မူဝါဒကောင်းများနှင့် လက်တွေ့ရလဒ်များကြားက စီမံခန့်ခွဲမှုအားနည်းချက်များ

    ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပုသိမ်အမတ်တစ်ဦးက ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုပြီးဝင်ရောက်အောင်လို့ ကမ်းခြေတွေမှာ အထပ်မြင့်ဟိုတယ်တွေ တည်ဆောက်ဖို့ဆိုပြီး အဆိုတင်သွင်းတာ တွေ့လိုက်ရတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကမ်းခြေတွေကို အဆင့်မြှင့်တင်တာက ခရီးသည်တွေ ပိုပြီးတည်းခိုလာနိုင်ဖို့ဖြစ်သလို အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ရရှိပြီး နိုင်ငံခြား ဝင်ငွေလည်း ရရှိမယ်လို့ ဆိုထားတယ်။ 
    ဒီနေရာမှာ လေ့လာထားမိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရဆိုရင် ၂၀၂၆ ခုနှစ် ပထမ ခြောက်လထဲမှာ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ၅၃၀၉၇၃ ဦးကျော် ဝင်ရောက်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ နှစ်၊ အလားတူကာလမှာ ဝင်ရောက်ခဲ့တဲ့ ၅၀၀၁၂၅ ဦး ထက်စာရင်တော့ အနည်း ငယ်တိုးလာတဲ့ သဘောပဲ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ ၄ ဒသမ ၃၆ သန်းနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကွာဟချက်ရှိနေတာ တွေ့ရတယ်။ ဒါတွေကလည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနဲ့ ခရီးသွားလာနိုင်မှု ကန့်သတ်ချက်တွေကြောင့် ခရီးသွားလုပ်ငန်းက ပြန်ပြီး ခေါင်းထောင်၊ နာလန်ထူနိုင်ဖို့က အတားအဆီးတွေ ဖြစ်နေဦးမှာပါပဲ။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းမှာ ၃၅ သန်းကျော်၊ မလေး ရှားမှာ ၂၅ သန်းကျော်၊ ဗီယမ်နမ်က ၁၇ သန်း ကျော်နဲ့ ဖိလစ်ပိုင်က ငါးသန်းကျော်ဆိုတဲ့ အနေအထားကနေ သက်ဆိုင်ရာနိုင်ငံတွေက ဘီလီယံနဲ့ချီတဲ့ နိုင်ငံခြားဝင်ငွေ ရနေချိန်မှာ ကိုယ်တွေဆီကို နိုင်ငံခြား ခရီးသွားဝင်ရောက်မှု နည်းနေတာကလည်း အဖြေရှာဖို့ လိုအပ်နေတာတော့ အမှန်ပဲ။
    ဒီတော့ ပထမဆုံးမေးခွန်းက မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ ဘာကြောင့်လာတာ နည်းတာလဲ ဆိုတဲ့မေးခွန်းကို အရင်ဆုံး ဖြေကြည့်ကြဖို့ လိုတယ်။နိုင်ငံခြားခရီးသွားတွေက ကမ်းခြေတွေကို လာလည်ကြတယ်ဆိုတာ စိတ်အပန်းဖြေဖို့ သက်သက်ပါပဲ။ ခရီးသွား လုပ်ငန်းဆိုတာက ဟိုတယ်လုပ် ငန်းတစ်ခုတည်း ပြီးပြည့်စုံရုံနဲ့ မရပါဘူး။ ဘယ်နိုင်ငံက ခရီးသွားပဲဖြစ်ဖြစ် ကိုယ်သွားမယ့်နိုင်ငံကို အရင်ဆို Google မှာ ရှာဖတ်ကြည့်ကြမှာပါပဲ။ ဒါက အနိမ့်ဆုံးအဆင့်လုပ်ကြမယ့် လုပ်ရိုး လုပ်စဉ်တစ်ခုပါ။ ပြီးတော့ ဒီနိုင်ငံက သူ့အတွက် လုံခြုံရေး အဆင်ပြေနိုင်ပါ့မလား။ မိသားစုနဲ့ပါလာရင် စိတ်ချရမှုက ဘယ်လောက်ရှိ မလဲဆိုတာလည်း ထည့်တွက်ကြဦးမှာပါ။ ဒုတိယကတော့ လေကြောင်းလိုင်းတွေ၊ လမ်းပန်းဆက်သွယ် ရေးအခြေအနေတွေ၊ နိုင်ငံကို ဝင်ရောက်မယ့် ဗီဇာလုပ်ငန်းတွေ၊ ငွေပေးချေမှုစနစ်တွေနဲ့ ဒေသခံတွေရဲ့ ဝန်ဆောင်မှုအရည်အသွေးတွေ ဘယ်လောက် အဆင်ပြေသလဲဆိုတာကလည်း အရေးကြီးပြန်ပါတယ်။ တကယ်တော့ လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်ရဲ့ အဆိုဖြစ်တဲ့ အထပ်မြင့် ဟိုတယ် အသစ် ဆောက်လုပ်ဖို့ဆိုတာကို မလိုဘူးလို့ ယတိပြတ်ငြင်းချက် ထုတ်တာမဟုတ်ဘူး။ ဟိုတယ်အသစ်တွေ တိုးလာတာက ခရီးသွားတွေ အမှန်တကယ် များလာတဲ့အချိန်မှာ တိုးချဲ့တာက ကောင်းတဲ့အား သာချက်ပါ။ အထပ်မြင့် အဆောက်အအုံဆိုတော့လည်း စားသောက်ဆိုင်တွေပါနိုင်သလို အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေလည်း ပါနိုင်လို့ ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးမှုအပိုင်းမှာပါ အကျိုးရှိတယ်လို့ ဆိုရမှာပါ။ ခရီးသွားလုပ်ငန်း အလားအလာကောင်းတဲ့ ဒေသတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တွေပါ ဝင်ရောက်လာနိုင်လို့ အကျိုးကျေးဇူးတွေလည်း များနိုင်ပါတယ်။ ဒါပေမဲ့ အထပ်မြင့် အဆောက်အအုံတွေ ဆောက်ပြီးမှ ခရီးသွားမလာဘူးဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ မေးခွန်းကလည်း သေချာပေါက်ရှိနေမှာပါ။ ဒီတော့ လက်တွေ့လည်းကျ၊ ကနဦး အခြေခံအဆင့်လည်းဖြစ်တဲ့ ခရီးသွားဝင်ရောက်လာရေးကိုသာ ပထမဆုံး ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ မြင်တယ်။
    နိုင်ငံတကာ ခရီးသွားတွေလာရောက်ဖို့အတွက် ပထမဆုံး လုပ်ပေးရမယ့်အချက်က လုံခြုံရေးကဏ္ဍပါ။ တကယ်တော့ မြန်မာနိုင်ငံက နိုင်ငံခြားခရီးသွားတွေ လည်ပတ်ဖို့အတွက် လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ်။ ဥပမာ-ငွေဆောင်နဲ့ ချောင်းသာလိုမျိုး ကမ်းခြေတွေ၊ ပုဂံ၊ ညောင်ဦးလိုမျိုး ရှေးဟောင်း နယ်မြေဒေသတွေ၊ အင်းလေး၊ ဟဲဟိုးနဲ့ တောင်ကြီးဆိုတဲ့ တောင်ပေါ်ဒေသတွေ၊ မုံရွာလိုမျိုး ဖိုလ်ဝင်တောင်ဒေသ၊ ကချင်ပြည်နယ်ထဲက ရေခဲတောင်တက် ခရီးသွားကဏ္ဍနဲ့ ဘားအံထဲက ဇွဲကပင်မြေအလှ စသဖြင့် နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့နေရာတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းတွေကို နိုင်ငံခြားသားခရီးသွားတစ်ယောက်က လုံလုံခြုံခြုံ သွားနိုင်ပြီလားဆိုတဲ့ မေးခွန်းကို ကနဦး အဖြေရှာပေး ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တချို့နေရာတွေကတော့ လုံခြုံပါတယ်လို့ ပြောရုံနဲ့မရဘူး။ ခရီးသွားဆိုတာက ဒီနိုင်ငံလာပြီး ဘုရားဖူးချင်ရုံသက်သက် လာကြသူ တွေ မဟုတ်ဘူး။ ကမ်းခြေမှာ ရေကူးချင်သူ ရှိကောင်းရှိမယ်။ ဇွဲကပင်တောင်ကို တက်ချင်တဲ့သူတွေ ရှိကောင်းရှိမယ်။ အဓိက နေရာစုံကို လွတ်လွတ်လပ်လပ် လုံခြုံမှုအပြည့် သွားနိုင်အောင် မလုပ်ပေး နိုင်ခင်မှာတော့ ခရီးသွားတွေ ဝင်ရောက်ဖို့ဆိုတာ အတော်လေး ခက်နေဦးမှာပါပဲ။ ဒီတော့ လုံခြုံရေးကဏ္ဍက ထိပ်ဆုံးအဆင့် အရေးကြီးတာ တွေ့ရတယ်။ 
    ဒုတိယအချက်မှာ နိုင်ငံဝင်ရောက်ခွင့်က လွယ်ကူမှု ဘယ်လောက်ရှိသလဲပေါ့။ ဗီဇာလျှောက်ထားရတာ လွယ်ကူမှပဲ ရွေးချယ်ကြမယ်ထင်တယ်။ ကိုယ်တိုင်ဆိုရင်လည်း ကိုယ်အလည်အပတ်သွားမယ့် တခြားနိုင်ငံက ဗီဇာတင်းကျပ်လွန်းနေရင်၊ လုပ်ရကိုင်ရတဲ့ Process က သိပ်ရှုပ်ထွေးနေရင် ဘယ်လိုစိတ်သောက ဖြစ်ရသလဲဆိုတာ တွေးကြည့်ကြပေါ့။ လေဆိပ်မှာတင် လေဆိပ်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုက ညံ့ဖျင်းလွန်းနေရင် လေဆိပ်ကနေတောင် လှည့်ပြန်ချင်စိတ်မျိုး ပေါက်သွားနိုင်တာလည်း သတိချပ်သင့်တယ်။ တတိယအချက်က ကိုယ်လည်ပတ်တဲ့မြို့မှာ Public Transport က ဘယ်လောက် ကောင်းနေသလဲဆို တာကလည်း အရေးကြီးတယ်။ ရန်ကုန်လိုမျိုး မြို့ပြကြီးမှာတောင် အိမ်နီးချင်း ထိုင်းလိုမျိုး Metro မရှိ၊ Sky Train မရှိ၊ YBS Bus တွေတောင် နိုင်ငံခြားခရီးသွားမပြောနဲ့ ရန်ကုန်က ပြည်သူတွေအတွက်တောင် အဆင့် မီမီ လောက်ငမှုရှိရဲ့လားပေါ့။ စတုတ္ထအချက်က အခြေခံအဆောက်အအုံပိုင်းဖြစ်တဲ့ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ အများသုံးအိမ်သာ၊ လမ်းညွှန်ဆိုင်းဘုတ်နဲ့ အရေးပေါ်ဆေးကုသမှုတွေ ဘယ်လောက်ပြည့်စုံ သလဲဆိုတာကလည်း အရေးကြီးပြန်သေးတယ်။ လက်ရှိ လုံခြုံရေးကြောင့် VPN ခံပြီး အင်တာနက်သုံးရတဲ့ အခြေအနေတွေ၊ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ဆက်သွယ်ရေးတောင်မရတဲ့ နေရာတွေများနေရင် ဘယ် လောက်ပဲ လည်ပတ်စရာရှိတဲ့ နေရာတွေများ တယ်ပြောပြော ခရီးသွားတွေအနေနဲ့ ရွေးချယ်မှာတော့ မဟုတ်ဘူး။ 
    ထိုင်းမှာ နိုင်ငံခြားခရီးသွား ၃၅ သန်းကျော် ဝင်ရောက်တယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး။ နိုင်ငံ ၉၃ နိုင်ငံနဲ့ ဒေသကူးလက်မှတ် ကိုင်ဆောင်သူတွေကို ရက်ပေါင်း ၆၀ အထိ ဗီဇာကင်းလွတ်ခွင့်ပေး ထားတယ်။ နိုင်ငံ ၃၁ နိုင်ငံအတွက် Visa on Arrival နဲ့ ရေရှည်လာရောက်နေထိုင်ဖို့ မိတ်ဆက်ထားတယ်။ ဒါကို ကြည့်ရင် ဗီဇာပေါ်မှာ အာရုံမစိုက်ဘဲ နိုင်ငံထဲမှာသုံးမယ့် ပိုက်ဆံကိုပဲ အဓိကထားတာ မြင်ရလိမ့်မယ်။ နိုင်ငံ ခြားခရီးသွားဆိုတာက စိတ်အပန်းပြေဖို့အတွက် လာကြတာများတယ်။ ဘေးကင်းလုံခြုံတဲ့ ၂၄ နာရီ ဖျော်ဖြေပွဲတွေနဲ့ အရသာရှိတဲ့ အစားအစာတွေ ဖန်တီးပေးနိုင်မှသာ ဆွဲဆောင်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လိမ့်မယ်။ ဗီယက်နမ်ဆိုရင်လည်း ဒစ်ဂျစ်တယ်ခရီးသွားစနစ်ကို ဖော်ဆောင်နေတာရှိတယ်။ အခြေခံငွေကြေးတွေကို ကတ်စနစ်၊ ဒစ်ဂျစ်တယ်နဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်တာကလည်း စိတ်ချမ်းသာမှုတစ်မျိုးပဲ။ ဟိုတယ်ဈေးနှုန်း၊ စားသောက်စရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ဝန်ဆောင်မှုအရည်အသွေးတွေကလည်း နိုင်ငံခြားခရီးသွားတွေအတွက် နောက်တစ်ကြိမ် ပြန်လာ၊ မလာ ဆိုတာကို အဆုံးအဖြတ်ပေးတာ ဖြစ်လို့ ဝန်ဆောင်မှုအရည်အသွေး ထိန်းနိုင်ဖို့ကလည်း သိပ်အရေးကြီးတယ်။ အဓိကလာချင်စဖွယ်ဖြစ်တဲ့ ပန်းခြံတစ်ခု အရင်တည်ဆောက် ပြုပြင်ပြောင်း လဲနိုင်ဖို့က အရေးအကြီးဆုံးလို့ပဲ မြင်တယ်။
    နောက်ထပ်တစ်ခုက ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ စားအုန်းဆီနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုအမှားတွေကို ဘယ်လို ပြင်ဆင်ပေးမလဲဆိုတဲ့ မေးမြန်းချက်ကလည်း အတော်လေး စိတ်ဝင် စားစရာကောင်းတယ်။ မြန်မာနိုင်ငံမှာ စားသုံးဆီ ပြဿနာအကြောင်း ပြောကြတဲ့အခါ စားအုန်းဆီတင် သွင်းတာကို လျှော့ချဖို့၊ ပြည်တွင်းဆီထွက် သီးနှံကို တိုးချဲ့စိုက်ပျိုးဖို့နဲ့ ဆီဈေးနှုန်း ကို ထိန်းချုပ်ဖို့ဆိုတဲ့ အဖြေတွေကို မကြာခဏ ကြားရတယ်။ ဒါပေမဲ့ ဒီလိုနှစ်ပေါင်းများစွာ ပြောလာခဲ့ပေမယ့် ဘာလို့သိသာတဲ့ရလဒ် မထွက်လာသေးသလဲဆိုတဲ့ မေးခွန်းကလည်း ရှိနေသေးတယ်။ မြင်ရသလောက်ကတော့ အဓိက ပြဿနာက ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်နိုင်ဖို့ အမှန်တကယ် အကျိုးရှိတဲ့ စီးပွားရေးစနစ်ကို မတည်ဆောက်နိုင်သေးဘူးလို့ပဲ ဆိုရမယ်။ နောက်ထပ် အရေးကြီးတဲ့ပြဿနာက မူဝါဒပြဿနာပါ။ ၂၀၂၅ ခုနှစ်မှာ အစိုးရရဲ့ အစီရင်ခံချက်တစ်ခုမှာ စားအုန်းဆီ တင် သွင်းမှုက ၆၄၀၀၀၀ တန် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ တစ်လကို ခန့်မှန်းပျမ်းမျှ တန်ငါးသောင်းလောက် တင်သွင်းနေခဲ့ရင် တစ်နှစ်စာအတွက် က ခန့်မှန်းတန်ချိန် ခြောက်သိန်းလောက်ကတော့ အသာလေးရှိမယ့် သဘောပဲ။ ဒါပေမဲ့ အောက်တိုဘာ ၁၉ ရက်က ထွက်လာတဲ့ သတင်းတစ်ခုမှာ စားအုန်းဆီတင်သွင်းမှုကို ရာခိုင်နှုန်း ၃၀ အထိ လျှော့ချမယ်ဆိုတဲ့ သတင်းလည်း တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း ဒီသတင်းနဲ့အတူ အစိုးရက ပျမ်းမျှ ၇၀၀၀ ပတ်ဝန်းကျင်လောက် သတ်မှတ်ထားတဲ့ ဈေးတန်းတစ်ခုက ကျပ် ၂၀၀၀၀ ပတ်ချာလည်အထိ မြှင့် တက်သွားခဲ့တယ်။ 
    ဒီအဖြစ်အပျက်တွေကို နှိုင်းယှဉ်ကြည့်ရင် ပြည်တွင်းထုတ်လုပ်မှုက တိုးမလာခင် တင်သွင်းမှုကို အရင်လျှော့လိုက်ရင် ရောင်းလိုအားနည်း၊ ဝယ်လိုအားက အရင်အတိုင်း ရှိနေချိန်မှာ ဆီဈေးက အဆမတန် မြင့်တက်လာတာ မြင်ရလိမ့်မယ်။ ရည်ရွယ်ချက်က နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့လို့ဆိုပေမယ့် ပြည်သူတွေရဲ့ အိမ်ထောင်စု အသုံးစရိတ်က ပိုပြီးမြင့်တက်သွားတယ်။ တန်ချိန် ဘယ်လောက်လျှော့ချ လိုက်လို့ နိုင်ငံခြားငွေ ဘယ်လောက် သက်သာသွားသလဲဆိုတာထက် ဒီလျှော့ ချမှုရဲ့ နောက်ဆက်တွဲက ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဘယ်လိုသက်ရောက်မှုရှိသွားသလဲ။ ပြည်တွင်းဆီ ထွက်သီးနှံဈေးနှုန်းက ဘယ်လောက်တည်ငြိမ်သလဲ။ ဈေးကွက်မှာ ဆီပြတ်လပ်မှု ရှိ၊ မရှိ ဆိုတာကပါ အရေး ကြီးလာတယ်။ 
    တကယ်တော့ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့ တခြားဆီထွက်သီးနှံတွေ စိုက်ပျိုးကြတယ်။ IFPRI ရဲ့ သုတေသနစစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံရဲ့ နှစ်စဉ် စားသုံးဆီလို အပ်ချက်က တန်ချိန်တစ်သန်းအထိ ရှိနေပေမယ့် ပြည်တွင်း ဆီထွက်သီးနှံတွေက ရနေတဲ့ ပမာဏကတော့ တန်ချိန်လေး သိန်းဝန်းကျင်ပဲရှိတယ်လို့ ထုတ်ပြန်ထားတယ်။ သဘောကတော့ နှစ်စဉ်ပြည်ပကနေ တန်ချိန် ခုနစ်သိန်းလောက် တင်သွင်းနေရတဲ့ အခြေအနေမျိုးပဲ။ ဒီအခြေအနေကို ဖြေရှင်းဖို့ဆိုရင်တောင် သူတွေစိုက်ချင်လာအောင်အကျိုးအမြတ် ဖန်တီးပေးနိုင်ဖို့ လိုတာတွေ့ရတယ်။ တကယ်လို့ ဆီထွက်သီးနှံ စိုက်ပေမယ့် အကျိုးမရှိရင် တခြားသီးနှံပဲ ပြောင်းစိုက်လာကြလိမ့်မယ်။ ဒုတိယအချက်က ဆီးထွက်သီးနှံ ဈေးနဲ့ ဆီဈေးကွက်က တစ်ဆက်တည်းဖြစ်ဖို့ လိုအပ်တယ်။ ဆိုလိုတာက ကုန်သည်၊ ကြိတ်ခွဲသူ၊ ဖြန့်ချိ သူနဲ့ လက်လီရောင်းချသူတွေရဲ့ ကုန်ကျစရိတ်နဲ့ အမြတ်နှုန်းတွေကို ဖော်ထုတ်နိုင်မှပဲ ဈေးကွက်ကို ထိထိ ရောက်ရောက်ပြင်နိုင်လိမ့်မယ်။ တတိယအချက်က တိရစ္ဆာန်အစာရနိုင်တဲ့ မြေပဲဖတ်၊ နှမ်းဖက်နဲ့ တခြား ဆီဖတ်တွေရဲ့ ဈေးကွက်ကိုလည်း ဂရုတစိုက်ထိန်း ကျောင်းဖို့ လိုလိမ့်မယ်။ နောက်ဆုံးအချက်ကတော့ ဆီစက်တွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ဖို့လိုတာ တွေ့ရတယ်။ လက်ရှိ သတင်းတွေအရ ဆီစက် လုပ်ငန်းရှင် ၄၀ ကို ချေးငွေချထား ပေးထားတယ်ဆိုတဲ့ သတင်း လည်း မြင်မိတယ်။ ဆီစက်လုပ်ငန်းရှင် တွေအတွက် လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၅၀၀၀ အထိနဲ့ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂၀၀ ကနေ ကျန်သိန်း ၅၀၀၀ အထိ ချေးငွေ လျှောက်ထားခွင့်ပြုထား တယ်လို့လည်း သိရတယ်။ ဒီလို ချေးငွေခွင့်ပြုပေးထားရာကနေ ဆီစက်တွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ကို အမှန်တကယ်မြှင့်တင်နိုင်ဖို့ အရေးကြီးတယ်။
    အရေးကြီးတဲ့အချက်ကတော့ စီမံခန့်ခွဲမှုပါပဲ။ လစဉ်စားသုံးမှု၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းသုံး လိုအပ်ချက်တွေကို စားရင်းဇယားခိုင်ခိုင်မာမာ ပြုစုထားသင့်တယ်။ ဒါမှပဲ လက်သင့်ရာ ခွဲဝေတဲ့ စနစ်မှားတွေ ပပျောက်လိမ့်မယ်။ ပြည်တွင်းဆီထွက်နှုန်းတိုးလာမှပဲ အဆင့်လိုက် လျှော့ချတာက ဈေးကွက်ကိုလည်း ထိန်းကျောင်းပြီးသား ဖြစ်စေနိုင်တယ်။ ပြည်တွင်းဆီထွက်နှုန်း တိုးဖို့ဆိုတာကလည်း ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်တွေ ရဖို့လိုသလို ဈေးနှုန်းအာမခံစနစ်ကိုပါ ပြုပြင်ပေးဖို့လို အပ်တယ်။ ဒုတိယအချက်က စားသုံးဆီ တင်သွင်းတာကို ကန့်သတ်တဲ့နေရာမှာ ဘယ်ကုမ္ပဏီက ဘယ် လောက်တင်သွင်းခွင့် ရနေတာလဲ။ ဈေးကွက်ထဲကို ဘယ်လောက်ဖြန့်ချိထားသလဲ။ သတ်မှတ်ဈေးနဲ့ ဈေး ကွက် ပေါက်ဈေးက ဘယ်လောက်ကွာဟချက်ကြီးသလဲ။ ဒါတွေ စိစစ်ဖို့ အရေးကြီးတယ်။ ဒါမှ ဖြန့်ချိရေး ပြဿနာလား၊ သိုလှောင်ဈေးကစားတာလားဆိုတာ ခွဲခြားနိုင်လိမ့်မယ်။ တတိယအချက်က ပြည်တွင်း ဆီစက်တွေကို ငွေကြေးနဲ့နည်းပညာ ပိုပြီး ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်သင့်တယ်။ သီးနှံကို ကြိတ်ခွဲတဲ့စက်က ဟောင်းနွမ်းနေရင်၊ ထုတ်လုပ်မှုစွမ်းရည် အကန့်အသတ်ရှိနေရင်၊ ကုန်ကျ စရိတ်က ပိုကြီးနေရင် ပြည်တွင်းထုတ်ဆီက တင်သွင်းလာတဲ့ စားအုန်းဆီကို ဈေးနှုန်းအရ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။ အဓိက နိုင်ငံခြားငွေ အမြောက်အမြား သုံးစွဲနေရတာကို လျှော့ချဖို့ဆိုတဲ့ရည်ရွယ်ချက်အတွက်  တင်သွင်းမှုကို လျှော့ချလိုက်တဲ့ ဒီကွက်လပ်နေရာမှာ ပြည်တွင်းထုတ်လုပ်မှုက ဘယ်လောက် ဖြည့်ဆည်းပေး နိုင်မလဲ။ ဒီလိုဖြည့်ဆည်းပေးနိုင်ဖို့ တောင်သူတွေအတွက် အကျိုးအမြတ်၊ ဆီစက်၊ ကုန်သည်နဲ့ ဖြန့်ချိသူတွေရဲ့ တရားမျှတတဲ့ အမြတ်နဲ့ လုပ်ငန်းလည်ပတ်နိုင်မယ့် အခြေအနေအပါအဝင် စားသုံးသူကလည်း သင့်တင့်တဲ့ဈေးနဲ့ အရည်အသွေးကောင်းတဲ့ဆီကို ဘယ်လိုရနိုင်မလဲဆိုတာက ပိုအရေးကြီးတယ်။ ဒီလိုစီမံခန့်ခွဲမှုတွေ မလုပ်နိုင်ဘဲ၊ မကြီးကြပ်ဘဲ လွှတ်ထားရင်တော့ ဈေးကွက်မှာ ပျောက်နေတဲ့ စားအုန်း ဆီတွေက ပဲဆီအဖြစ်နဲ့ ရောနှောတာတွေ မြင်ရမှာဖြစ်သလို အစိုးရကသတ်မှတ်တဲ့ ရည်ညွှန်းဈေး ထက်လည်း အဆမတန် ဈေးကြီးနေဦးမှာပဲ။ 
    ခြုံပြောရရင်တော့ ကဏ္ဍတိုင်းမှာ အစိုးရရဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်အပေါ်မှာ လက်တစ်လုံးခြားလုပ်နေတဲ့အဖွဲ့အစည်းတွေ ရှိနေတာ မြင်ရတယ်။ စားအုန်းဆီကဏ္ဍမှာ ဆိုရင်လည်း သမ္မတကြီးရဲ့သဘောက ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ချင်တဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိနေတယ်။ ဈေးကွက်ထဲမှာတော့ တင်သွင်းခွဲဝေတဲ့စနစ်၊ ဈေးကွက်ဖြန့်ချိမှုနဲ့ ကြီးကြပ်စစ်ဆေးမှုတွေမှာ အားနည်းချက်တွေ ရှိနေနိုင်တယ် ဆိုတာ ထည့်သွင်းစဉ်းစားကြရတော့မယ်။ လက်ရှိ စက်သုံးဆီကဏ္ဍမှာလည်း လမ်းပေါ်က လိုင်စင်မဲ့တွေရဲ့ နေ့စဉ်သုံး လောင်စာဆီက ဘယ်ကရနေသလဲပေါ့။ ဆိုင်ကယ်အတွက်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ရှစ်လီတာက ဘယ်လိုမှ လက်တွေ့နဲ့ မကိုက်ညီနေပြန်ဘူး။ ဆီဆိုင်တွေရဲ့ နိုင်ငံတော်အပေါ် မရိုးမသား လုပ်ဆောင်ချက်တွေက ဒီအချက် လေးတွေကြည့်ရင်တောင် အလွယ်တကူခန့်မှန်းလို့ရတဲ့ အဖြစ် မျိုးမြင်ရတယ်။ နောက်ကြားနေရတာက ရန်ကုန်-မြစ်ကြီးနားအတွက် လေယာဉ်လက်မှတ်က သိန်း ၃၀ ပေးတာတောင် ဝယ်ချင်တိုင်း ဝယ်မရဘူးဆိုတာလေးလည်း ကြားမိလိုက်သေးတယ်။ ဒါတွေကြည့်ရင် အတိတ်ကာလတုန်းက ဝန်ထမ်းတွေမြတ်ပြီး ဌာနတွေရှုံးနေတဲ့ အကြောင်းအရာတစ်ခုကိုတောင် ပြန် အမှတ်ရမိစေပြန်တယ်။
    သမ္မတကြီး ကိုယ်တိုင်ပြောတဲ့ လမ်းမပေါ်က ဂိတ်တွေက ကုန်စည်စီးဆင်းမှုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဆိုတာတွေကိုလည်း စိစစ် ကြပ်မတ်သင့်တယ်။ တိုင်မှ အရေးယူပြတာထက် အသံထွက်ရုံနဲ့ စိစစ်ကြပ် မတ်တာက အစိုးရအတွက်လည်း Good Governance? Clean Government ဖြစ်စေနိုင်တယ်။ အစိုးရ ဘက်ကလည်း မူဝါဒချပေးလိုက်ရုံတင်မဟုတ်ဘဲ လက်တွေ့ဈေးကွက်မှာ ဘာတွေဖြစ်နေသလဲ၊ စည်း မျဉ်းတွေက ရည်ရွယ်ချက်အတိုင်း အလုပ်ဖြစ်၊ မဖြစ်ဆိုတာ စိစစ်နိုင်ဖို့ အရေးကြီးပါတယ်။ စီမံခန့်ခွဲမှု တွေက စနစ်မကျဘူး၊ ပြည်သူတွေဘက်မှာ ပိုပြီး ကျပ်တည်းလာနေပြီဆိုရင် အစိုးရအပေါ် ယုံကြည်မှုနဲ့ ချမှတ်ထားတဲ့ မူဝါဒကောင်း တွေအထိပါ ရိုက်ခက်မှု ကြီးမားနိုင်တာဖြစ်လို့ စီမံခန့်ခွဲမှုအားနည်းချက် တွေကို အချိန်မီစိစစ် ကြပ်မတ်ဖို့လိုနေပြီလို့သာ တိုက်တွန်းလိုက်ချင်ပါတယ်။ 
နရီမိုး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67552

© 2022 - 2026 News. All Rights Reserved.