ICJ စီရင်ချက်နှင့် နိုင်ငံတကာဖိအားအောက်က မြန်မာ့အချုပ်အခြာအာဏာ စိန်ခေါ်မှုများ

 

    ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် တင်သွင်းထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်ဆိုင်ရာအမှုရဲ့ အပြီးသတ်စီရင်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ (The Hague ဒေသစံတော်ချိန်)မှာ လူသိရှင်ကြား ထုတ်ပြန်တော့မယ်ဆိုတဲ့ အကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice - ICJ) က တရားဝင် ကြေညာလာခဲ့တယ်။ ဒီအမှုက ၂၀၁၉ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ အမှုဖြစ်သလို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိမှာတော့ နှစ်ဖက် အပြီးသတ် ကြားနာမှုတွေ လုပ်ခဲ့ကြတယ်။ ထူးခြားတာကတော့ အရင် ဂမ်ဘီယာတစ်နိုင်ငံတည်းကသာ အမှုစွဲဆိုထားခဲ့ပေမယ့် နောက်ပိုင်းမှာ အခြားနိုင်ငံ ၁၁ နိုင်ငံကပါ ကြားဝင်လျှောက်လဲမှုတွေ ပြုလုပ်ထားခဲ့တာ တွေ့ရတယ်။
    ဒီအမှုက ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတဲ့ စွဲချက်ထက် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေး၊ အနာဂတ်အစိုးရရဲ့ တရားဝင်မှု၊ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်း၊ နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်ပြန်လည် လက်ခံရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်ပါ သက်ရောက်မှုရှိလာနိုင်တာဖြစ်လို့ ICJ က ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာထက် စီရင်ချက် ထွက်ပေါ်ပြီးတဲ့နောက် မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံရေး၊ ဥပဒေရေးရာ တုံ့ပြန်မှုနဲ့ သံတမန်ရေးရာ မဟာဗျူဟာကို ချမှတ်မလဲဆိုတာက ပိုအရေးကြီးတယ်လို့ မြင်တယ်။ ICJ ဟာ သာမန်အား ဖြင့်တော့ နိုင်ငံတော်တစ်ခုနဲ့ တစ်ခုအကြား နိုင်ငံတကာဥပဒေအရ ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေ ကို ဆုံးဖြတ်ပေးတဲ့ တရားရုံးတစ်ခုသာ ဖြစ်တယ်။ ဆိုလိုတာက လူတစ်ဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန် ရှိမှုကို စစ်ဆေးတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ခုအမှုမှာတော့ မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးသဘောတူစာချုပ် (Genocide Convention)အရ မိမိ လိုက်နာရမယ့် တာဝန်တွေကို ချိုးဖောက်ခဲ့တာ ရှိ၊ မရှိဆိုတာကို အဓိက စစ်ဆေးခဲ့တာ တွေ့ရတယ်။
    ICJ ရဲ့ အပြီးသတ် အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမဆုံးဖြစ်လာနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုက တရားရုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်တွေဟာ Genocide Convention ရဲ့ ပုဒ်မ(၂)ပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး လူမျိုးစု တစ်စုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုကို ရုပ်ပိုင်း ဆိုင်ရာအရ ဖျက်ဆီးဖို့ သီးခြားရည် ရွယ်ချက် (Dolus Specialis)ရှိခဲ့ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်တယ်လို့ ယူဆပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဆုံးဖြတ်လာနိုင်တယ်။ ဒီလိုအခြေအနေ ဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံအနေနဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ထပ်မံမဖြစ်ပွားစေဖို့၊ တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့နဲ့ ထိခိုက်နစ်နာ သူတွေအတွက် သင့်လျော်တဲ့ လျော်ကြေးပေးအပ်ဖို့ အပါအဝင် နိုင်ငံသားအခွင့်အရေး ဆိုင်ရာ ကိစ္စတွေ အထိပါ ဆက်စပ်လုပ်ဆောင်ပေးဖို့ တောင်းဆိုလာနိုင်တယ်။ 
    ဒုတိယအခြေအနေကတော့ လူသတ်မှု၊ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာစေမှုနဲ့ တခြားပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကို လက်ခံတွေ့ရှိရပေမယ့် လူမျိုးသုဉ်း သတ်ဖြတ်မှုကိုရည်ရွယ်တဲ့ သက်သေမပြနိုင်ဘူးဆိုပြီး ကောက်ချက်ချတာမျိုးလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်။ ဒီလိုဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ဒီအကြမ်းဖက်မှုကို တားဆီးဖို့ ပျက်ကွက်တာ၊ ဒါမှမဟုတ် တားဆီးနိုင်ဖို့အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်ခဲ့ဘူးဆိုတဲ့ ယူဆချက်နဲ့ တာဝန်ရှိကြောင်း ဆုံးဖြတ်နိုင်တာမျိုးလည်း ဖြစ်လာနိုင်ခြေ ရှိတယ်။ 
    နောက်ဆုံးအခြေအနေကတော့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေက သက်သေ မပြနိုင်ဘူးဆိုပြီး စွပ်စွဲချက်ကို ပယ်ချနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်း လိုအပ်တဲ့ သက်သေခံချက်က မလုံလောက်ဘူး၊ အထူးသဖြင့် Dolus Specialis ကို သက်သေမပြနိုင် ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ဂမ်ဘီယာရဲ့ အဓိကတောင်းဆိုချက်တွေကို ပယ်ချနိုင်တယ်။ သဘောကတော့ တပ်မတော်ရဲ့ နယ်မြေရှင်း လင်းရေးဆောင်ရွက်ချက်က ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းသာ ဖြစ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လူမျိုးသုဉ်းသတ်ဖြတ်ခဲ့မှု မရှိဘူးဆိုတာကို လက်ခံတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ အစောပိုင်းကတည်းက ARSA တိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရတာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ကို လက်သင့်မခံဘဲ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဦးတည်ပြီး ဆွဲခေါ်ခဲ့ကတည်းက နောက်ဆုံးအခြေအနေ ဖြစ်ဖို့ကတော့ ရာခိုင်နှုန်းအားဖြင့် နည်းတယ်လို့ ဆိုရမှာပဲ။ 
    ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်ရင် နိုင်ငံတကာ ဖြစ်ရပ်တွေကိုလည်း လေ့လာကြည့်ဖို့ လိုတယ်။ ပထမဆုံး ဖြစ်ရပ်တစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားနဲ့ ဆားဘီးယားတို့ ဖြစ်တဲ့ ပြဿနာပဲဖြစ်တယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ICJ က စရက်ဘရီနီကာ (Srebrenica) ဖြစ်စဉ်မှာ ဆားဘီးယားအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးဖို့ တာဝန်ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့တာ ရှိတယ်။ ဒုတိယဖြစ်ရပ်ကတော့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ခရိုအေးရှားနဲ့ ဆားဘီးယားတို့ရဲ့ ဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ် မှာတော့ နှစ်ဖက်လုံးမှာ သတ်ဖြတ်မှုနဲ့ ပြင်းထန်တဲ့ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့ကြောင်း တွေ့ခဲ့ပေမယ့် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ဖို့အတွက် လိုအပ်တဲ့ သီးခြားဖျက်ဆီးလိုမှု ရည်ရွယ်ချက်တွေကို သက်သေ မပြနိုင်ခဲ့ဘူးဆိုပြီး နှစ်ဖက်လုံးရဲ့ တောင်းဆိုချက်တွေကို ပယ်ချခဲ့ဖူးတယ်။ တတိယဖြစ်ရပ်က တော့ ၁၉၈၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ နီကာရာဂွါနဲ့ အမေရိကန် နိုင်ငံတို့ကြားက ဖြစ်ရပ်ပါပဲ။ အမေရိကန်အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ အပြစ်ရှိတဲ့အကြောင်း ICJ က ဆုံးဖြတ်ပြီး လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ICJ ရဲ့ဆုံးဖြတ်ချက်ကို လက်မခံခဲ့သလို လျော်ကြေးတောင်းဆိုမှုကိုလည်း လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ဖူးတယ်။ နောက်ဆုံးဖြစ်ရပ်တစ်ခုကတော့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ စစ်ပွဲပါပဲ။ ICJ က ယူကရိန်းနိုင်ငံအတွင်းမှာ ရုရှားနိုင်ငံရဲ့ စစ်ရေးဆောင်ရွက်ချက်ကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပေမယ့် ရုရှားနိုင်ငံကတော့ ကြားနာပွဲကို သပိတ်မှောက်ပြီး ICJ ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင် ပယ်ချခဲ့တာ တွေ့ရတယ်။ နိုင်ငံတကာဖြစ်ရပ်တွေကို လေ့လာတဲ့အခါမှာ နိုင်ငံတကာ တရားရုံး အနေနဲ့ ဆုံးဖြတ်ချက်အမိန့်တစ်ခုကို ချမှတ်နိုင်ပေမယ့် အဲဒီဆုံးဖြတ်ချက်ရဲ့ နိုင်ငံရေး အကျိုး ဆက်နဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်မှုက နိုင်ငံတကာ နိုင်ငံရေးအင်အားချိန်ခွင်လျှာနဲ့ ဆက်စပ်မှုရှိနေ တယ်ဆိုတာ ကိုတော့ မဖြစ်မနေ လက်ခံရမှာ ဖြစ်တယ်။
    အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) က အပြီးသတ် အမိန့်ချမှတ် မယ်ဆိုပြီး ကြေညာလာချိန်မှာ ဒေသတွင်း အာဆီယံနိုင်ငံထဲက မလေးရှားနိုင်ငံကလည်း ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံအပေါ် တင်သွင်းထားတဲ့ ICJ အမှုကို ထောက်ခံတယ်ဆိုတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပါလီမန်မှာ အချိန်ကိုက် ပြောဆိုခဲ့တာကလည်း ထူးခြားမှုတစ်ခုလို့ ဆိုရမယ်။ ဒီနေရာမှာ မလေးရှားရဲ့ ရပ်တည်ချက်နောက်ကွယ်မှာလည်း နိုင်ငံရေးအကျိုးစီးပွားတွေရှိတာ မြင်ရတယ်။ ပထမအချက်က မလေးရှားဟာ OIC အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ အစ္စလာမ်ဘာသာဝင် လူမှုအသိုင်းအဝိုင်းနဲ့ ဆက်စပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စတွေမှာ ဒီအသိုင်းအဝိုင်းနဲ့ တစ်သားတည်းရှိတဲ့အကြောင်း ရပ်တည်ချက်ပြသဖို့ လိုအပ်တယ်။ ဒုတိယအချက်ကတော့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ခွာလာတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေရှိတယ်။ ဒီလိုတရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေက အစိုးရနဲ့သူ့နိုင်ငံအတွက် ပြည်တွင်းလူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံ ရေးဆိုင်ရာ ဖိအားတွေ ရှိနေတယ်လို့ လည်း ပြောလို့ရတယ်။ တရားမဝင်နယ်စပ်ဖြတ် ကျော်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံကနေ မလေးရှားကို အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေပါသလို တစ်ဖက်မှာ Boat People လို့ နိုင်ငံတကာက သိကြတဲ့ ဘင်္ဂါ လီလူမျိုးတွေလည်း ပါတယ်။ UNHCR ရဲ့ဖော်ပြချက်မှာ Boat People လို့ခေါ်တဲ့ ဘင်္ဂါလီလူမျိုးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာကြတာရှိသလို တချို့ကလည်း ရခိုင်ပြည်နယ်ကနေ လာကြတယ်လို့ ဆိုထားပြန်တယ်။
    လေ့လာချက်တွေအရ ICJ ရဲ့ အပြီးသတ်အမိန့်ကို မလိုက်နာရင် ဘာဖြစ်သလဲဆိုတဲ့ မေးခွန်းက အရေးကြီးတယ်။ ၁၉၈၆ ခုနှစ် နီကာရာဂွါနဲ့ အမေရိကန် အမှုမှာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က မလိုက်နာခဲ့သလို လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ထပ်ဆင့် ကြိုးပမ်းချိန်မှာလည်း ဗီတိုအာဏာသုံးပြီး တားဆီးခဲ့တာ တွေ့ရတယ်။ နောက်ပိုင်း ၁၉၉၁ ခုနှစ်မှာ နီကာရာဂွါ နိုင်ငံအနေနဲ့ နစ်နာကြေးနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေကို ရပ်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေမှာ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ဆိုတာက ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေ ဖြစ်နေတဲ့အချက်ကိုတော့ မဖြစ်မနေ သတိပြုရမှာပါ။ မြန်မာနိုင်ငံ အတွက် အားသာချက်တစ်ခု ဖြစ်နိုင်တာက ICJ ဆုံးဖြတ်ချက်ဆိုတာ လက်တွေ့အကောင်အထည် ဖော်မှုအပိုင်းနဲ့ ပတ်သက်ရင် နိုင်ငံရေးအင်အားကို အသုံးပြုနိုင်တဲ့ နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်ကို မြန်မာနိုင်ငံက အခွင့်အလမ်းတစ်ရပ်ပုံစံနဲ့ ဘယ်လိုပြောင်းယူနိုင်မလဲဆိုတာက ပိုအရေးကြီးတယ်လို့ပဲ သုံးသပ်တယ်။ ဆိုလိုတာက အပြစ်ရှိတယ်လို့ တစ်ဖက်သတ်နိုင်ငံရေးဖိအားနဲ့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်မယ်။ ဒါမှမဟုတ် ကျူးလွန်ခဲ့တာရှိတယ်၊ လူမျိုးသုဉ်းသတ် ဖြတ်မှုအတွက်တော့ ရည်ရွယ်ချက် မမြောက် ဘူး၊ သို့သော် တာဝန်ရှိတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ အကြမ်းဖက်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ လျော်ကြေးပေးအပ်ဖို့ဆို တာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံ အနေနဲ့ လက်မခံလို့ လုံခြုံရေးကောင်စီမှာ တင်ပြလာခဲ့ရင် ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံနဲ့ မြန်မာနိုင်ငံ ကြားမှာ နိုင်ငံရေးမိတ်ဖက်ရှိဖို့ လိုတယ်ဆိုတဲ့အချက်က အဓိကအနေအထားဖြစ်လာနိုင်တယ်။
    ှုဃဲ ဘက်က ဘယ်လိုပဲ ဆုံးဖြတ်လာပါစေ မြန်မာဘက်က ပြင်ဆင်ထားရမယ့် အဓိကအပိုင်းက ဂမ်ဘီယာဘက်က တင်သွင်းခဲ့တဲ့ သက်သေတွေနဲ့ပတ်သက်ရင် ယုံကြည်စိတ်ချရမှု၊ အပြန်အလှန် စစ်ဆေးနိုင်မှုနဲ့ ဘက်မလိုက်မှုတွေက ဘယ်လို ယုံကြည်ထိုက်သလဲဆိုတဲ့ မေးခွန်းမျိုးကို ပြင်ထားသင့်တယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာ မြန်မာဘက်က ကနဦး ကန့်ကွက်စာ တင်ပြထားသလို ဂမ်ဘီယာနိုင်ငံအနေနဲ့ တိုက်ရိုက်ထိ ခိုက်နစ်နာသူ မဟုတ်ဘဲ OIC ရဲ့ နောက်ခံပံ့ပိုးမှုနဲ့ အမှု တင်တာဖြစ်လို့ ဘက်လိုက်မှု ဘယ် လောက်ရှိမလဲဆိုတာကိုလည်း မေးခွန်းထုတ်ဖို့လိုမယ်။ ဂမ်ဘီယာဘက်က အဓိကတင်သွင်းခဲ့တာက IIMM ရဲ့ သက်သေခံချက် ၄၀ ၊ စာနဲ့ ကျမ်းကျိန်ထွက်ဆိုချက် ၄၈ ခု အပါအဝင် မျက်မြင်သက်သေ သုံးဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ တင်သွင်းခဲ့တာရှိတယ်။ ဒီတော့ တရားရုံးအနေနဲ့ နှစ်ဖက် အစီရင်ခံစာတွေကို ဘယ်လောက်အထိ အလေးထား ခဲ့သလဲဆိုတာနဲ့ OIC ရဲ့ သက်ရောက်မှုနဲ့ သက်သေတစ်ခုချင်းစီအပေါ်မှာ ဘယ်လို ချိန်ဆခဲ့သလဲဆိုတာက အဆုံးအဖြတ် ဖြစ်လာ နိုင်ဖွယ် ရှိတယ်။ 
    မြန်မာအနေနဲ့ရှေ့က သက်ဆိုင်ရာနိုင်ငံတွေရဲ့ သာဓကတွေလိုပဲ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ပြောရမှာပါပဲ။ ICJ ရဲ့ ဆုံးဖြတ်ချက် ကိုသာ လက်ခံလိုက်နာဆောင်ရွက်ခဲ့ရင် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်လာနိုင်တယ်။ ပိုဆိုးနိုင်တာက ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေက ဒုက္ခသည်တွေကို ဒီဆုံးဖြတ်ချက်ကို အကြောင်းပြပြီး လက်ခံနိုင်ဖို့နဲ့ နောက်ဆက်တွဲ နိုင်ငံသားဖြစ်ခွင့် ဥပဒေကိုပါ ပြင်ဆင်နိုင်ဖို့အထိ ဖိအား ပေးလာနိုင်တယ်။ ဒါ့အပြင် ICJ ရဲ့ ဆုံးဖြတ်ချက်က အပြီးသတ်စီရင်ချက်ဖြစ်လို့ အယူခံဝင်ခွင့်လည်း မရှိပြန်ဘူး။ စီရင်ချက်ထဲမှာ တရားမျှတမှုမရှိတာတွေ ပါဝင်လာခဲ့ရင် ဘယ်လို ချမှတ်ခဲ့တာလဲဆိုတဲ့ အကြောင်းအရာတွေ၊ သက်သေအထောက်အထားတွေနဲ့ ဥပဒေသုံးသပ်ချက်တွေကို အသေးစိတ်ခွဲ ခြမ်း စိတ်ဖြာပြီး ဥပဒေကြောင်းအရ တရားဝင်ငြင်းပယ်တဲ့ အကြောင်းရှင်းလင်းတဲ့ တုံ့ပြန်ချက်တွေ ချက်ချင်း ထုတ်ပြန်နိုင်ဖို့အရေးကြီးတယ်။ အဲဒီ ရှင်းလင်းချက်ထဲမှာလည်း ARSA ရဲ့ တိုက်ခိုက်မှုမှတ်တမ်းတွေ၊ နယ်စပ်လုံခြုံရေးနဲ့ ဒေသခံပြည်သူတွေရဲ့ ဘေးအန္တရာယ်၊ တရားဝင်အစိုးရရဲ့တာဝန်၊ လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ စစ်ဆင်ရေးဆိုင်ရာ အထောက်အထားတွေ၊ အရပ်သားကာကွယ်ရေးလုပ်ငန်းစဉ်တွေ၊ စုံစမ်းစစ် ဆေးမှုနဲ့ အရေးယူမှုတွေကို နိုင်ငံတကာက သိရှိနိုင်အောင်အထိ ထုတ်ပြန်နိုင်ဖို့ လိုအပ်လိမ့်မယ်။ နောက် ပိုင်း နိုင်ငံတကာရဲ့ နိုင်ငံရေးဖိ အားကို ခံနိုင်ရည်ရှိစေဖို့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ကောင်စီမှာ ထောက်ခံမှုရရှိအောင် ကြိုးပမ်း ထားဖို့လည်း လိုလိမ့်မယ်။ တကယ်တော့ ရခိုင်ပြည်နယ် ထဲက လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်တပ်ထားမှု ဆိုတာက နောက်ပိုင်း ဘင်္ဂါလီလူမျိုး အသိအမှတ်ပြုနိုင်ရေး (မွတ်ဆလင်လူမှုအသိုင်းအဝိုင်းရဲ့ နေထိုင်ခွင့်) အတွက်ပဲ ရည်ရွယ်အားထုတ်မှာ ဖြစ်လို့ ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊  အစိုးရနဲ့ AA ကြားက စစ်ရေးပဋိပက္ခ၊ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ တည်ရှိမှု၊ ဒေသခံ ရခိုင်ပြည်သူတွေရဲ့ လုံခြုံရေးစသဖြင့် ဒီကိစ္စရပ်တွေကိုပဲ ဦးစားပေး ဖြေရှင်းသင့်တယ်။ လက်ရှိ မလေးရှားနိုင်ငံက ဖိအားပေးတယ်ဆိုတာကလည်း ဒေသခံလူမှုအသိုင်းအဝိုင်းကြားမှာ ဘယ်လိုနိုင်ငံရေး ဖြေရှင်းချက်ပေးမလဲ ဆိုတာကို အဓိက တိုက်ရိုက်တောင်းဆိုနေတာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း OIC ရဲ့ နောက်ကွယ်က ပံ့ပိုးမှုနဲ့ ဂမ်ဘီယာလို ပထဝီနိုင်ငံရေး ဝေးကွာလွန်းတဲ့ နိုင်ငံတစ်ခုကနေ အကျိုးစီးပွား ရလိုမှုတစ်ခုတည်းအတွက်နဲ့ အမှုတည်ဆောက်ခဲ့ကြတာပေါ့။ 
    ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ထွက်ပေါ်လာမယ့် ICJ ရဲ့ အပြီးသတ် စီရင်ချက်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေရေးရာ အဆုံး အဖြတ်တစ်ခုသာမက နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းနိုင်ငံရေးနဲ့ ရခိုင်ပြည်နယ်အရေးတို့အပေါ်ပါ သက်ရောက်မှုရှိလာနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ဒီအမှုရဲ့ အဓိကဆုံးဖြတ်ချက်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်၊ မကျူးလွန်ခဲ့ဘူးဆိုတဲ့ အဖြေကို တရားရုံးက ဘယ်လို သက်သေအထောက်အထားတွေကို လက်ခံခဲ့သလဲ၊ နှစ်ဖက်ရဲ့ ခုခံ ချေပချက်တွေကို ဘယ်လိုချိန်ဆခဲ့သလဲ၊ Genocide Convention ပါ နိုင်ငံတော်တာ ဝန်တွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သလဲဆိုတာတွေကလည်း အရေးကြီးလာလိမ့်မယ်။ 
    အထူးသဖြင့် ဒီအမှုမှာ တင်ပြလာတဲ့ သက်သေတစ်ခုချင်းစီရဲ့ ယုံကြည်စိတ်ချရမှု၊ အပြန်အလှန်အတည်ပြုနိုင်မှုနဲ့ သက်သေခံချက်တွေရဲ့ မူလအရင်းအမြစ်တွေကို ဘယ်လောက်အထိ စိစစ်ခဲ့သလဲဆိုတာက ပိုအရေးကြီးတယ်လို့ပဲ ပြောရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာ ဖြစ်တယ်ဆိုတာနဲ့ အချက်အလက်အားလုံး အလိုအလျောက် မှန်ကန်သွားတာ မဟုတ်သလို အမှန်တရားတစ်ခုကို ဆုံးဖြတ် တဲ့နေရာမှာ နိုင်ငံရေး ရပ်တည်ချက်ထက်သက်သေခိုင်လုံမှုနဲ့ ဥပဒေသတ်မှတ် ချက်တွေကိုသာ အခြေခံဆုံးဖြတ်သင့်တယ်လို့ ယူဆတယ်။ တစ်ဖက်မှာလည်း ICJ ရဲ့ စီရင်ချက်နဲ့ နိုင်ငံတကာ နိုင်ငံရေးရဲ့ လက်တွေ့အကောင်အထည်ဖော်နိုင် မှုအပိုင်းမှာ တစ်ထပ်တည်း မဖြစ်နိုင်ဘူးဆိုတာကို နီကာ ရာဂွါ–အမေရိကန် အမှုအပါအဝင် နိုင်ငံတကာဖြစ်ရပ်တွေမှာ တွေ့နိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့ စီရင်ချက် အပေါ် သဘောမတူတဲ့ အချက်တွေရှိလာရင်လည်း ဥပဒေကြောင်းအရ ဘယ်အချက်ကို ဘာကြောင့် လက်မခံနိုင်တဲ့အကြောင်း၊ ဘယ်သက်သေကို ဘာကြောင့် မယုံကြည်နိုင်ကြောင်းနဲ့ ဘယ်လိုအချက်အ လက်တွေကို ပြန် လည်စိစစ်သင့်ကြောင်း ခိုင်မာစွာ ရှင်းလင်းတင်ပြနိုင်ဖို့ လိုအပ်တယ်။ မဟုတ်ရင် ICJ ရဲ့ဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်တွေ၊ လူ့အခွင့်အရေးနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးဆိုင်ရာ ဖိအားတွေကို ပိုပြီး အလေးထားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်။  အရေးကြီးတာက စီရင်ချက်ကို လက်ခံသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုဟာ ဥပဒေ၊ သက်သေ၊ သံတမန်ရေးနဲ့ ပြည်တွင်းတည်ငြိမ် ရေးတို့အပေါ် အခြေခံထားပြီး မိမိနိုင်ငံရဲ့ သမိုင်းကြောင်း၊ လုံခြုံရေးအခြေအနေနဲ့ ဥပဒေရေးရာရပ်တည် ချက်တွေကို ယုံကြည်လက်ခံ နိုင်လောက်တဲ့ သက်သေ အထောက်အထားတွေနဲ့ ရှင်းလင်းတင်ပြနိုင်ဖို့ အရေး ကြီးတယ်။
    နောက်ဆုံး ICJ ဘက်က ဘယ်လို ဆုံးဖြတ်ချက်ပဲ ထွက်ပေါ်လာပါစေ မြန်မာနိုင်ငံအနေနဲ့ အဓိက ထားရမှာက မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံသားအခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးတို့ကိုသာ ရေရှည်ကာကွယ်နိုင်ဖို့ အရေးကြီးတယ်။ မြန်မာနိုင်ငံအနေနဲ့ မိမိတို့ရဲ့ သမိုင်းကြောင်း၊ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု၊ အချုပ်အခြာအာဏာဆိုင်ရာ အမျိုးသား အကျိုးစီးပွားနဲ့ ရခိုင်ဒေသရဲ့ ရေရှည် တည်ငြိမ်ရေးအပိုင်းမှာ ဘယ်လိုဟန် ချက်ညီညီ ထိန်းသိမ်းနိုင်မလဲ ဆိုတာကသာ အနာဂတ်နိုင်ငံရေးရဲ့ အဓိကစမ်းသပ်ချက် ဖြစ်လာပါလိမ့်မယ်။
နရီမိုး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

68475

© 2022 - 2026 News. All Rights Reserved.