နွေဦး ကျားပန်ဂိုဏ်းကြီးနှင့် လူကုန်ကူးခံချင်သူများ

၂၀၂၅ ဇန်နဝါရီ ၁၉

    ထိုင်းနယ်စပ်မှာ တရုတ်မင်းသား Wang Xing ပျောက်သွားတယ်ဆိုတဲ့သတင်းကို ထိုင်းမီဒီဟာတွေရော၊ တရုတ်လူမှုကွန်ရက်တွေမှာရော တောမီးသဖွယ် အလျင်အမြန် ပျံ့သွားသည်။ ထိုင်း ဘက်ခြမ်းမှာ လူကုန်ကူးခံရတာဆိုတော့ ထိုင်းရဲတပ်ဖွဲ့က အလျင်အမြန် ရှာဖွေရာ ကတုံးပြောင်ပြောင်နှင့် တရုတ်မင်းသား Wang Xing ကို ပြန်တွေ့ရတော့မှ ပရိသတ်တွေ စိတ်သက်သာရာ ရတော့သည်။ သတင်းတွေအရတော့ မင်းသားမှာ ထိုင်းနိုင်ငံတွင် ရိုက်ကူးရေးလုပ်ရန် ရှန်ဟိုင်းမှ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ ရောက်ရှိစဉ်  ပျောက်ဆုံးခဲ့ခြင်း ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ အနုပညာရှင်တစ်ယောက် ဘေးမသီရန်မခဘဲ ပြန်တွေ့ရတာတော့ ဝမ်းသာမိသည်။ သတင်းတွေ တီးခေါက်ကြည့်တော့ ကျားဖျန့်ဂိုဏ်းက လူကုန်ကူးသွားတာဟုဆိုသည်။ နောက်တော့လည်း နှစ်နိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းကယ်ထုတ်လိုက်တာ မင်းသားတစ်ယောက် လွတ်မြောက်လာခြင်းဖြစ်သည်။ ဒရမ်မာတွေ၊ အက်ရှင်တွေ ထည့်ရိုက်လိုက်ရင်တော့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်လာနိုင်သည်။ အမှန်အတိုင်းပြောရရင် တရုတ်ဇာတ်ကားတွေအများကြီးသာ ကြည့်ဖူးတာ မင်းသား Wang Xing ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားတွေတော့ မကြည့်ဖူးချေ။ မည်သို့ပင်ဆိုစေ ကျားဖျန့်ဟူသော ဂိုဏ်းကြီးတွေကို တရုတ်အနုပညာရပ်ဝန်း၊ ထိုင်းပရိသတ်၊ မြန်မာပရိသတ်တွေ သိသွားတာက ဗဟုသုတပင်ဖြစ်သည်။ နာမည်ကြီး အနုပညာရှင်တစ်ယောက်ကိုတောင် လူကုန်ကူးနိုင်သည့် ဂိုဏ်းဆိုပြီး နာမည်ရသွားသည်။ 
    မြန်မာနဲ့ ထိုင်းနယ်စပ်မှာ ကျားဖျန့်ဂိုဏ်းထက် ပိရိသည့် လူကုန်ကူးသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ရှိသေးတယ်ဟုပြောရင် အားလုံး မျက်လုံးပြူးကုန်ကြမည် ထင်သည်။ အလွယ်ခေါ်ရင်တော့ နွေဦးကျားပန်ဟု ခေါ်ရမည်ဖြစ်သည်။ လူကုန်ကူးတာကမှ ဆရာဝန်ကြီးတွေ၊ ဆရာကြီးတွေ၊ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ အဆိုတော်တွေပါမချန် လူကုန်ကူးကြတာ ဖြစ်သည်။ ကျားဖျန့်ဂိုဏ်းလို တွေ့ကရာလူ လူကုန်ကူးပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သည့် ဂိုဏ်းမဟုတ်ဘဲ လူလေး၊ ငါး၊ ၁၀ ယောက် လောက်နဲ့ ပိပိရိရိလှုပ်ရှားသည့် ဂိုဏ်းဖြစ်တာကြောင့် လူသိပ်မသိတာဖြစ်သည်။ ထိုလူကုန်ကူး ဂိုဏ်းခေါင်းဆောင်တွေက အင်မတန်ပိရိလှသည်။ ၂၀၂၁ ခုနှစ်လောက်ကတည်းက နယ်စပ်မှာ နွေဦးကျားပန်ဂိုဏ်းကို စတင်တည်ထောင်ပြီး ဂိုဏ်းခေါင်းဆောင်တွေက ပြည်ပနိုင်ငံအသီးသီးမှ ဖြန့်ခွဲ့နေရာ ယူထားကြတာ ဖြစ်သည်။ ငွေလိမ်ဂိုဏ်းတွေလို လူဦးရေ အများကြီးမလို၊ ကွန်ပျူတာအလုံးရေ ထောင်ချီမလို၊ အဆောက်အအုံအကြီးကြီးတွေမလိုဘဲ ဂိုဏ်းခေါင်းဆောင် တစ်ယောက်လျှင် ဖုန်းတစ် ယောက်တစ်လုံးစီ ရှိရုံဖြင့် လူကုန်ကူးနိုင်သော ဂိုဏ်းကြီး ဖြစ်သည်။ 
    နွေဦးကျားပန်ဂိုဏ်းကတော့ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေနဲ့ လူကုန်ကူးမည့်သူများကို ပစ်မှတ်ထားတာဖြစ်သည်။ ကနဦး ဂိုဏ်းခေါင်းဆောင်တွေက နယ်စပ်မှာနေရာယူပြီး ပြေးကြဟေ့ဆိုပြီး အသံလွှင့်လိုက်ရုံဖြင့် မြန်မာနိုင်ငံအတွင်းက ဒါရိုက်တာတွေ၊ မင်းသားတွေ၊ မင်းသမီးတွေ၊ မော်ဒယ်တွေ၊ အဆိုတော်တွေနှင့် ယုတ်စွအဆုံး မိတ်ကပ်ပြင်သည့် မာမီတွေပါမကျန် အလုံးအရင်း ထွက်ပြေးကြသည်။ မည်သူက ဖမ်းလို့ထွက် ပြေးကြတာလဲမေးရင် ဘယ်သူမှမဖမ်းဘဲ နွေဦးကျားပန် ဂိုဏ်းကြီးက တော်လှန်ချူသံလေး ပေးလိုက်တာနဲ့တင် ပြေးကြတာ ဖြစ်သည်။ နာမည်ကြီးတွေသာမက နာမည် မကြီးသူတွေကလည်း ရောယောင်ပြီး ပြေးလိုက်ကြတာ  ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်တာတောင် 'ဆာဝါဒီခပ်' အစား 'တော်လှန်နံ နက်ခင်းပါ'ဆိုတာမျိုး ဖြစ်ကုန်သည်အထိ ကိုယ့်စရိတ်ကိုယ်စား လူကုန်ကူးခံရသူ များပြားခဲ့သည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံက မီဒီယာတွေ၊ အနုပညာ ရှင်တွေများ တရုတ်မင်းသားတစ်ယောက် လူကုန်ကူးခံရ တာကို မျက်ကလူးဆန်ပြာ ဖြစ်နေတာမြင်ရတော့ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်လမ်းတွဲ အပိုင်းတစ် ထောင်လောက် ရိုက်လို့ရသည့် အနုပညာရှင်တွေ လူကုန်ကူးခံရတာများမြင်ရင် ဘယ်လိုတောင်နေမလဲဟု တွေးမိသေးသည်။ 
    ဒီလိုနှင့်နယ်စပ်မှာ အင်အားလေးများလာတော့ နွေဦးကျားပန်ခေါင်းဆောင်တွေက လက်အောက် ငယ်သားခေါင်းဆောင် ပေါက်စလေးတွေကို ထားခဲ့ပြီး အမေရိကားတို့၊ သြဇီတို့ကို အသာအယာလေး လစ်ကုန်ကြသည်။ ဒီတော့မှ နွေဦးကျားပန်ဂိုဏ်းက စတင်လှုပ်ရှားတာ ဖြစ်သည်။ အမေရိကားမှာ ဆူရှီလိပ်သမား၊ ငါးကြော်ရောင်းသမားများ အသွင်ဆောင်ကာ ၎င်းတို့ကိုယ် တိုင်ပင်ပန်းဆင်းရဲကြီးစွာ လှုပ်ရှားနေရကြောင်း သရုပ်ဆောင်ပြသည်။ ဒီလိုဆိုတော့ ကိုယ့်စရိတ်ကိုယ်စားပြီး လူကုန်ကူးခံရသော နာမည်ကြီး မင်းသားတွေကလည်း မနေသာတော့ဘဲ အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်၊ နာမည်ကြီး အဆိုတော်တွေလည်း မိုက်ကိုင်ရမည့်အစား ရေညှိလိပ်ကြီးတွေကိုင်ကာ ဆူရှီလိပ်ရလေတော့ သည်။ အင်မတန် ဇာတ်ညွှန်းကောင်းသော ဂိုဏ်းကြီးပင် ဖြစ်သည်။ ဒီလိုနှင့်ရက်ကို လစား၊ လကိုနှစ်စားပြီး နှစ်ကြာလာတော့ ဂိုဏ်းခေါင်းဆောင်တွေ အသွင်ပြောင်းလာရသည်။ အရင်လို ဆူရှီလိပ်တာမျိုး မလုပ်တော့ဘဲ အသွင်ယူ စတိုးဆိုင်ကြီးတွေဖွင့်၊ အသွင်ယူ အိမ်ဝယ်၊ ကားဝယ် ကြသည်။ လူကုန်ကူးခံရမှန်းမသိသော နာမည်ကြီး အနုပညာရှင်တွေမှာတော့ ဆူရှီလိပ်သည့် ဘဝကနေ တစ်ဆင့်တက်ကာ ဒယ်လီပို့တဲ့သူတွေ ဖြစ်ကုန်ကြသည်။ လူကုန်ကူးခံရသော တရုတ်မင်းသားလို လိုက်ကယ်ရအောင်လည်း သူတို့ကိုယ်တိုင်က ကျေကျေနပ်နပ်ကြီးခံတာပင် ဖြစ်သည်။ တစ်နှစ်မှာတစ်ခါလောက် ရှိုးပွဲလေးတွေလုပ်ပေး၊ ဂိုဏ်းက ရာခိုင်နှုန်း ၈၀ လောက်ယူ ဆိုတဲ့သူက ရာခိုင်နှုန်း ၂၀လောက်ရကာ နွေဦးကျားပန်ဂိုဏ်းက ကောင်းကောင်းကြီး အသုံးချနေကြသည်။ 
    နွေဦးကျားပန်ဂိုဏ်းကြီးရဲ့ ခေါင်းဆောင်ကြီးကတော့ အင်မတန် သရုပ်ဆောင်ကောင်းသလို ပရိသတ် အခိုင်အမာရှိသည်။ ဂိုဏ်းကငွေတွေကို ခိုးနေပါတယ်ဆိုပြီး စွပ်စွဲရင်လည်း ခပ်တည်တည်ပဲ ဖေ့စ်ဘုတ်ကနေ Live လေးလွှင့်ကာ ပြန်ကလော်တုတ်လိုက်ရင် မီးကို ရေနဲ့ငြှိမ်းလိုက်သလို ရှဲကုန်ကြသည်။ တစ်ကမ္ဘာလုံးက ခိုးတယ်ဆိုရင်လည်း လိပ်ပြာလုံကြောင်း စာစီစာကုံးဆယ်ကြောင်းလောက် ရေးလိုက်ရင် သူတော်စင်မကြီးသဖွယ် အားလုံးက ရိုသေလေးစားကြသည်။ ဂိုဏ်းခေါင်းဆောင်ကြီး၏ နောက်လိုက်ကြီးများကလည်း ခိုးစာကမ်းစာလေးတွေနဲ့ ရပ်တည်နေတာကြောင့် ခေါင်းဆောင်ကြီး ခြယ်လှယ်မှုကို မသိချင်ယောင် ဆောင်နေကြရသည်။လက်ခံရာ နိုင်ငံကြီးကတောင် ကျားပန်ဂိုဏ်းကြီး ရဲ့ ပိပိရိရိလှုပ်ရှားမှုကို မသိဘဲ လူကုန်ကူးမှုကို တစ်ဖက်တစ်လမ်းက လက်ခံပေးနေရသေးသည်။ 
    နွေဦးကျားပန်ဂိုဏ်းကြီး၏ ပင်မအလုပ်ကတော့ အလှူခံတာ ဖြစ်သည်။ အင်မတန် ထက်မြက်လှသော ဂိုဏ်းခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က ပရောဂျက်ပေါင်းစုံ၊ နာမည်ပေါင်းစုံနဲ့ အလှူခံတာ ဖြစ်ပြီး ကျေကျေနပ်နပ်ကြီး ခံလိုက်ရသူတွေလည်း မနည်းမနောပင် ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်တွေ ကိုယ်တိုင်ဦးဆောင်ကာ ပိပိရိရိ ဘွန်းတွေရောင်းတော့လည်း စက္ကူစုတ်တွေကို ဒေါ်လာတွေ ပေးဝယ်ကြ၊ ဘဏ်ဆိုတော့လည်း ရှယ်ယာတွေ အလုအယက်ဝယ်ကြ၊ ဒရက်ဂွန်ဖလိုင်းဆို တော့လည်း ဖလိုင်းလိုက်ကြ ပျော်ပျော်ပါးပါး အလိမ်ခံ လိုက်ရသေးသည်။ နွေဦးကျားပန်ဂိုဏ်းကို လိမ်ပါတယ်၊ ခိုးပါတယ်ပြောရင် ပြောတဲ့သူကို ဂိုဏ်းက အုပ်စုလိုက်ကြီး ဝိုင်းကလော်တုတ်တာနဲ့ နေစရာနေရာ မရှိအောင် ဖြစ်သွားတတ်သည်။ တစ်ခါတလေ ဂိုဏ်းခေါင်းဆောင် ပေါက်စတွေက ဂိုဏ်းကိုစာရင်း စစ်ချင်ပါတယ်လို့ ပြောမိရုံဖြင့် အစဖျောက်ခံရတတ်သေးသည်။ ဒါကြောင့် နွေဦးကျားပန် ဂိုဏ်းခေါင်း ဆောင်တွေ ဘာလုပ်လုပ် မသိချင်ယောင်ဆောင်ပြီး နေကြရတာ ဖြစ်သည်။ နွေဦးကျား ပန်ဂိုဏ်းကြီး လူကုန်ကူးတာကို ယနေ့အထိ မသိချင်ယောင်ဆောင်နေ ကြရသူများကလည်း မဲဆောက်တွင် ကျန် နေသေးသည်။ တချို့ကလည်း လူကုန်ကူးခံရတာခြင်းအတူတူ မဲဆောက်လောက်မှာ တစ်နေကြတော့ ဂိုဏ်းသင်္ကေတဖြစ်သည့် လက်သုံးချောင်း လေးထောင်ကာ အမေရိကားလောက်ထိ လူကုန်ကူးခံရဖို့ စောင့်စားနေကြရသည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42885

© 2022 - 2025 News. All Rights Reserved.