။ အဲဒီမှာ ဘယ်စနစ်ကို သွားမှာလဲ၊ ဖက်ဒရယ်စနစ်ကိုသွားမယ် ဆိုတာကို နောက်တစ်ဆင့် ဆက်လက်ဖော်ဆောင်သွားရမှာပါ။ ဒီမိုကရေစီ မရှိဘဲနဲ့ ဘယ်စနစ်မှ သွားလို့ မရသေးပါဘူး။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင်းလင်းအောင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )