နဂါးကို သားရေကွင်းနဲ့ ပစ်ကြသူများ

၂၀၂၄ စက်တင်ဘာ ၁၃
    အမေရိကန်နိုင်ငံ လျှို့ဝှက်ဓာတ်ခွဲခန်းကြီးအတွင်း၌ လူတစ်စုအလုပ်ရှုပ်နေကြသည်။ သုံးနှစ်သုံးမိုး ကမ္ဘာ့နိုင်ငံအသီးအသီးက အလှူငွေဒေါ်လာ ဘီလီယံချီ အလှူခံထားသည့်ငွေများကို အသုံးပြုကာ တီထွင်မှုတစ်ခု ပြုလုပ်နေသည်။ Dragonfly Laboratory ဟု အမည်ပေးထားပြီး ဓာတ်ခွဲခန်းအနီးတစ်ဝိုက် အခြားမည်သူ့ကိုမှ အကပ်မခံဘဲ တိတ်တဆိတ် စမ်းသပ်နေခြင်းဖြစ်သည်။ ဓာတ်ခွဲခန်းအတွင်းက သိပ္ပံပညာရှင်အားလုံး တစ်ယောက်နှင့်တစ်ယောက် တီးတိုးတိုင်ပင်နေကြပြီး တစ်ကမ္ဘာလုံးကလည်း ဒေါ်လာဘီလီယံချီ အကုန်အကျခံကာ လှူဒါန်းပေးကမ်းထားခြင်းကြောင့် ကမ္ဘာကျော်သတင်း ရုပ်သံလိုင်းတွေက တိုက်ရိုက်ပြသမှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေကြသည်။ ယခုတစ်ကြိမ် သိပ္ပံပညာရှင်လူတစ်စု၏ တီထွင်စမ်းသပ်နေမှုအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်စားမှုစစ်တမ်း ကောက်ကြည့်ရာတွင် ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်က  ဗော့စတော့ (၁)အမည်ရ လူလိုက်ပါနိုင်သည့် ပထမဆုံးအကာသယာဉ် လွှတ်တင်မှုထက် ပိုမိုစိတ်ဝင်စားနေကြသည်။ ထိုကမ္ဘာ့ပထမဆုံး လူလိုက်ပါနိုင်သည့် ပျံသန်းမှုတွင် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင် အာကာသသို့ လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းထက် ယခု Dragonfly Laboratory  ၏ တီထွင်ဖန်တီးမှုက နိုင်ငံတကာ စိတ်ဝင်စားမှု ပိုမိုရရှိထားခြင်းဖြစ်သည်။ 
    Dragonfly Laboratory ကို အမေရိကန်နိုင်ငံ၏ လျှို့ဝှက်နေရာ ဧရိယာ ၅၁ အနီးတည်ဆောက်ထား ခြင်းကြောင့် စစ်ရေးအရ အင်မတန် လျှို့ဝှက်သောနေရာဖြစ်သဖြင့် နိုင်ငံတကာက ပိုမိုစိတ်ဝင်စားကြတာ ဖြစ်သည်။ အကြောင်းမူကား မြန်မာနိုင်ငံတော်လှန်ရေးအတွက်ဟုဆိုကာ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာလူမျိုး သိပ္ပံပညာရှင်များကိုယ်တိုင် ဦးဆောင်ကာ ဆောင်ရွက်နေသည့် ဓာတ်ခွဲခန်းဖြစ်တာကြောင့် အိမ်ရှင် အမေရိကန်ကိုယ်တိုင်ကပင် စိုးရိမ်စိတ်လေးတော့ ဝင်မိနေသည်။ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် စစ်လက်နက် ပစ္စည်းပေါင်းများစွာကို ကမ္ဘာ့ စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်းများစွာက ဝယ်ယူနိုင်သော်လည်း မြန်မာသိပ္ပံပညာရှင်များ က မဝယ်ယူကြပေ။ သုံးနှစ်ကျော်ကြာ အလှူခံခဲ့ပြီး Dragonfly Laboratory ကိုတည်ထောင်ကာ ကမ္ဘာကျော်လေ ယာဉ်ပစ်လက်နက်ကြီးကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ ခေတ်မီဝေဟင်ပစ် လက်နက်ထုတ်လုပ်သုံးစွဲ နေကြသော နိုင်ငံကြီးအားလုံးကလည်း သူတို့ဆီက နည်းပညာတစ်စွန်းတစ်စတောင် မယူဘဲ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ပညာရှင်ကြီးများကိုယ်တိုင် နည်းပညာဖြင့် ဖန်တီးမည်ဟူသော ဝေဟင်ပစ်လက်နက်ကြီးကို မျှော်တလင့်လင့် ဖြစ်နေကြသည်။
    ပိုမိုစိတ်ဝင်စားစရာ ကောင်းလှသည်က Dragonfly Laboratory က စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို မည်သည့်နိုင်ငံကမှ မှာယူတင်သွင်းခြင်းမရှိတာကြောင့် မည်သည့် စစ်ရေးထုတ်ကုန် ကုန်ကြမ်းများကို အသုံးပြုနေသလဲဆိုတာပင်ဖြစ်သည်။ ကမ္ဘာကျော် စစ်လက်နက်ထုတ်လုပ် ရေးကုမ္ပဏီကြီးများကလည်း မြန်မာ့တော်လှန်ရေးခေါင်းဆောင် သိပ္ပံပညာရှင်ကြီးများထုတ်လုပ်မည့် လက်နက်ကုန်ကြမ်းတင်သွင်းဝယ်ယူမှုကို အစဉ်တစိုက်နားစွင့် နေကြသည်။ ထို့အတူ သတင်းဌာနကြီးတွေကလည်း နေ့စဉ် Dragonfly Laboratory  အကြောင်းကို ရသမျှ သတင်းအတိုများ ထုတ်လွှင့်လျက်ရှိသည်။ ယုတ်စွအဆုံး တော်လှန်သိပ္ပံပညာရှင် ဒေါက်တာဂျော်ဂျီစိုး၏ နဖူးတွင် ဆံပင်များ တစ်စတစ်စ လျော့နည်းပပျောက်လာကြောင်း၊ ဒေါက်တာချာချာဆိုသူမှာ မြန်မာနိုင်ငံအတွင်းက တက္ကစီသမားအယောင်ဆောင် ထွက်ပြေးလာစဉ် စစ်လက်နက်ထုတ်လုပ်သည့် ကုန်ကြမ်းများ တစ်ပါတည်း ယူဆောင်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ တချို့ ပါပါရာဇီသတင်းသမားများကလည်း အမျိုးသမီး တော်လှန်သိပ္ပံပညာရှင် ဒေါက်တာပန်ပန်၏ ကိုယ်ပိုင်စတိုးဆိုင်အနီး ချဉ်းကပ်ကာ ကုန်ပစ္စည်းဝယ်ယူရောင်းချမှုမှ သံသယဖြစ်ဖွယ်ရာ စာရင်းအချက်အလက်များကို ရယူကြလေသည်။ ယနေ့စတိုးဆိုင်အတွက် ငါးခူကြော် များရောက်ရှိကာ ငါခူးကြော်နှင့် ငါးကျည်း ကြော်ထုတ်များအတွက် တိုက်တေနီယံနှင် ယူရေနီယံသတ္တုများရောနှော သယ်ဆောင်လာသယောင်၊ ပုစွန်ခေါင်းများအတွင်း ကြေးနီသတ္တုများ ထည့်သွင်သယ်ဆောင်လာသယောင် အများသူငှာ စိတ်ဝင်စားမှုပိုမိုမြင့်တက်စေရန် ရေးသားကြသည်။ 
    စစ်ပွဲတွေမှာ လေယာဉ်သုံးတာကြောင့်  မြန်မာပြည်မှာ ကျန်ရစ်နေသည့် တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ၏ ရင်ဝယ်သားသမီးများ မာလကီးယားနေသည့် သတင်းကလည်း နေ့စဉ်သတင်း စာမျက်နှာထက်တွင် တွေ့နေရသည်။ ထို့ကြောင့် တော်လှန်ခေါင်းဆောင်ပညာရှင်ကြီးများ ထုတ်လုပ်လာမည့် စစ်လက်နက်ပစ္စည်းကို မြန်မြန်ဆန်ဆန် အသုံးပြုလိုကြခြင်း ဖြစ်သည်။ ခေါင်းဆောင်ကြီးတွေကလည်း တစ်ဖက်တွင် ဓာတ်ခွဲခန်းအတွင်း အလုပ်ရှုပ်နေသည့်ကြားမှာ တစ်ခါတလေ ဓာတ်ခွဲခန်းအတွင်းက ထွက်လာကာ လောလောဆယ် ပြည်သာဖို့ ကျည်ကာစို့၊ မြို့သိမ်းဖို့ ကျည် ကာဝတ်စုံဝတ်ကြစို့ဟု ကြွေးကြော်ကာ လောလောဆယ် ကျည်ကာဝတ်စုံတွေ ဝတ်ထားရန် လိုအပ်တာ ကြောင့် နိုင်ငံတကာရောက် မြန်မာလူမျိုးများထံ ကျည်ကာဝတ်စုံများ အလှူခံကြလေသည်။ ဒီကြားထဲ တော်လှန်ရေး ခေါင်းဆောင်ကြီးတစ်ယောက်၏ သားနှင့်သမီးကလည်း လက်နက်ဝယ်ရန်ဟုဆိုကာ စင်ကာပူဒေါ်လာငါးသောင်းကျော် အပျောက်ရိုက်သွားတာကြောင့် နာမည်ကျော် သတင်းဌာနကြီးတွေ တစ်ဖက်လှည့်ရေးကြပြန်သည်။
    Dragonfly Laboratory အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို စင်ကာပူမှဝယ်တာ ဖြစ်နိုင်ကြောင်းကို "ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ စင်ကာပူဒေါ်လာ ငါးသောင်း"၊ "စင်ကာပူဒေါ်လာ ငါးသောင်းနှင့် လူနှစ်ယောက် ဘာလဲဘယ်လဲ"ဟုဆိုကာ သတင်းဆောင်းပါးများ ဝေေ၀ဆာဆာ ဖော်ပြကြလေသည်။ 
    မည်သို့ပင်ဆိုစေကာမူ Dragonfly Labora-tory ၏ လျှို့ဝှက်စွာ သိုသိပ်မှုကြောင့် အမေရိကန်ဒေါ်လာ ငွေအုပ်လိုက်သာ ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီး မည်သည့်စစ်လက်နက်ပစ္စည်းမှ ပြန်ထွက်လာခြင်းမရှိတာကြောင့် စိတ်ဝင်စားမှုက တစ်စတစ်စ မြင့်တက်လာခဲ့ကြသည်။
    ထို့အပြင် မြန်မာ့တော်လှန်ရေးအတွက်ဟုဆိုကာ လစဉ်လတိုင်း အမေရိကန်နိုင်ငံကို လာရောက်ခိုလှုံခွင့် တောင်းခံသူများတစ်စတစ်စ ပိုမိုများပြားလာတာကြောင့်လည်း အမေရိကန် အထူးထောက်လှမ်းရေးအဖွဲ့ ကလည်း အာရုံစိုက်နေရသည်။
    လာရောက်ကြသူ အားလုံးမှာလည်း စက်ရုံ တစ်ခုတည်းက ထုတ်လိုက်သော စက်ရုပ်ကြီးများသဖွယ်"ငါတို့နိုင်တော့မှာ"ဟု ဟစ်ကြွေးကာ အမေရိကန်နိုင်ငံ နယူးယောက်လေဆိပ်ကို တစ်လတစ်လ အလုံးအရင်း နှင့်လာရောက်ကြလေသည်။ တချို့ကလည်း "ငါတို့ အိမ် ပြန်ရတော့မယ်"ဟု ဟစ်ကြွေး နေလေ့ရှိပြီး ကျန်တာဘာမှ မေးမရကြောင်း သတင်းဌာနများက ဖော်ပြလေသည်။ 
    အားလုံးမျှော်လင့်သည့် ရက်ရောက်လာပြီဖြစ် သည်။ Dragonfly Laboratory  မှနေ၍ ခြောက်လက်မ ပတ်လည်ခန့်ရှိသော ကတ္တီပါဘူးလေး တစ်ဘူးကိုကိုင်ကာ မြန်မာ့တော်လှန်ရေး သိပ္ပံပညာရှင်ကြီးများ ထွက်လာကြသည်။ သတင်းဌာနအသီးသီး၏ ကင်မရာများကလည်း တဖျတ်ဖျတ် မှတ်တမ်းတင်နေကြသည်။ အားလုံး၏ အာရုံကတော့  ကတ္တီပါဘူးလေးဆီသို့ ရောက်ရှိနေ သည်။ ဒေါက်တာဂျော်ဂျီစိုးက ကတ္တီပါဘူးလေးကို ဖွင့်ပြ လိုက်ရာ တစ်ကမ္ဘာလုံး အံ့သြမှင်သက်သွားကြသည်။ အားလုံးကလည်း  "Rubber ring" တညီတညွတ်တည်း အာမေဋိတ်အသံများ ထွက်ကုန်သည်။ သုံးနှစ်သုံးမိုး အလှူခံကာ ဆောင်ရွက်လာသည့် ဓာတ်ခွဲခန်းကြီးဆီက ထွက်လာသည့်လက်နက်က "သားရေကွင်း"များပင် ဖြစ် သည်။ ဒေါ်လာဘီလီယံချီ ပျောက်ချင်းမလှပျောက်သွား ပြီး သားရေကွင်းများသာ ကျန်တော့သည်။ အားလုံး၏ အံ့သြမှင်သက်မှုကို ဒေါက်တာပန်ပန် ရှေ့ထွက်လာပြီး "ဒါဟာ ရိုးရိုးသားရေကွင်းမဟုတ်ပါဘူး နွေဦးသားရေ ကွင်းတွေပဲဖြစ်ပါတယ်။ လေယာဉ်ပစ်လို့ရတဲ့ သားရေ ကွင်းတွေဖြစ်ပြီး လောလောဆယ် ပစ်ခတ်ဖို့အတွက် အဆင့်မြှင့်တင်ဖို့လိုပါတယ်။ ဒါကြောင့် "စင်ကာပူက ချစ်တို့ရေ၊ ဂျပန်က ချစ်တို့ရေ၊ အမေရိကားက ချစ်တို့ရေ တော်လှန်နွေဦး လေယာဉ်ပစ်သားရေကွင်း အဆင့်မြှင့်တင်ဖို့ ကူကြပါဦး ပရောဂျက်စပြီနော် DAY 1 "ဟု ကြွေးကြော်လိုက်လေသည်။
ထူးမြတ်

Total Views ~ 398

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.