၂၀၂၄ ဒီဇင်ဘာ ၁၃
ဒီတစ်ပတ်ကတော့ ညကြီးမင်းကြီး ထိတ်ထိတ်ပြာပြာ သတင်းတွေက လွှမ်းမိုးထားသည်။ မြန်မာလူမျိုး ဖေ့စ်ဘုတ်ပညာရှင်တွေ ဆိုတာကလည်း ကမ္ဘာ့အရေး၊ မြန်မာ့အရေးသတင်းတွေ မပြတ်အောင် လေ့လာသုံးသပ် နိုင်ကြတာကြောင့် ဖေ့စ်ဘုတ် ပွတ်ရင်းပွတ်ရင်း ဖေ့စ်ဘုတ်ပညာရှင်ကြီးတွေကို မျက်ခြည်မပြတ် လေ့လာနိုင်မှ တော်ရာကျမည် ဖြစ်သည်။
မြန်မာ့ ဖေ့စ်ဘုတ်ပညာရှင်တွေ ခုတလော တောင်ကိုရီးယားအရေးကို လေ့လာနေကြသည်။ ဖြစ်ကြောင်းရယ်ကုန်စင် ပြောရရင် တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံများက လွှတ်တော်ကို ထိန်းချုပ်ထားပြီး နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ရပ်များ လုပ်ဆောင်နေတယ်ဆိုကာ ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီခွဲမှာ အရေးပေါ် စစ်အုပ်ချုပ်ရေးကို ရုတ်ခြည်းကြေညာခဲ့ပြီး နာရီပိုင်းအတွင်း ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာရီမှာ ပြန်လည် ရုပ်သိမ်းခဲ့သည့်သတင်း ဖြစ်သည်။ ထူးမြတ်တို့ကတော့ ကိုရီးယားအဆိုတော်မလေးတွေလောက်သာသိတော့ ကိုရီးယားမလေးတွေကို စိတ်ပူမိသည်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း ကိုရီးယားကားပရိသတ် အမျိုးသမီးတွေကလည်း ကိုရီးယားမင်းသားတွေကို အလုအယက် စိတ်ပူနေကြသည်။ ကိုရီးယားဇာတ်လမ်းတွဲတွေ ထပ်မကြည့်ရတော့မှာ စိုးရိမ်ပုံရသည်။
ညကြီးမင်းကြီး ကိုရီးယားကို လှမ်းစိတ်ပူနေသူများတော့လည်း မောင်ထူးမြတ်လေးတစ်ယောက်လည်း ကိုရီးယားသတင်းချန်နယ်တွေကို လေ့လာရတော့သည်။ ကိုရီးယားလွှတ်တော်နားမှာ ကိုရီးယားနိုင်ငံသားတွေ တရုန်းရုန်း တွေ့ရသလို၊ ကိုရီးယားစစ်သားတွေကလည်း ဝတ်စုံပြည့် ချီတက် နေကြတာတွေတော့ တွေ့မိသည်။ ကမ္ဘာကြီးက ရွာဆိုတော့လည်း အရင်ကလို သူ့နိုင်ငံဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဟု တွေးနေလို့မရချေ။ ဒါကြောင့် ရွာတောင်ပိုင်းပြဿနာကို ရွာမြောက်ပိုင်းက တစ်စွန်းတစ်စ လေ့လာရပြန်သည်။ ကိုရီးယားပြည်သူတွေကလည်း အင်မတန် ညံ့လှသည်။ မောင်ထူးမြတ်လေးတို့ဆိုရင် အစိုးရက မဲခိုးလို့ လှုပ်လှုပ်ရှားရှား အသံလေး ကြားကတည်းက ဖေ့စ်ဘုတ်ပေါ်မှာ 'သိမ်းချင်ရင် အမှိုက်သိမ်း'ဆိုပြီး ပရိုဖိုင်တွေ ညီညီညွတ်ညွတ် ချိန်းကြတာဖြစ်သည်။ ကိုရီးယားသားတွေ ဖေ့စ်ဘုတ်မသုံးတတ်ကြတာ ဖြစ်မည်ထင်သည်။ ဒါကြောင့်လည်း အရည်မရ အဖတ်မရ လွှတ်တော်ရှေ့သွားပြီး စုရုံးနေကြတာ ဖြစ်သည်။ ထူးမြတ်တို့ဆိုရင် နေ့ခင်းနေ့လယ်မှ မြို့တော်ခန်းမရှေ့သွားတာ ဖြစ်သည်။ အေးအေးဆေးဆေး ဖြီးလိမ်းခြယ်ပြီးမှ ကားတွေနဲ့နီးစပ်ရာလူစုပြီး မြို့ထဲကို စတိုင်ကျကျ ဆန္ဒပြသွားကြတာဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့တွေကလည်း အေးအေးလူလူရပ်ကာ လုံခြုံ ရေးတာဝန်ယူပေးတာဖြစ်သည်။ ဆန္ဒပြတဲ့ ပြည်သူတွေကလည်း အော်ချင်ရာအော်ကြ၊ နေ့လယ် တရေးတမောနားကြ ညနေ နေစောင်းတော့မှ ထအော်ကြနဲ့ နှစ်ဖက်အပေးအယူ ညီကြသည်။
ကိုရီးယားပြည်သူတွေကတော့ ညကြီးမင်းကြီး အိပ်ရေးပျက်ခံပြီး လွှတ်တော်နားကို ရောက်လာကြသည်။ ကိုရီးယား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အရည်အချင်း ညံ့လှသည်။ လွှတ်တော်ထဲမှာ ငြိမ်ပြီးထိုင် နေကြသည်။ ထူးမြတ်တို့ဆီက လွှတ်တော်ကိုယ်စားလှယ် အချို့ဆိုရင် ပြည်သူတွေ ဆန္ဒပြကြသည့် နေပူကြီးထဲကား ခေါင်မိုးပွင့်ကြီးနဲ့ ရောက်လာပြီး ပြည်သူနဲ့အတူဆိုပြီး သုံး၊ လေးရက် ဆန္ဒပြပေးကြသည်။ နောက်တော့လည်း နယ်စပ်ကနေ တိတ်တိတ်လေးထွက်သွားပြီး မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းဖို့ ကြိုးစားနေကြသည်။ အမှန်ဆိုရင် ရှေ့ဆောင်လမ်းပြတွေရှိတာတောင် ကိုရီးယားလွှတ် တော်အမတ်တွေ ကင်ချီမြေက တစ်ဖဝါးမှ မခွာတတ်ကြပေ။ အမှန်ဆိုရင် ကိုရီးယား အတိုက်အခံခေါင်း ဆောင်တွေ အမေရိကားလောက်ကိုပြေးပြီး KUG ဆိုပြီး အစိုးရအဖွဲ့ဖွဲ့ကာ လက်ရှိအစိုးရကို အတိုက်အခံလုပ်သင့်သည်။ ဒါတင်မကသေး ကိုရီးယားအမတ်တွေကလည်း မြောက်ကိုရီးယားနယ်စပ်လောက်ကို ပြေးပြီး KRPH ဆိုပြီး ဇွန်းမီတင်နဲ့ လွှတ်တော်အစည်းအဝေးတွေ ဘာတွေ လုပ်သင့်သည်။ အင်မတန် ညံ့ဖျင်းလှသော ကိုရီးယားအမတ်တွေဖြစ်သည်။ ကိုရီးယားပြည်သူကို ကိုယ်စားပြုဖို့ မဲထည့်ခဲ့တာ ခုတော့ သဲထဲရေသွန် ဖြစ်ကြရသည်။
နောက်ပြီး ကိုရီးယားပြည်သူတွေကလည်း ဆန္ဒပြတာ မလုပ်တတ်ကြဘူး ထင်သည်။ ကင်ချီ တည်သည့် အိုးခွက်တွေကို တီးရမည့်အစား ခြေညောင်းခံကာ လွှတ်တော်ရှေ့ သွားရပ်နေကြသည်။ အမှန်ဆိုရင် ကိုရီးယား အစိုးရရုံးရှေ့တွေသွားပြီး 'ကျွန်တော်တို့က ကိုရီးယားတွေပါ ကိုရီးယားမှာ အနာဂတ်ရှိတယ်' ဆိုတာမျိုးတွေ အော်ဟစ်ရမည်။ နောက်ပြီး ကိုရီးယားမင်းသား မင်းသမီးတွေကိုလည်း အားပေးရတာ မတန်ဘူးဟုပြောချင်သည်။ အမှန်ဆိုရင် လူထုကြားထဲကို ရောက်လာပြီး စုပေါင်းသီချင်းဆို ဆန္ဒပြတာမျိုး မလုပ်တတ်ကြပေ။ မြန်မာပြည်နဲ့ ကွာလှသည်။ အမှန်ဆိုရင် ကိုရီးယားမင်းသားတွေ၊ မင်းသမီးတွေကိုယ်တိုင် အစိုးရရုံးရှေ့တွေသွား ပြီး ရုံးမတက်ကြပါနဲ့ ရုန်းထွက်ကြပါ'ဆိုပြီး ငိုမဲ့ငိုမဲ့မျက်နှာပေးတွေနဲ့ သွားပြောသင့်သည်။ Korea အနုပညာရှင်တွေ ဆိုတာက ကိုရီးယားသာမက ကမ္ဘာကတောင် အားပေးကြတာဖြစ်သည်။ သူတို့သာ ရုံးမတက်နဲ့ ရုန်းထွက်လို့ပြောရင် ကိုရီးယားသာမက တစ်ကမ္ဘာလုံးက ကိုရီးယားပရိသတ်တွေ ရုံးမတက်ကြလို့ တစ်ကမ္ဘာလုံးက အစိုးရရုံးတွေ ရပ်ဆိုင်းသွားနိုင်သည်။ သို့သော် ကိုရီးယားအနု ပညာရှင်တွေ သွေးနည်းလှသည်။
ဒါတင်မကသေး ကိုရီးယားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း အင်မတန် ဉာဏ်နည်းလှသည်။ ကိုရီးယားသမ္မတ အာဏာသိမ်းတာကို ထိုင်ကြည့်နေကြသည်။ မြန်မာပြည်က လော်ဘီတွေ၊ တက်ကြွလှုပ်ရှားသူတွေဆိုရင် အင်မတန် ခြေလှမ်းသွက်လှသည်။ ရက်ပိုင်းလေးအတွင်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး အမေရိကားတို့၊ သြဇီတို့ ရောက်သွားကြသည်။ဟိုကနေ တော်လှန်ရေးလုပ်ကြသည်။ အမှန်ဆိုရင် ကိုရီးယားက တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် အမေရိကားကို လှစ်ခနဲပြေးပြီး "ငါတို့မှာ ငါတို့ပဲ ရှိတယ်"၊ "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်"ဆိုတာမျိုး အော်ဟစ်ပြီး နိုင်ငံတကာရောက် ကိုရီးယားလူမျိုးတွေဆီက အလှူခံပြီး တော်လှန်ရေးလုပ်ရမှာဖြစ်သည်။ ဒီလူတွေများ ကင်ချီမြေကို တော်တော်ချစ်ပုံသည်။ ဒါကြောင့်လည်း ကိုရီးယားသမ္မတက ခုစာကလေးကြော်ခုဆီ ထမင်းဆိုသလို အာဏာသိမ်းပြီး နာရီပိုင်းမှာတင် ထိုအမိန့်ကို ရုပ်သိမ်းတာ ဖြစ်သည်။ အင်မတန်သွေးနည်းလှသော ကိုရီးယားတွေဟု ပြောရမလို ဖြစ်နေသည်။ ဒီတစ်ချီတည်းနဲ့ ကိုရီးယားနိုင်ငံကို အထင်ကြီးတဲ့ မောင်ထူးမြတ်တို့လို ကိုရီးယားကားပရိသတ်တွေက အထင်သေး ကုန်ကြသည်။
နောက်များ ကိုရီးယားသမ္မတကြီး အမိန့်တွေ ထုတ်လိုက်၊ ရုပ်သိမ်းလိုက်လုပ်ပြီး သွန်လိုသွန် မှောက်လိုမှောက် လုပ်နေရင်တော့ မြန်မာဖေ့စ်ဘုတ်ပညာရှင်ကြီးတွေ အသာလေးငြိမ်ကြည့်နေ တော့မှာဖြစ်သည်။ ဒီနေရာကနေ ကိုရီးယားပြည်သူတွေကို ပြောချင်တာကတော့ ကိုရီးယားဒရမ်မာ ဇာတ်ကားတွေကိုသာကြည့်ပြီး နိုင်ငံရေးအတွေးအခေါ် နိမ့်ပါးမနေဘဲ နားမျက်စိဖွင့်ကာ လေ့လာနေဖို့ လိုသည်။ သူများတကာတွေ တော်လှန်ရေးလုပ်ပြီး သြဇီ၊ ဂျပန်၊ အမေရိကားမှာ ဘယ်လိုနေထိုင်နေ ကြသလဲဆိုတာ လေ့လာသင့်သည်။ ခုလို မျက်စိပိတ်နား ပိတ်နေပြီး ကင်ချီအိုးခေါင်းစိုက်နေပါက ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားနိုင်သည်။ အိမ်နီးချင်းမြောက် ကိုရီးယားနဲ့ကလည်း တကျက်ကျက် ဖြစ်နေတာဆိုတော့ တောင်ကိုရီးယား ပြည်သူတွေအနေဖြင့် နိုင်ငံရေးကို စေ့စေ့ငုငု လေ့လာကြဖို့ လိုသည်။ အမေရိကားရောက် သူများနိုင်ငံက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘာ တွေ လုပ်နေသ လဲဆိုတာ လေ့လာဖို့လိုသည်။ ခုရက်ပိုင်းအတွင်း မြန်မာ့တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အပြောင်းအလဲတစ်ခုကို လုပ်ပြလိုက်သည်။ မယုံရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဖေ့စ်ဘုတ်ကိုသွား ကြည့်ပါက တွေ့နိုင်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လွန်ခဲ့တဲ့ရက်ပိုင်းကပင် ရွပ်ရွပ်ချွံချွံ ဖေ့စ်ဘုတ် ပရိုဖိုင်ချိန်းလိုက်ပြီ ဖြစ်သည်။ ကိုရီးယားသနားဖွယ် ကောင်းလှသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )