မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံခြင်း . . .
၂၀၂၆ ၊ နိုဝင်ဘာ ၅
ပြည်တွင်းစားသုံးဆီ ထုတ်လုပ်သည့် ဈေးကွက်သည် ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူး ရောင်းချပေးသည့်အပေါ်တွင် မူတည်နေပြီး ပြည်တွင်းထုတ် စားသုံးဆီထုတ်လုပ်မှုနှင့် စားသုံးသူအကြား ဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
TREND ။ ။ သီတင်းကျွတ် ဈေးရောင်းပွဲတော်မှာ ဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်ရောင်းချရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်။
UTTU ။ ။ ဒီဈေးပွဲတော်တွေမှာ ရောင်းချခြင်းက စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဖြစ်ပြီးတော့ ပြည်တွင်းစားသုံးဆီကို ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ် စားသုံးလို့ရအောင် ကြိုးစားနေတဲ့ ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ ဈေးပွဲတော်ကို ရန်ကုန်မှာလုပ်တာ တစ်နှစ်ကို အနည်း ဆုံးနှစ်ကြိမ်၊ တစ်ခါတလေ သုံးကြိမ်ပေါ့။ အဓိကကတော့ ဒီသတင်းကျွတ်ပွဲတော်တို့၊ ကျွန်တော်တို့ နှစ်သစ်ကူးပွဲတော်တို့ အဲဒီလိုပွဲ တော်တွေမှာ လာပြီးတော့ ရောင်းချပေးပါတယ်။ မြန်မာနိုင်ငံမှာ လူတွေအများဆုံးနေထိုင်တဲ့ မြို့တော်ဖြစ်တဲ့အတွက်၊ ဒီစားသုံးသူကလည်း များပြားတာ ဖြစ်တဲ့အတွက် ဒီဒေသကိုလာပြီးတော့ ရောင်းချခြင်း ဖြစ်ပါတယ်။ ရောင်းချတဲ့နေရာမှာလည်း ဈေးနှုန်းသက်သာအောင် နောက်ပြီးတော့ ဒီအရည်အသွေးမီတဲ့ GMP စနစ်နဲ့ ထုတ်လုပ်ထားတဲ့ အစီအစဉ်တွေက FDA လက်မှတ်ရတဲ့ အမှတ်တံဆိပ်တွေပဲ လာရောက်ရောင်းချကြတာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးလို့ရပါတယ်။
TREND ။ ။ ပြည်တွင်းထုတ် ဆီဈေးကွက်အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
UTTU ။ ။ ပြည်တွင်းထုတ်ဆီဈေးကွက်အ ခြေအနေက ပြည်ပကနေတင်သွင်းတဲ့ စားအုန်းဆီပေါ် မှာ မူတည်တယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတော်ကနေ ဖြန့်ဖြူးပေးနေတဲ့ စားအုန်းဆီက ပြည်သူ့ဆီရယ်၊ လုပ်ငန်းသုံးဆီရယ် နှစ်မျိုးရှိတယ်။ ပြည်သူ့ဆီက တစ်အိမ်ထောင်ကို နှစ်ပိဿာပေးတယ်။ အခုနောက်ပိုင်း လူတစ်ဦးကို ၅၀ သားနှုန်းပေးမယ်လို့ ပြောနေတာတွေ ရှိတယ်။ ဒါက ဈေးနှုန်း သက်သာအောင် နိုင်ငံတော်က အဓိကထားပြီးတော့ လုပ်ဆောင်ပေးနေတဲ့ ကဏ္ဍပေါ့။ ဒါက ကောင်းတော့ကောင်းပေမယ့် ဝန်ထုပ်ဝန်ပိုးတော့ ဖြစ်စေတာပေါ့။ တစ်ဒေါ်လာကို ၂၁၀၀ နဲ့ထုတ်ပေး ပြည်သူတွေကို သက်သာအောင် လုပ်ဆိုတာကတော့လေ ကောင်းတော့ ကောင်းပေမယ့် နိုင်ငံ တော်အတွက် ဝန်လေးစေတယ်။ ပိုဆိုးတာက လုပ်ငန်းသုံးဆီကြတော့ ဒီကဏ္ဍက နိုင်ငံတော်အတွက် ဘာတွေပံ့ပိုးပေးနိုင် မလဲ။ ဆီခွဲတမ်းရတဲ့ လက်ဖက်ရည်ဆိုင်မှာ ပလာတာ လုပ်ရောင်းတဲ့သူလည်း ကျပ် ၂၀၀၀ နဲ့ ရောင်းတယ်။ မရတဲ့သူကလည်း ကျပ် ၂၀၀၀ နဲ့ ရောင်းတယ်။ ဆီခွဲတမ်းကို ရတဲ့သူက ပြည်သူလူထုအတွက်ရော၊ နိုင်ငံတော်အတွက်ရော ဘာလုပ်ပေးနိုင်လဲ၊ အခုချိန်အထိကတော့ ဘာမှလုပ်ပေးတာ မရှိဘူး။ ဘာဖြစ် လာလဲဆိုတော့ ပြင်ပဈေး ကွက်ထဲမှာပဲ လိုတာထက် ပိုထုတ်ပြီးတော့ စားဆီတွေ အပြင်ရောက်သွား တဲ့အတွက် ဒီအရာတွေက ထိန်းကျောင်းဖို့ တော်တော်ခက်ခဲသွားတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်း ထုတ်တဲ့ဆီတွေက သူတို့ဈေးကွက်ကိုကြည့်ပြီးတော့ ဈေးကွက် အပြောင်းအလဲလုပ်ကြတာ၊ လုပ်ငန်း သုံးဆီတွေ တော်တော်များများ ထုတ်ပေးလိုက်တယ်တယ်ဆိုရင် ပြည်တွင်း ဆီဈေးတွေ ကျသွားတယ်။ ဆီထွက်သီးနှံ ဈေးနှုန်းတွေလည်း ကျသွားတယ်။ ပြည်တွင်းထုတ်တဲ့ဆီတွေ ဈေးကွက်မရတော့ဘူး။ ပြီးခဲ့ တဲ့တစ်ပတ်က ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို လျှော့ချလိုက်တဲ့အတွက် ပြင်ပဈေးက ၂၁၀၀၀ အထိ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ပြည်တွင်းထုတ်တဲ့ဆီက ဈေးကွက်ရတယ်။ ဈေးနှုန်းပုံ မှန်ဖြစ်တယ်။ အခု ဒီလကျ တော့ ပြင်ပဈေးတက်လို့ဆို ပြီးတော့ စားအုန်းဆီကို ပိုပြီးတော့ ထုတ်ပေးလိုက်တယ်။ အဲဒီမှာ စားအုန်း ဆီက တစ်ပိဿာကို ကျပ် ၁၈၀၀၀ အထိ ပြန်ကျသွားတယ်။ အဲဒီအချိန်မှာ ပြည်တွင်းဆီက အဝယ်အော်ဒါ မရှိတော့ဘူး။ စက်သမားတွေ ပြန်ရပ် သွားတယ်။ ပြည်တွင်းဆီစက်တွေက ထွက်တဲ့ ပဲဖတ်တွေကလည်း အခု မွေးမြူရေးအစာသမားတွေက အဝယ်ရပ်လိုက်တယ်။ အဓိက ရပ်သွားတဲ့ အကြောင်းအရင်းက ပဲပုပ် ဖတ်တွေကို နိုင်ငံခြားကနေ တင်သွင်းခွင့်ပေးလိုက်တယ်။ ပေးလိုက်တော့ မွေးမြူရေး အစာစက်ရုံက ပြည်တွင်းကနေ အဝယ်ရပ်လိုက်တယ်။ အဲဒီမှာ အစာဈေးက အရင်ကျပ် ၇၅၀၀ ရှိတာကနေ ကျပ် ၆၅၀၀ လောက် ကျသွားတယ်။ စက်သမားတွေက တစ် ဖက်မှာ ကြိတ်ဖတ်ဈေးနှုန်းတွေကျတယ်။ တစ်ဖက်မှာ စားအုန်းဆီကြောင့် ပြည်တွင်းထုတ်ဆီက ဈေးကွက်မရဘူး။ ရောင်းချရမှု နည်းသွားတယ်။ တချို့စက်တွေ ရပ်သွားတယ်။
TREND ။ ။ ဆီစက်နဲ့ စိုက်ပျိုးတောင်သူတွေကနေနဲ့ ဈေးနှုန်းတစ်ခုအနေနဲ့ ဘယ်လိုသတ်မှတ်ရင် ဈေးကွက် ပုံမှန်လည် ပတ်နိုင်မလဲ။
UTTU ။ ။ ကျွန်တော်တို့ကတော့ ဆီထွက်သီးနှံဈေးကွက်ပေါ်မှာ အခြေခံတယ်။ စားအုန်းဆီကျတော့ ပြည်ပကတင်သွင်းတဲ့ ရည်ညွှန်းဈေးဆိုတာကတော့ ရှိတယ်။ လစဉ်ကြေညာတယ်။ အပတ်စဉ်ကြေညာတယ်။ ရည်ညွှန်းဈေးက နိုင်ငံခြားဈေးကို ဒေါ်လာဈေးနဲ့ တွက်ပြီးတော့ စရိတ်စကတွေကို အမြတ်တစ်ခုနဲ့ထည့်တွက်ပြီးတော့ ရည်ညွှန်းဈေး သတ်မှတ်တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေမှာ လည်း ရည်ညွှန်းဈေး ရှိတယ်။ တောင်သူတွေက တစ်ဧက စိုက်တယ်။ တချို့က ငါးတင်းထွက်တာ ရှိတယ်။ ၁၀ တင်းထွက်တာတွေ ရှိပါတယ်။ နှမ်းဆိုရင် ရာသီဥတုအခြေအနေ၊ မျိုး၊ ရေ စတာ တွေအားလုံး ကိုက်ညီမှ ပန်းတိုင်ရည်မှန်းချက်ဆိုတာ ထွက်တာလေ။ ဒါတွေကို တောင်သူလယ်သမားတွေက တော်တော်လေး ဂရုစိုက်ရတယ်။ တစ်ဧကကို ၁၀ တင်းထွက်ရင် နှမ်းဈေးက တစ်သိန်းငါးသောင်းလောက် အရင်းရှိတယ်။ ဒါကြောင့် နှမ်းတစ်တင်းကို ကျပ် ၁၂၀၀၀ လောက် အကြမ်းဖျင်းရှိတယ်။ အဲဒီအောက် ကျသွားရင်ရှုံးတယ်။ ဆီဈေးဆိုရင် ၂၀၀၀၀ လောက်မှ လည်ပတ်နိုင်မယ်။ အဲဒီထက် အောက်ကျသွားရင် မလည်ပတ်နိုင်ဘူး။ မြေပဲဆန်ကျတော့လည်း တစ်သောင်းလောက်ကျမှ သူတို့အရင်းစိုက်နိုင်မယ်။ ၈၀၀၀ အောက်ကျ ရင် ရှုံးသွားပြီ၊ ပြီးခဲ့တဲ့နှစ်က ကျပ် ၈၀၀၀ အောက်ကျသွားတဲ့အတွက် ရှုံးသွားလို့ နောက်နှစ် မစိုက်တော့ ဘူး။ နောက်နှစ်မစိုက်တဲ့အတွက် ဆီထွက်သီးနှံက ရှားတယ်။ ရှားတဲ့အတွက် ဈေးနှုန်းက နှစ်သောင်းခွဲ အထိ တက်သွားတယ်။ အခုသီးနှံ ပေါ်ချိန်မှာ ၂၂၅၀၀ ဖြစ်သွားတယ်။ ပြည်တွင်းထုတ်ဆီက ဈေးနှုန်းကျပ် ၂၀၀၀၀ ဝန်းကျင်ရှိနေမှသာလျှင် ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူလည်း စိုက်နိုင်မယ်။ အောက် ဆင်းသွားရင် မစိုက်နိုင်တော့ဘူး။ နောက်တောင်သူတွေအတွက် ပန်းတိုင်အထွက်နှုန်းရအောင် လုပ်ရမယ်။ ပုံမှန် အထွက် နှုန်းနဲ့တွက်ရင် ပြည်တွင်းဆီဈေး နှစ်သောင်းအောက်ဆင်းရင် တောင်သူတွေလည်း မကိုက် တော့ဘူး။ တောင်သူက မြေပဲတစ်ပိဿာကို ကျပ် ၈၀၀၀ အရင်းကျတယ်။ နှမ်းတစ်တင်းကို ကျပ် ၁၂၀၀၀ အရင်းရှိတယ်။ ဆီစက်ပိုင်ရှင်တွေက ဆီတစ်ပိဿာကို ၁၈၀၀၀ ကျရင် စက်တွေ မလည်နိုင်တော့ဘူး။ ၁၈၀၀၀ အောက်ဆင်းမှ စားအုန်းဆီဈေးနဲ့ ယှဉ်ပြိုင်နိုင်မယ့် အနေအထားဖြစ်နေပြီ။ ပြည်သူတွေက စား အုန်းဆီ၊ မြေပဲဆီဆိုတာကို မမြင်နိုင်တော့ဘူး။ အခုက စားအုန်းဆီနဲ့ပဲ ချိန်ထိုးတယ်။ နောက် စားအုန်း ဆီကို အကျိုးအမြတ်ရှာတဲ့ အုပ်စုတစ်စုကလည်း ရှိနေတယ်။ ဒါကြောင့် တောင်းဆိုမှုတွေ များတယ်။ ဆီ မလောက်ပါဘူး။ မလောက်ပါဘူးလို့ ပြောနေတာသည် အမှန်တကယ် မလောက်တာလည်း ရှိသလို၊ အကျိုးအမြတ် ရှာတဲ့သူတွေက ဒီအပေါ်မှာအကျိုးအမြတ်ရှာချင်လို့ မလောက်တာလည်း ရှိပါတယ်။ ပြင်ပမှာက စားအုန်းဆီ တစ်ပိဿာကို ကျပ် ၃၀၀၀၀ ဖြစ်နေပြီလို့ တချို့မီဒီယာတွေမှာ လျှောက်ပြောနေတာတွေရှိတယ်။ မဟုတ်ပါဘူး။ ပြင်ပမှာက ကျပ် ၂၁၀၀၀ က အများဆုံး ဖြစ်သွားတာပါ။ သူတို့က များများထုတ်ပေးအောင်လို့ ပြောတာ။ ပြည်တွင်းမှာကျတော့ ထုတ်တဲ့စက်တွေ ရပ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က တောင်သူတွေ ပန်းတိုင်အထွက်နှုန်းတိုးအောင် ဘယ်လိုစိုက်လို့ရမလဲ ဆိုတာ ကို နည်းလမ်းတွေ ရှာနေပါတယ်။
TREND ။ ။ သီတင်းကျွတ် ဈေးရောင်းပွဲတော်မှာ ရောင်းချရမှု အခြေအနေလေးလည်း ပြောပြပေးပါဦး။
UTTU ။ ။ ကျွန်တော်တို့ သီတင်းကျွတ်ဈေး ရောင်းပွဲတော်မှာ ရောင်းချတာက ဘူးခွံကြေး ပေးရတာပေါ့နော်။ ဘူးခွံထုတ်တဲ့ ကော်စေ့တင်သွင်းတဲ့ ပါမစ်ဈေးတွေ အရမ်းမြင့်တက်သွားတဲ့အတွက် ဘူးခွံဈေးတွေကလည်း အရမ်းမြင့်သွားတယ်။ ဆီတစ်ပိဿာပေါ်မှာ အထွေထွေကုန်ကျစရိတ် လေးထောင်ပေါင်းမှ ရောင်းချလို့ရတယ်။ နယ်တွေမှာ မြေပဲဆီတစ်ပိဿာကို ၂၃၀၀၀ ရှိတယ်။ ဘူးခွံမပါဘဲနဲ့ပေါ့။ ၂၃၀၀၀ ကို ၄၀၀၀ ပေါင်းလိုက်ရင် ၂၇၀၀၀ ပေါ့။ နောက် AYA PAY က ၂၈၀၀ ကျပ်လျှော့ပေးတော့ တစ်ပိဿာကို ၂၅၂၀၀ ကျတာပေါ့။ ဝယ်တဲ့သူက အားနည်းပါတယ်။ ဒါကြောင့် ယူလာတဲ့ဆီ ကို အကုန် မရောင်းရပါဘူး။ ပြန်သယ်သွားရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ဆီရှားပါးတယ်ဆိုတဲ့ နြျျေါန က မှားယွင်းနေပါတယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေချပေးတာ ရှိတယ်။ ဒီအပိုင်းကိုလည်း ပြောပြပေးပါဦး။
UTTU ။ ။ အဲဒါတော့ ရှိပါတယ်။ ကျွန်တော် တို့အသင်းက အသင်းဝင်ပေါင်း ၇၀၀ လောက်ရှိပါတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့ ဒီဆီစက်ချေးငွေကို လျှောက်ထားတဲ့သူ အခုလောလောဆယ် ဆိုရင်တော့ ဦးရေ ၄၀ လောက် ကျွန်တော်တို့ နိုင်ငံတော်ကနေ ချထားပေးထား ပြီးဖြစ်ပါတယ်။ အခု ဆက်ပြီးတော့လည်း ပထမလျှောက်ထားတဲ့ ၄၀ လုံးက ရပြီလို့ ပြောလို့ရပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
UTTU ။ ။ သီတင်းကျွတ်ဈေးရောင်းပွဲတော်က ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က မလာနိုင်တာလေး တစ်ချက်ပဲ၊ ကျွန်တော်တို့ ရောင်းချမယ်ဆိုပြီးတော့ ပြင်ဆင်ထားပြီးမှ ဒီဇယ်၊ ဓာတ်ဆီ ပြဿနာတက် သွားပြီးတော့ စုံရက်၊ မရက်ဆိုတာကြောင့် အစီအစဉ်လေး ဖျက်လိုက်ရပါတယ်။ အခုတော့ ဒီနှစ်တော့ မဖြစ်ဖြစ်အောင် လာရောက် ပြီးတော့ ရောင်းချပေးပါတယ်။ ရန်ကုန်မှာရှိတဲ့ ဒီလိုလူတွေ ဈေးနှုန်း သက်သက်သာသာနဲ့ ဆီကောင်းကိုစားရအောင် ကျွန်တော်တို့ကတော့ အမြဲတမ်းကြိုးစားပြီးတော့ နှစ်စဉ်လည်း ရောင်းချပေးတာ ဖြစ်ပါတယ်။ ရောင်းကုန်တာ၊ မကုန်တာကတော့ ဈေးကွက်ဝယ်လိုအားပေါ် မူတည်တာပေါ့။ ကျွန်တော်တို့အနေနဲ့ လာမယ့် နှစ်သစ်ကူးမှာလည်း လာရောက်ရောင်းချပေးဖို့ အစီအ စဉ်ရှိပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )