တော်လှန်ရေးမြေခွေးတို့၏ အူသံများ

၂၀၂၄ နိုဝင်ဘာ ၂၉

ဆင်ရဲ့ဟိုဟာ အနာလုပ်ကြသူများ
    ဒေါသသံသင့်သည့် အော်သံများ မြင်တွေ့ ကြားသိရသဖြင့် စနည်းနာမိသည်။ ဘာတွေများဖြစ်၍လဲဟူသည့် သဘောဖြင့် စပ်စုမိသည်။ "၁၀ ရပ်ကွက်မှာ မီတာလုံး၀ မဆောင်တဲ့ မီးလိုင်းတွေဖြုတ်မှာ" ဆိုသဖြင့် ဘာများအမှားအယွင်းပါလို့များ ဒေါသထွက်နေရသနည်းဟုပင် ခေါင်းခြောက်သွား မိသည်။ သို့နှင့်ရေလည်ပတ်စေ့သိရန် ရှာဖွေဖတ်ရှုရပြန်သည်။ 'မုံရွာ အောင်မင်္ဂလာရပ်ကွက် မီတာခ မဆောင်သည့်အိမ်များ မီးလိုင်း လိုက်ဖြုတ်နေကြောင်းသိရ"ဟု တော်လှန်ရေး အမည်ခံသည့်သူများက အချင်းချင်း ပြောဆိုနေကြလေသည်။ မုံရွာပြည်ထောင်စုလမ်းဘက်မှနေပြီး အောင်မင်္ဂလာရပ်ကွက် အရှေ့ထိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စာရွက်များချပေးနေကြောင်း အသဲအသန်ဆိုနေ ပြောနေကြပြန်သည်။ ဘာစာရွက်များ မှတ်နေလဲပေါ့။ မီတာမဆောင်သည့် စာရွက်များ ဖြစ်နေသည်ဟု ပြောနေလေသည်။ ထိုအချိန်ကြမှ သဘောပေါက်တော့သည်။ မုံရွာတွင်ရှိသည့် နေအိမ်အချို့က မီတာမဆောင်ဘဲ နေလေရာ ထိုမီတာမဆောင်သည့် နေအိမ်များကို EPC နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးသွယ်တန်းခြင်းများ ဖြုတ်သိမ်းခြင်းကို ဒေါသတကြီး အော်ဟစ်နေခြင်းကြခြင်း ဖြစ်လေသည်။ လျှပ်စစ်မီတာ မဆောင်သည့်အိမ်ကို လျှပ်စစ်မီး ဖြတ်တောက်ခြင်းက ဘာများအော်စရာ၊ ဒေါသသင့်စရာရှိလဲဟု မေးစရာရှိလေသည်။ NUG က မီတာမဆောင်ရန် ညွှန်ကြားထားသောကြောင့်ဟု အပြန်အလှန် ပြောနေလေရာ ကျွန်တော်လည်းဝင်၍ မီတာမဆောင်၍ မီးဖြတ်သည့် အိမ်များက NUG ကို သွားတိုင်သင့်ကြောင်း အကြံကောင်းဉာဏ်ကောင်း ပေးခဲ့သည်။ လာသေးသည်။ မီတာခ ပြန်ပေးသည့်အိမ်များကို မီးကြိုး ပြန်သွယ်ပေးနေခြင်းကိုလည်း မီးကြိုးများ ပြန်သွယ်ပေးကြောင်း အော်နေလေရာ တော်တော်လည်း ဆင်ရဲ့ဟိုဟာ အနာလုပ်နေကြပါလားဟုသာ မှတ်ချက်ပြုမိလေ တော့ သည်။

ပီတိ
    ကျွန်တော်တို့ရွာတွင် ရှိသည့် မိတ်ဆွေတစ်ယောက်က နံနက်စောစော ဖုန်းဆက်လေသည်။ မအေးချမ်းသည့်နယ်ဘက်က ဖြစ်သောကြောင့်ရယ်၊ နံနက်စောစော ဖုန်းမဆက်စဖူး ဆက်သောကြောင့် အနည်းငယ်လန့်မိသည်။ ကြည်ကြည်လင်လင် သာသာယာယာနှင့် နံနက်ခင်းတိုင်း သံဃာအပါး ၆၅ ပါးကို တစ်ရွာလုံးဆွမ်း လောင်းပွဲလုပ်နေသည်မှာ ခြောက်ရက်ရှိပြီဟု ဝမ်းသာအားရ မင်္ဂလာသတင်းကို လှမ်း၍ပြောခြင်းဖြစ်သည်။ နံနက်တိုင်း သံဃာများကို ဆွမ်းလောင်းခြင်းမှာ ဘာများထူးလို့လဲဟု စောဒကတက်စရာ ရှိပါသည်။ သို့သော်လည်း ကျွန်တော်တို့ အရပ်ဒေသ မုံရွာနှင့် မလှမ်းမကမ်း မတည်ငြိမ်သည့်နေရာတွင် သည်ကဲ့သို့ မြင်ကွင်းမျိုးနှင့် သည်ကဲ့သို့ မင်္ဂလာရှိသည့် လုပ်ရပ်၊ သည်ကဲ့သို့ ကုသိုလ်ရေးများ မပြုလုပ်ဖြစ်သည်မှာ ကာလအတန်ကြာနေသောကြောင့် မိတ်ဆွေတစ်ယောက်က ဝမ်းပန်းတသာနှင့်လှမ်း၍ စကားဆိုခြင်း ဖြစ်ပါသည်။ သူများအတွက် မထူးပေမယ့် ကျွန်တော်တို့ အရပ်အတွက်တော့ အတော်ကို ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။ သံဃာတော် ၆၅ ပါးကို တစ်ရွာလျှင် ရှစ်ရက်ဆီ ဆွမ်းခံကြွကြမည်ဟုဆို လေသည်။ "သံဃာတော် ၆၅ ပါးကို ရှစ်ရက်ဆွမ်းလောင်းခွင့်ရမှာ အခု ခြောက်ရက်ရှိပြီ၊ ရှစ်ရက်ဆို စုစုပေါင်းရင် သံဃာပေါင်း ၅၂၀ ကို ဆွမ်းလောင်းခွင့်ရပြီ"ဟု ဝမ်းသာခြင်း၊ ကုသိုလ်ပြုရခြင်းကို ဝေမျှလေသည်။ သူမြင်ရသည့် မြင်ကွင်းနှင့်ပတ်သက်ပြီး"ကိုယ့်ရွာက ဒီလိုစိတ်အားထက်သန်မှုမှ ရှိပါ့မလားလို့ စစချင်းက စိတ်ပူမိတယ်၊ မနက်ခင်းတိုင်း သံဃာတွေ မကြွခင်ကတည်းက အိမ်ပေါက်စေ့  ဆွမ်းထမင်း၊ ဆွမ်းဟင်းလောင်းလှူဖို့ ပြင်ဆင်နေတာ ကြည့်ပြီး ငါတို့ရွာရဲ့ သဒ္ဓါတရားကိုကြည့်ပြီး ကြည်နူးလိုက်တာ၊ နိဗ္ဗာန်ဆော်လုပ်ရတာ တကယ် ကျေနပ်သွားတယ်"ဟု ဆိုလေသည်။ အများသူငါအတွက် မထူးဆန်းသော်လည်း ကျွန်တော်တို့ အရပ်ဒေသတွင် မသုံးဖူးသည့်အရာကို သုံးရခြင်း၊ မဝတ်ဖူးသည့်အရာကို ဝတ်ရခြင်းများထက် ချဉ်ခြင်းတပ်နေသည့်အရာကို စားသုံးလိုက်ရသည့် အရ သာမျိုး ဖြစ်နေသောကြောင့် တခုတ်တရ ပြောနေရခြင်းဖြစ်ကြောင်း ဝန်ခံပါရစေ။ ထိုမိတ်ဆွေက ပြောသေးသည်။ အခြားအရပ်ဒေသများနှင့်ယှဉ်လျှင် ကျွန်တော်တို့ အရပ်ဒေသက အေးချမ်းသော ကြောင့် ယခုကဲ့သို့ ကုသိုလ်မျိုးကို ပြုနေနိုင်ခြင်းကလည်း နည်းတဲ့ အခွင့်အရေးမဟုတ်ဟု အများသူငါ သာဓုခေါ်နိုင်ရန် ပြောလိုရင်းဖြစ်ပါသည်။

မြို့မေတ္တာခံယူနေသည့် ပုလဲသားတို့
    သည်ဇာတ်လမ်း မည်သူက စခဲ့သနည်းဟုဆိုလျှင် ပုလဲက ဗိုလ်နဂါးတို့က စသည်ဟု ဆိုရမည် ဖြစ်သည်။ ဗိုလ်နဂါးတို့က ပုလဲမြို့သိမ်း စစ်ဆင်ရေးဟုဆိုပြီး ပုလဲမြို့တွင် အင်အားအနည်းငယ်သာရှိသည့် ရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။မြို့ကို သိမ်းနိုင်ပြီဟုဆိုပြီး လေးရက်ခန့် အကြာတွင် အကုန်ထွက်ပြေးရခြင်းကို အခြေအနေ မပေးသေးသော ကြောင့် ဆုတ်ခွာ ခဲ့ခြင်း ဘာဘာညာညာ လျှောက်ပြောသည်ကို အားလုံးသိပြီးသား ဖြစ်သည်။ ဗိုလ်နဂါးက ပုလဲမြို့ကို တိုက်သည့်အကြောင်းပြချက်ကလည်း လက်ဖျားပါမက ခြေဖျားပါ ခါလိုက်ချင်၏။ စစ်မတိုက်ဘူးလား၊ စစ်မတိုက်ဘူးလားဟု အွန်လိုင်းပေါ်က ခဏခဏမေးသောကြောင့် ဝင်၍တိုက်သည်ဟု ဆိုလေသည်။ စစ်တိုက်၍ မြို့ကို သိမ်းနိုင်ပြီဆိုလျှင်တောင်မှ ခုနစ်ရက်ထက် ပိုမထိန်းနိုင်ဘူးဆိုသည်ကို သူတို့သိသည်ဟု အင်တာဗျူးတစ်ခုတွင် ဆိုထားလေသည်။ သူဆိုလိုချင်သည်က အွန်လိုင်းပေါ်က စစ်မတိုက်ဘူးလား ဆိုသူများအတွက် စစ်တိုက်၍ သက်သေပြခြင်း ဖြစ်သည့်သဘော ဖြစ်နေလေသည်။ သူမျှော်လင့်ထားသလို ခုနစ်ရက်ပင် မထိန်းနိုင်ကြောင်း၊ လေးရက်နှင့် စွန့်ခွာခဲ့ရသည်ဟု ဆိုထားသည်။ စစ်တိုက်လျှင် မြို့ရွာပျက်မည်ကိုလည်း သိသည်ဟု ဆိုထားပြန်သည်။ ဆိုသောအခါ ပြည်သူ့အတွက်ဟုဆိုပြီး ပုလဲကို တိုက်ပွဲဖော်ခြင်း၏ အကျိုးဆက်ကို ပုလဲကပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်ကုန်ကြရ၏။ အတိုချုပ်ပြောရလျှင် စစ်ဒဏ်သင့်ကာ အတိဒုက္ခ ရောက်ကုန်ကြသည်။ စစ်ဒဏ်သင့်သော ပုလဲက ပြည်သူများအတွက် လက်နက်ကိုင်ထားသည့် ဗိုလ်နဂါးတို့က လှူဒါန်းပါသည်။ ပုလဲမြို့နယ်တွင်ရှိသည့် ပသုံးလုံးတို့ ဘာဘာညာညာများက လှူဒါန်းပါသည်ဟု သတင်း စကား များကြားမိလျှင်လည်း လက်တို့ကြပါဦးဟု ဆိုပါရစေ။ ကြားရသည့် သတင်းကတော့ 'ပုလဲမြို့နယ် စစ်ရှောင်များကို အဝတ်အထည်၊ အစားအစာ၊ ငွေများလာရောက်ထောက်ပံ့ပေးနေ'ဆိုသည့် သတင်းသာဖြစ်သည်။ ထိုသတင်းတွင် ယခုကဲ့သို့ လာရောက်လှူဒါန်းမှု များအတွက် ဝမ်းမြောက်ရသည်ဟု ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်ဟုဆိုလေသည်။ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်လယ်၊ ကိုယ့်နွားနှင့် အေးအေးဆေးဆေး စိုက်ပျိုးထွန်ယက် စားသောက်နေသည့်ဘဝမှ ချက်ချင်း သူများ ပေးစာကမ်းစာ စားရသည့်ဘ၀ ရောက်သွား သည်ကို သူတို့က ကြားကနေ၍ မြို့မေတ္တာ ခံယူနေသေးသည်။ ထိုအချက်ကို စဉ်းစားမိမှ မိတ်ဆွေတစ်ယောက် ပြောသည့်စကားကို သတိရမိသွားသည်။ ]သူများပေးမှ ကျွေးမှ စားရတဲ့ဘ၀ရောက်သွားတာကို ဝမ်းသာတယ် လုပ်နေသေးတာဗျ။ ပသုံးလုံးဘာညာဆိုတဲ့ လူတွေက အဲ ဒီအခါကျမှ သြော် သူတို့က ကိုယ့်အလုပ် ကိုယ်လုပ်စား လာသူတွေမှ မဟုတ်တာ၊ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး တစ်ချိန်လုံး အလှူခံစားလာပြီး အလှူခံပါးဝနေကြ သူတွေကိုး"ဟု ဆိုလေသည်။ ပုလဲက ပြည်သူတွေကို ဒုက္ခတွင်းထဲ ရောက်အောင်ပို့ပြီး အများသူငါ လှူဒါန်းမှုအပေါ်ကို ကျေးဇူးစကားဆိုပြီး မြို့မေတ္တာကလည်း ခံယူနေကြသေးပါလားဟု စဉ်းစားမိလေသည်။

မန်းမြေက ကျယ်လောင်နေသည့် တော်လှန်ရေးနှင့်မြေခွေးတို့၏ အသံ
    'မတ္တရာကို ကျုံး မန္တလေးကို ဝုန်း' ဆိုသည့် ဆောင်ပုဒ်နှင့် မန်းမြေက မြေခွေးတို့၏ အော်သံများ Volume ချဲ့လာနေသည်။ မန္တလေးမြို့ပြ Never Give Up Fox Force ဆိုသည့် မြို့ပြ UG အဖွဲ့ကို မန်းပြည်သူများ မှတ်မိဦးမည်ထင်ပါသည်ဟု အစချီထားလေသည်။ ထို UG အဖွဲ့သည်မန်းမြေမှာ အကြောင်းအမျိုးမျိုးကြောင့် မနေနိုင်ကြောင်း၊ ထို့ကြောင့် မတ္တရာဘက်တွင် တိုက်ပွဲများဖော်ဆောင်နေကြောင်း၊ ထိုတိုက်ပွဲများဖော်ဆောင်ရာတွင် လက်ရှိ နှုတ်ခမ်းနီတောင့်များ လိုအပ်နေ၍ မြေခွေးအဖွဲ့က အလှူငွေ ထည့်ဝင်ကြရန် ဆော်သြနေလေသည်။ Project ကာလ ၁၅ ရက်အတွင်း သိန်း ၃၀၀ သတ်မှတ်ထားသည်ဟုဆို၏။ ဒါတင်ပဲလားဆိုလျှင် မဟုတ်သေးဟု ဆိုရမည်ဖြစ်သည်။ 'မေတ္တာလုံခြုံလို့ လုံပါစေ' ဟုဆိုကာ ကျည်ကာတစ်စုံလျှင် ကျပ် ၂၃ သိန်းနှင့် ၁၀ စုံစာ ကျပ်သိန်း ၂၃၀ အလှူခံပြန်သည်။ သည် Project ကာလကို တစ်လတိတိ သတ်မှတ်ထားသည်ဟု ဆိုလေသည်။ မန္တလေးမြို့ကို တိုက်ပွဲများဖော် ဆောင်ရန် မန်းသူမန်းသားများထံ အလှူခံခြင်း ဖြစ်နေလေသည်။ မန်းကိုဖျက်မည့်အကြံကို မန်းသူမန်းသားများက လက်မခံဟု ထင်ပါသည်။ ရှေ့ကအလှူခံသည့် အကြောင်းအရာ တစ်ခုတင်လိုက် နောက်က အကြောင်းအရာက အလှူငွေထည့်ဝင်သူ နည်းပါးကြောင်း ညည်းညူလိုက်နှင့် ခိုသိုက်နားတွင် နေထိုင်ရသကဲ့သို့ ဖြစ်နေလေသည်။ ထိုမျှမက မည်ကဲ့သို့ ဖြစ်သွားသည်မသိဟု ဆိုရမည်ဖြစ်သည်။ မန်းမြေက PDF တို့က 'အရေးကြီးပြီ ညီနောင်အပေါင်းတို့'ဟုဆိုကာ "MDY-PDF" နှင့်အတူ ပြည်တော် ဝင်မယ့် စစ်သည်တော်အသစ်များကို ခေါ်ယူနေပါပြီဟု လူသစ်စုနေ၏။ တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ကျွန်တော်တို့ MDY PDF ဟာ တောင်စဉ်တောင်တန်း တွေကတစ်ဆင့် ဧရာဝတီ မြစ်ကမ်းနံဘေးအထိ ချီတက်လို့ ရောက်ရှိလာခဲ့ပြီဖြစ် ကြောင်း၊ ထို့ကြောင့် တော်လှန်ရေး ခရီးသွားဖော်များ လိုအပ်နေကြောင်း တော်လှန်ရေး စစ်သည်စစ်မေများစွာ လိုအပ်လျက် ရှိနေသည်ဟု ရေးထားသည်။ သဘောပေါက်ကုန်ကြပြီထင်ပါ၏။ သူတို့၏ ရည်ရွယ်ချက် သူတို့၏ လုပ်ရပ်များက မန်းမြေကို စစ်တလင်း သွင်းမည့် အကြံကို မန်းသူမန်းသားများက အလှူငွေလည်း မထည့်၊ လူခေါ်လည်းမဝင်နှင့် သည်ရက်ပိုင်း မန်း PDF တို့၏ မြေခွေးများ၏ အော်သံက တော်လှန်ရေး အမည်တပ်သူများကြားထဲတွင် အကျယ်လောင်ဆုံး ဖြစ်နေလေသည်ကို သတိပြုမိပါ၏။ မန်းမြေနှင့်တကွ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာရှိပါစေ။  ရွှေထီး 
 
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၄၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 320

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42978

© 2022 - 2025 News. All Rights Reserved.