နေပြည်တော် ဘိုးဘိုးကြီး

စာပေတတ်ရုံနှင့် လူလိမ္မာဖြစ်ပြီလား
    လူတစ်ယောက်၏ဘဝတွင် ပညာတတ်မြောက်မှုသည် အရေးကြီးသကဲ့သို့ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးလိမ္မာမှုတို့သည်လည်း အရေး ကြီးလှသည်။ စာပေဗဟုသုတ ကြွယ်ဝသော်လည်း လူကြီးသူမကို ရိုသေလေးစားခြင်း၊ အများနှင့်အတူယှဉ်တွဲ နေထိုင်တတ်ခြင်း၊ အမှားအမှန် ခွဲခြားသိမြင်ခြင်းတို့ အားနည်းနေပါက ထိုပညာ၏ အကျိုးကျေးဇူးသည် မည်မျှပြည့်စုံနိုင်မည်နည်း။ ထို့ကြောင့် ကလေးတစ်ယောက်ကို ပညာတတ်တစ်ယောက်ဖြစ်လာစေရန် သင်ကြားပေးခြင်းနှင့် လူကောင်းလူမွန် တစ်ယောက်ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းတို့သည် ခွဲခြား၍ မရသော လုပ်ငန်းစဉ်များ ဖြစ်သည်။
    ပြီးခဲ့သည့်ရက်ပိုင်းက ဘိုးဘိုးကြီးတစ်ယောက် အိမ်ရှေ့တွင် စာဖတ်နေစဉ် KG အရွယ်ကလေး ငယ်သုံးဦး ဘောလုံးကန်နေကြသည်ကို တွေ့မြင်ခဲ့ရသည်။ ကလေးငယ်များ ဘောလုံးကစားနေကြခြင်းကို ဘိုးဘိုးကြီး အပြစ်မမြင်ခဲ့ပေ။ သို့သော် ကလေးများ ကစားနေသည့် နေရာအနီးတွင် ရေမြောင်းတစ်ခုရှိနေသဖြင့်  ရေမြောင်းအတွင်းသို့ မတော်တဆကျသွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ရေမြောင်းနှင့် ကင်းလွတ်သည့် နေရာတစ်ခုတွင် ဘောလုံးသွားကန်ကြရန် အေးအေးဆေးဆေး သတိပေး ပြောဆိုခဲ့သည်။
    သို့သော် ဘိုးဘိုးကြီး မမျှော်လင့်ထားသည့် တုံ့ပြန်မှုတစ်ခုကို ရရှိခဲ့သည်။ ကလေးငယ်တစ်ဦးက ဘိုးဘိုးကြီးအား လက်ခလယ် ထောင်ပြသွားခဲ့ခြင်းဖြစ်သည်။
    ဘိုးဘိုးကြီးမှာ ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ မိမိအနေဖြင့် ကလေးများကို ဆူပူကြိမ်း မောင်းခဲ့ခြင်းမဟုတ်၊ အန္တရာယ်မဖြစ်စေရန် စေတနာဖြင့် သတိပေးခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် KG အရွယ် ကလေးငယ်တစ်ဦးထံမှ ထိုသို့သော အပြုအမူကို မြင်တွေ့လိုက်ရသည့်အခါ အံ့သြ စရာ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင်မူ ထိုကလေးငယ်၏ အနာဂတ်ကို တွေးတောရင်း  ရင်မောမိသွားခဲ့သည်။
    အဆိုပါကလေးငယ်သည် ပုဂ္ဂလိကကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ကြောင်းလည်း ဘိုးဘိုးကြီး သတိထားမိခဲ့သည်။ ပုဂ္ဂလိကကျောင်းများတွင် ကလေးများကို စာပေပညာသာမက ယဉ်ကျေး လိမ္မာမှု၊ လူကြီးသူမကို ရိုသေလေးစားမှုနှင့် အများအကျိုးကို ငဲ့ညှာတတ်သည့် ပြည်သူ့နီတိများကိုပါ သင်ကြားပေးကြပါသလားဟု တွေးတောမိခဲ့သည်။ အချို့သော ပုဂ္ဂလိကျောင်းများတွင် နိုင်ငံတော်သီချင်းပင် မဆိုတော့ကြကြောင်း စိတ်မကောင်းဖွယ် သတင်းများထွက်ပေါ်နေသည်။
    ဤဖြစ်ရပ်တစ်ခုတည်းဖြင့် ကျောင်းတစ်ကျောင်း၏ ပညာရေးစနစ်ကိုလည်းကောင်း၊ ယနေ့ခေတ်ကလေးငယ်အားလုံး၏ အကျင့်စာရိတ္တကိုလည်းကောင်း အကဲဖြတ်၍ မရနိုင်ပေ။ သို့သော် ကလေး ငယ်တစ်ဦး၏ အပြုအမူက မိသားစု၊ ကျောင်းနှင့် လူမှုပတ်ဝန်းကျင်တို့၏ ကလေးပြုစုပျိုးထောင်ရေး အပေါ် ပြန်လည်ဆန်းစစ်သင့်သည့် မေးခွန်းတစ်ခုကို ပေါ်ပေါက်စေခဲ့သည်။
    ဘိုးဘိုးကြီးတို့ ငယ်စဉ်ကာလကို ပြန်လည်တွေးတောကြည့်လျှင် ယနေ့ခေတ်နှင့် မတူညီသည့် ပညာရေးပတ်ဝန်းကျင်တစ်ခုကို တွေ့မြင်ခဲ့ရသည်။ ဘိုးဘိုးကြီး တက်ခဲ့သည့် စာသင်ကျောင်းသည် ဘုန်း တော်ကြီးကျောင်းနှင့် အနီးကပ်တည်ရှိနေပြီး ဘုန်းတော်ကြီး ကျောင်းပညာရေး၏ အဆုံးအမများသည် ကလေးငယ်တို့၏ နေ့စဉ်ဘဝတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
    ကျောင်းစာသင်ကြားရုံသာမက မင်္ဂလာတရား တော်များ၊ ဘာသာရေးဆိုင်ရာ အဆုံးအမများနှင့် ယဉ်ကျေးလိမ္မာရေးဆိုင်ရာ သင်ခန်းစာများကိုလည်း လေ့လာသင်ယူခဲ့ကြရသည်။ ကျောင်းမတက်မီ ၃၈ ဖြာမင်္ဂလာ ကဗျာများကို ရွတ်ဆိုခဲ့ကြရသည့် အမှတ်တရများလည်း ရှိခဲ့သည်။
    ၃၈ ဖြာမင်္ဂလာတရားတော်သည် ဘာသာရေးဆိုင်ရာ အဆုံးအမတစ်ခုမျှသာ မဟုတ်ပေ။ မိဘကို လုပ်ကျွေးခြင်း၊ ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ကောင်းမှုကို ပြုလုပ်ခြင်း၊ အတတ်ပညာကို သင်ယူခြင်းနှင့် အများအကျိုးရှိသည့် အပြုအမူများကို ကျင့်သုံးခြင်း စသည့် လူ့ဘဝအတွက် အရေးပါသော လမ်းညွှန်ချက်များ ပါဝင်နေသည်။
    ထိုသို့သော အဆုံးအမများကို ငယ်စဉ်ကတည်းက ထပ်ခါတလဲလဲ ရွတ်ဆိုသင်ယူခဲ့ရခြင်းသည် ကလေးတို့၏ စိတ်နှလုံးအတွင်း ယဉ်ကျေးမှုမျိုးစေ့များ ပျိုးထောင်ပေးခဲ့ခြင်းပင် ဖြစ်သည်။
    ယနေ့ခေတ်တွင်မူ ကလေးငယ်များ၏ ပညာသင်ကြားမှုစနစ်များ ပြောင်းလဲတိုးတက်လာသည်။ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများ၊ နည်းပညာအခြေပြုသင် ကြားမှုများနှင့် အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာ တို့ကို အလေးထားလာကြသည်။ ယင်းတို့သည် ခေတ်နှင့်အညီ လိုအပ်သော တိုးတက်မှုများဖြစ်သည်။ သို့သော် ထိုပညာရပ်များနှင့်အတူ လူ့ကျင့်ဝတ်၊ စာရိတ္တနှင့် ယဉ်ကျေးလိမ္မာမှုတို့ကိုလည်း မျှတစွာ သင်ကြားပေးနိုင်ရန် လိုအပ်သည်။
    ဘာသာရေးအသိဆိုသည်မှာ ဘာသာရေးစာ ပေများကို အလွတ်ကျက်မှတ်ထားခြင်းမျှသာ မဟုတ်ပေ။ မိမိ၏ စိတ်နှလုံးကို ကောင်းမွန်အောင် ထိန်းသိမ်းတတ်ခြင်း၊ သူတစ်ပါးအပေါ် မေတ္တာထား ခြင်း၊ သည်းခံခြင်း၊ စာနာခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့သည်လည်း ဘာသာရေးအဆုံးအမ များ၏ အနှစ်သာရများ ဖြစ်သည်။
    ထို့အတူ ပြည်သူ့နီတိ ဆိုသည်မှာလည်း လူတစ်ဦးချင်းစီက လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြရာ၌ လိုက်နာသင့်သည့် စည်းကမ်း၊ တာဝန်နှင့် ကျင့်ဝတ်များ ဖြစ်သည်။ လူကြီးသူမကို ရိုသေလေးစားခြင်း၊ အများပိုင်ပစ္စည်းကို ထိန်းသိမ်းခြင်း၊ အများပြည်သူ၏ အေးချမ်းသာယာမှုကို မထိခိုက်စေခြင်း၊ စည်းကမ်းလိုက်နာခြင်းနှင့် အခြားသူများ၏ အခွင့်အရေးကို လေးစားခြင်းတို့သည် ပြည်သူ့နီတိ၏ အခြေခံသဘော တရားများပင်ဖြစ်သည်။
    လူတစ်ယောက်သည် စာတတ်ပေတတ်ဖြစ် ရုံဖြင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသူဖြစ်လာ မည်မဟုတ်ပေ။ အသိပညာနှင့်အတူ ကိုယ်ကျင့်တရားကောင်းမွန်မှုပါ ပေါင်းစပ်မှသာ အရည်အသွေး ပြည့်ဝသော လူသားတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။
    ကလေးတို့၏ ပထမဆုံးဆရာသည် မိဘဖြစ်သည်။ ကလေးငယ်တစ်ဦး၏ အကျင့်စာရိတ္တသည် ကျောင်းတစ်ကျောင်းတည်းက ပုံဖော်ပေးနိုင်သည့်အရာ မဟုတ်ပေ။ မိသားစု၊ ကျောင်းနှင့် လူမှုပတ်ဝန်း ကျင်တို့၏ လွှမ်းမိုးမှုများ ပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
    မိဘများသည် ကလေးငယ်တို့၏ ပထမဆုံး ဆရာများဖြစ်ကြသည်။ မိဘက လူကြီးသူမကို ရိုသေ လေးစားပြသမှသာ ကလေးကလည်း အတုယူသင်ယူနိုင် မည်ဖြစ်သည်။ မိဘက သူတစ်ပါးအပေါ် စာနာမှုရှိကြောင်း၊ စကားပြောဆိုရာတွင် ယဉ်ကျေးမှုရှိကြောင်း၊ အများနှင့်ဆက်ဆံရာတွင် စည်းကမ်းရှိကြောင်း လက်တွေ့ပြသနိုင်မှသာ ကလေး၏ စိတ်နှလုံးတွင် ထိုအကျင့် ကောင်းများ အမြစ်တွယ်လာမည် ဖြစ် သည်။
    ထို့အပြင် ကျောင်းများတွင်လည်း စာမေးပွဲအောင်မြင်ရေး၊ အမှတ်ကောင်း ရရှိရေးနှင့် ပညာရပ်ဆိုင်ရာ ထူးချွန်ရေးတို့ကိုသာ အလေးထားနေခြင်းမျိုးမဖြစ်သင့်ပေ။ ကလေးငယ်များကို စာရိတ္တပညာ၊ လူမှုဆက်ဆံရေးကျင့်ဝတ်၊ ပြည်သူ့နီတိနှင့် အများအကျိုးကို ငဲ့ညှာတတ်သည့် စိတ်ဓာတ်များကိုပါ သင် ကြားပေးသင့်သည်။
    ဘာသာရေးအသိနှင့် ပတ်သက်၍လည်း မိမိတို့၏ ယုံကြည်ကိုးကွယ်မှုကို လေးစားလိုက်နာတတ်စေရန်၊ အခြားသူများ၏ ယုံကြည်ကိုးကွယ်မှုကိုလည်း လေးစားတတ်စေရန် သင်ကြားပေးခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးအတွက် အရေးပါသည်။ ပညာရေး၏ ရည်ရွယ် ချက်သည် လူကောင်းလူမွန်များ မွေးထုတ်ပေးရေးဖြစ်သည်။
    ယနေ့ခေတ် ကလေးငယ်များသည် နည်းပညာတိုးတက်မှုများနှင့်အတူ သတင်းအချက်အလက်များစွာကို လွယ်ကူစွာ ရရှိနေကြသည်။ ဖုန်း၊ အင်တာနက်နှင့် လူမှုကွန်ရက်များမှတစ်ဆင့် အသိပညာများ ရရှိနိုင်သကဲ့သို့ မသင့်လျော်သည့် အပြုအမူ၊ အပြောအဆိုနှင့် အတွေးအခေါ်များကိုလည်း အလွယ်တကူ တွေ့ မြင်သင်ယူနိုင်ကြသည်။
    ထို့ကြောင့် ကလေးငယ်များကို နည်းပညာအသုံးပြုတတ်စေရုံသာမက မည်သည့်အရာက သင့်လျော်သည်၊ မည်သည့်အရာက မသင့်လျော် သည်ကို ခွဲခြားသိမြင်နိုင်သည့် အသိÓဏ်များလည်း ပျိုး ထောင်ပေးရန် လိုအပ်သည်။
    အမှန်တကယ်တော့ ယဉ်ကျေးလိမ္မာမှုဆိုသည်မှာ အသက်အရွယ်ကြီးလာမှ သင်ယူရမည့်အရာ မဟုတ်ပေ။ ငယ်စဉ်ကတည်းက စတင်သင်ကြားပေးရမည့် ဘ၀ သင်ခန်းစာတစ်ခု ဖြစ်သည်။ ကလေးငယ် တစ်ဦးက လူကြီးတစ်ဦး၏ စေတနာစကားကို နားထောင်တတ်ခြင်း၊ ကျေးဇူးတင်စကား ပြောတတ်ခြင်း၊ တောင်းပန်တတ်ခြင်းနှင့် သူတစ်ပါးကို မထိခိုက်စေရန် သတိထားတတ်ခြင်းတို့သည် ကြီးမားသော လူ့ ကျင့်ဝတ်များ၏ အစပင် ဖြစ်သည်။
    ဘိုးဘိုးကြီးကို KG အရွယ် ကလေးငယ်တစ်ဦးက လက်ခလယ်ထောင်ပြခဲ့သည့် ဖြစ်ရပ်ကိုအကြောင်းပြု၍ ဘိုးဘိုးကြီးတစ်ယောက် အတွေး နယ် ချဲ့မိနေခြင်းဖြစ်သည်။  ထိုအဖြစ်အပျက် နောက်ကွယ်တွင် မျိုးဆက်သစ်ကလေးငယ်များ၏ စာရိတ္တပညာရေးအပေါ် ပြန်လည်သုံးသပ်သင့်သည့် သင်ခန်းစာ တစ်ခု ရှိနေသည်။
    ကလေးတစ်ယောက်ကို အင်္ဂလိပ်စာတတ်အောင်၊ ကွန်ပျူတာ အသုံးပြုတတ်အောင်၊ သိပ္ပံနှင့် နည်းပညာများ ကျွမ်းကျင်အောင် သင်ကြားပေးခြင်းသည် ကောင်းမွန်သော ရည်မှန်းချက်ဖြစ်သည်။ သို့သော် မိမိထက် အသက်ကြီးသူကို လေးစားတတ်ရန်၊ သူတစ်ပါးအပေါ် စာနာတတ်ရန်၊ အများနှင့်အတူ ယဉ်ကျေးစွာ နေထိုင်တတ်ရန် မသင်ကြားပေးနိုင်ပါက ပညာရေး၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်း လို အပ်နေဦးမည်ဖြစ်သည်။
    နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ယနေ့ခေတ် ကလေးငယ်များ၏ လက်ထဲတွင် ရှိနေသည်။ ထိုအနာဂတ်ကို တည်ဆောက်မည့် သူများသည် စာပေတတ်မြောက်ရုံသာမက ကိုယ်ကျင့်တရားကောင်း မွန်သူ၊ လူ့ကျင့်ဝတ်ကို နားလည်သူ၊ တာဝန်သိတတ်သူနှင့် အများအကျိုးကို ငဲ့ညှာတတ်သူများ ဖြစ်လာ ရန်လိုအပ်သည်။
    ထို့ကြောင့် မိဘများ၊ ဆရာသမားများနှင့် ပညာရေးတာဝန်ရှိသူများအနေဖြင့် ကလေးငယ်များ၏ ပညာရည် မြင့်မားရေးကိုသာမက ဘာသာရေးအသိ၊ စာရိတ္တပညာနှင့် ပြည်သူ့နီတိတို့ကိုလည်း အလေးထားပျိုးထောင်ပေးကြရန် လိုအပ်ပါသည်။
    အဘယ်ကြောင့်ဆိုသော် ပညာတတ်သူတစ် ယောက်ဖြစ်လာခြင်းထက် ပညာနှင့်အတူ လူ့ကျင့်ဝတ်ပြည့်ဝသော လူကောင်းလူမွန်တစ်ယောက် ဖြစ်လာခြင်းကသာ လူ့အဖွဲ့အစည်းအတွက် ပိုမို တန်ဖိုးရှိ သော အနာဂတ်ကို ဖန်တီးပေးနိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69053

© 2022 - 2026 News. All Rights Reserved.