၂၀၂၅ ဇန်နဝါရီ ၁၀
ဒီရာသီကတော့ မပူ မအေးလေးဆိုတော့ သိုက်ဆက်၊ ပဋ္ဌာန်းဆက်တွေက မနောဖြင့် သူတို့ဆီလာဖို့ ဖိတ်ခေါ်နေတာကြောင့် မောင်ထူးမြတ်လေး တစ်ယောက် မရိုးမရွ ဖြစ်နေရသည်။ အခုလို ရာသီရောက်ရင် ပုဂံက ပဋ္ဌာန်းဆက်တွေကပဲ ခေါ်နေသလိုလို၊ ငွေဆောင်၊ ချောင်းသာဘက်က သိုက်ဆက်တွေက ခေါ်သလိုလို၊ ဟိုဒီသွားချင်သလိုလို ဖြစ်နေတတ်သည်။ မနှစ်ကတော့ အလုပ်က လိုက်ပို့လို့ ငွေဆောင် ချီတက်လိုက်ရသေးသည်။ ခုချိန်မှာ အမှန်ပြောရရင် သွားလို့အကောင်းဆုံးကတော့ ကမ်းခြေဒေသတွေ ဖြစ်သည်။ ရာသီဥတုက အရမ်းမပူသေးတော့ ရေလေးကူးလိုက် ဘီယာလေးမှီဝဲလိုက်၊ အနားယူလိုက်နှင့် အကောင်းဆုံးကာလ ဖြစ်သည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေမှာ လူတွေက ငွေဆောင်၊ ချောင်းသာဆီ အရောက်သွားပြီး နှစ်စပိုင်းမှာတော့ လူနည်းနည်း ကျဲသွားတတ်သည်။ အားလုံးက သားသမီး ပညာရေးဖြစ်သည့် နောက်ဆုံး အတန်းတင်စာ မေးပွဲအတွက် အာရုံစိုက်ကြတော့မည် ဖြစ်သည်။ ဒါကြောင့် ဖေဖော်ဝါရီနှင့် မတ်လကတော့ ထူးမြတ်တို့လို လတ်လျားလတ်လျား သွားချင်သူတွေအတွက် အချိန်ကောင်းဖြစ်သည်။ ဧပြီလဆိုရင်တော့ ကမ်းလုံးညွတ် သွားကြတော့မှာဆိုတော့ ခရီးသွားများတော့ အေးအေးဆေးဆေး အပန်းဖြေချင်ကြသူတွေအတွက်တော့ အဆင်မပြေကြတော့ချေ။ ခုရာသီကတော့ ကမ်းခြေက သိုက်ဆက်၊ ပဋ္ဌာန်းဆက်တွေလာဖို့ ဖိတ်ခေါ်နေချိန်ဖြစ်သလို ပင်လယ်စာတွေကလည်း လတ်လတ်ဆတ်ဆတ် အရသာအကောင်းဆုံးအချိန် ဖြစ်သည်။
ထူးမြတ်ကတော့ အလုပ်ကိစ္စရော၊ အလည်အပတ်သဘောရော ခရီးက မကြာခဏ ထွက်ဖြစ်နေတာဆိုတော့ ခရီးသွားပါးဝနေပြီဟု ဆိုရမည်ဖြစ်သည်။ မိသားစုနဲ့ခရီးဆိုတာက စိတ်တူကိုယ်တူတွေဖြစ်လို့ ခရီးပန်းဒဏ်ခံရတာကလွဲရင် သိပ်ပြဿနာမရှိပေ။ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ သွားရင်တော့ အဖွဲ့အစည်းစိတ်ဓာတ်က အလွန်အရေးကြီးသည်။ အဖွဲ့လိုက်ကြီးသွားပြီး တစ်ယောက်တလေက ထဖောက်ရင် ပျော်စရာမကောင်းတော့ချေ။ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေစောင်းပြီး လုပ်ငန်းခွင်ထဲအထိ ပြဿနာတွေ သယ်လာတတ်သည်။ ဒါကြောင့် ကုမ္ပဏီအသင်း အဖွဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီး ထွက်မယ်ဆိုရင်တော့ ကြိုတင်သဘောတူညီချက်တွေ ထားရမည်ဖြစ်သည်။ ခုချိန်ရာသီက ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ၊ ဘော်ဒါတွေစုပြီး ကမ်းခြေဒေသကို ခရီးသွားကြမယ့်အချိန်ဆိုတော့ မောင်ထူးမြတ်လေး ရေးတဲ့စာဖတ်ပြီး သွားကြရင် စိတ်ဝမ်းမကွဲဘဲ ပျော်ရွှင်ဖွယ်ခရီးစဉ် ဖြစ်ကြမည်။ ဥပမာ ငွေဆောင်သွားမည်ဆိုပါစို့ ငွေဆောင်သဘောတူ ညီချက်ဆိုပြီး ညှိနှိုင်းလို့ရသလို ချောင်းသာပဲသွားသွား၊ ပုဂံပဲလစ်လစ်၊ တောင်ပေါ်ဒေသပဲ ဒိုးဒိုး သွားမည့်ဒေသကို ရှေ့ထားပြီး သဘောတူညီချက်လေး ထားလိုက်ရင် ပြီးပြီဖြစ်သည်။
ကဲ လတ်တလော ထူးမြတ်တစ်ယောက် ငွေဆောင်သွားဖို့ရှိတော့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ငွေဆောင် သဘောတူညီချက်လေး ချမှတ်ထားသည်။ နံပါတ်တစ်အချက်အနေဖြင့် ခရီးသွားတဲ့အခါ ကမ်းခြေမှာ ပုလင်းဈေးကြီးလို့ ရန်ကုန်ကနေ သယ်သွားတဲ့အခါ လမ်းမှာ ဖောက်မသောက်ကြဖို့ လိုသည်။
တချို့ဘော်ဒါတွေက အပြောကောင်းသည်။ ငါတို့မှာ ငါတို့ပဲရှိတာလေကွာဆိုပြီး တော်လှန်ရေး စကားအရ လေပြည်လေးထိုးပြီး လမ်းမှာတင် သယ်သွားတဲ့ ဘူးတွေ၊ ပုလင်းတွေ ဖောက်သောက်လို့ ငွေဆောင်ရောက်တော့ ထပ်ဝယ်သောက်ရသည့် အဖြစ်တွေရှိသည်။ ဒီတော့ ကြိုတင်သဘောတူညီချက် ရယူထားတာက ပြဿနာနည်းနိုင်သည်။ ဒုတိယသဘောတူညီချက်ကတော့ အမေရိကားက တော်လှန်ရေးခေါင်းဆောင်ကြီးတွေလို လူစားမျိုးဖြစ်သည့် တော်လှန်ရေးကြီးကို သူတို့ပဲ ပခုံးထမ်းထားရသလို အချိုးမျိုး ဖြစ်သည်။ ခရီးသွားဖြစ်အောင် ငါပဲ ကုမ္ပဏီက အကြီးအကဲ သူဌေးကိုတင်ပြထားတာ၊ အဲဒီတော့ ငါ့စားသောက်စရိတ်ကို မင်းတို့စုပြီး လှူဒါန်းဆိုပြီး ဂုန်းဆင်းတဲ့အကျင့် ဖြစ်သည်။ ကမ်းခြေ ရောက်တော့လည်း ပုဇွန်ကင်၊ ငါးကင်လေး ဝယ်ကျွေး၊ အရက်လေး ကပ်သောက်ပြီးမူးလာရင် ဒီခရီးစဉ်ဖြစ်အောင် ငါကပဲ သူဌေးကို တင်ပြပေးတာကွဆိုတဲ့ ကိစ္စမျိုး မဖြစ်အောင် ကြိုတင်သဘောတူ ညီချက်ယူရမည် ဖြစ်သည်။
တတိယသဘောတူညီချက်ကတော့ အပျော်ခရီးထွက်တာကို ဟိုလိုလို၊ ဒီလိုလိုကောင်မျိုးတွေ မဖြစ်ဖို့လိုသည်။ တချို့ကလည်း ယခုကာလမှာ ခရီးထွက်တာ အပြစ်ကြီးတစ်ခုလို သူများပြောမှာဆိုမှာ စိုးရိမ်ကြသည်။ ငွေဆောင်ရောက်လျှင် ဓာတ်ပုံတွေ ရိုက်ထားပြီး ထိုထဲက တစ်ပုံလောက်ကိုပဲ ရင်ထဲမှာ ပျော်နေတာမဟုတ်ပေမယ့် ခရီးလေးတော့ ထွက်ဖြစ်တယ်၊ ပုံလေးတစ်ပုံလောက် တင်ပါရစေဆိုတဲ့ ဖေ့စ်ဘုတ်က ဝေဖန်မှာကြောက်နေတဲ့ သူမျိုးမဖြစ်ဖို့လည်း လိုသည်။ ကျန်တဲ့သူတွေက အရမ်းပျော်နေပြီး တစ်ယောက်တည်း သူတော်ကောင်းယောင်ဆောင်တဲ့လူမျိုး မဖြစ်ဖို့လိုသည်။ ဒါကလည်း အရေးကြီးသည်။ တချို့က အုပ်စုလိုက် ပုံရိုက်ပြီးမှ ငါ့ပုံကြီးပါနေလို့ မတင်ကြပါနဲ့ကွာ၊ လိပ်ပြာလုံပါစေလို့ လာမန့်မှာစိုးလို့ဆိုတဲ့ သကောင့်သားတွေကလည်း ရှိသေးသည်။ စတုတ္ထ သဘောတူညီချက်ကတော့ တည်းခိုနေထိုင်ရေးကိစ္စဖြစ်သည်။ တချို့ကလည်း အင်မတန် ဂျီး (ကြေး)များသည်။ မဲဆောက်က တော်လှန်ရေးခေါင်းဆောင်ကြီးတွေလိုပင် ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်အချင်းချင်း ငါတို့က မဲဆောက်ဗီလာမှာ တော်လှန်တာ၊ မင်းတို့က ဟိုတယ်ကနေ တော်လှန်တာဆိုပြီး ဖောင်းထုကြသေးသည်။ ဒီလိုပဲ ခရီးသွားရင်လည်း မင်းအခန်းက ရေပူရေအေးရတယ်၊ ငါ့အခန်းက ရေပန်းက မရဘူးဆိုပြီး ဖောင်းလိုက် ထုတဲ့သူမျိုးတွေပါလာရင် ရက်တိုခရီးစဉ်လေးက စိတ်ညစ်ဖွယ်ရာပင် ဖြစ်သည်။
ပဉ္စမ သဘောတူညီချက်ကတော့ အချိန်ကာလ (Time Frame) သတ်မှတ်သူများဖြစ်သည်။ ၂၀၂၅ ကတော့ အဆုံးသတ်နှစ်တို့၊ အဆုံးအဖြတ်နှစ်တို့ဆိုပြီး ပေါက်ကရ အချိန်ကာလ သတ်မှတ်သလို ပင်ဖြစ်သည်။ အပန်းဖြေခရီးလာပါတယ်ဆို ရေကူးတာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိကူးရန်၊ ကမ်း ခြေလမ်းလျှောက်တာက ဘယ်အချိန်လျှောက်ရန်၊ အရက်ဘီယာကို ညနေ ၄ နာ ရီမထိုးမချင်း မသောက်ရန် အစရှိသော အချိန်လိုက်လံ သတ်မှတ်ကြသူများ ဖြစ်သည်။ အချို့ဆိုရင် ညနက်တဲ့အထိ သောက်စားပြီး မနက်တော်ရုံနဲ့ မထချင်သော်လည်း အချိန်ကာလသတ်မှတ်၍ ဟိုတယ်နံနက်စာစားချိန်ကို အတင်းလိုက်နှိုးလေ့ ရှိသည်။ အင်မတန် အိပ်ရေးပျက် စေသောသူများပါလာရင် မနက် စောစောကစပြီး ပြဿနာတက်ပြီဖြစ်သည်။ ဆဋ္ဌမ သဘောတူညီချက်ကတော့ ဘုံသဘောတူညီချက် မယူသည့်သူများ ဖြစ်သည်။ အစုလိုက်အဖွဲ့လိုက် ကမ်းခြေသွားပြီး အားလုံး သဘောတူညီချက်မယူဘဲ ကိုယ်လုပ်ချင်ရာ ဇွတ်လုပ်ကြသူများ ဖြစ်သည်။ ထိုသူများ ပြဿနာတက်လာပါက တစ်ဖွဲ့လုံးပြဿနာကို မျှဝေခံစားရမည်ဖြစ်သည်။
သတ္တမမြောက် ငွေဆောင်သဘောတူညီချက်က အရေးအကြီးဆုံး ဖြစ်သည်။ နုကြည်သန်းမကြီးနဲ့တူသောသူများ မပါလာဖို့လိုသည်။ သူ့ဟာသူ ပြည်ပနိုင်ငံတွေကို မသွားဘဲ အမေရိကန်တို့၊ သြဇီတို့မှာ သာယာနေကြသူတွေကို အလိုက်မသိတဲ့ ပြန်ခေါ်တတ်တဲ့သူမျိုး ဖြစ်သည်။ ခရီးသွား ရင်လည်း ထိုလိုသူများတစ်ယောက် ပါတတ်သည်။ တစ်ဖွဲ့တည်းလာတဲ့သူ အချင်းချင်း အခြားသူများက ဒေသန္တရဗဟုသုတ ရစေရန် အခြားနေရာများကို သွားရောက်လည်ပတ်ချိန် ဟိုတယ်မှာ မူးနေပြီး အမူးပြေချိန်မှ ဖုန်းဆက်ကာ "ပြန်မလာကြသေး ဘူးလားကွာ၊ ငါတစ်ယောက်တည်း ဟိုတယ်မှာ"၊ "ရပါတယ်ကွာ မင်းတို့က စိတ်ဓာတ်ပဲ"၊ "မြန်မြန်ပြန်လာ ကြတော့လေကွာ"ဆိုပြီး နောက်ဆံတင်းသည့် နုကြည်သန်းမကြီး လရှီးလလို အလိုက်ကန်းဆိုး မသိသူ ပါလာရင်လည်း ခရီးသွားရတာ အဆင်မပြေချေ။ ဒါကြောင့် ငွေဆောင်သွားမည်ဆိုပါက ထူးမြတ် ထောက်ပြ အကြံပြုထားသည့် ငွေဆောင်သဘောတူညီချက်တွေကို အချင်းချင်း အရင်ဆုံးပြောထားပြီး သဘောတူညီချက်ယူထားကာ သာယာပျော်ရွှင်သော နှစ်သစ်ခရီးစဉ်များ ဖြစ် ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )