မယ်နုတော့ဖြင့် လက်လန်တယ်

၂၀၂၅ ဇန်နဝါရီ ၄

    ဆောင်းရာသီ အခါသမယဆိုတော့လည်း မောင်ထူးမြတ်တစ်ယောက် ရာသီပေါ် မန်ကျည်းရွက်နုသုပ်လေးကို ငါးခြောက်ဖုတ်လေးနဲ့ ထမင်းစားပြီးတရေးတမော အိပ်ပျော်သွားလေသည်။ ရုတ်တရက် နားထဲသို့ "မောင်မင်းထစမ်း မိဖုရားခေါင်ကြီး ကြွချီတော်မူလာတယ်။ ထပြီး ခစားစမ်း"ဆိုသည့် အသံကြားလေရာ ရုတ်တရက် ထထိုင်မိရပ်သား ဖြစ်သွားသည်။ သလွန်တော်ညောင်စောင်းထက် တစ်ခြမ်းစောင်း ထိုင်နေသည့် အသက် အရွယ်ကြီးရင့်သော်လည်း တည်ကြည်ခံ့ညားပြီး ဇာတ်ဝတ်ဇာတ်စား ဝတ်ဆင်ထားသော အမျိုးသမီးကြီးတစ်ဦးနှင့် ယပ်တော်သွင်းနေသည့် အမျိုးသမီးငယ်နှစ်ဦး၊ ဇာတ်ထဲက ရဲမက်ဝတ်စုံ ဝတ်ဆင်ထားသော လူသုံးဦးကို တွေ့လိုက်ရသည်။
    "ခင်ဗျားတို့က ဘယ်ဇာတ်ကလည်း ပဲခူးရွှေမော်ဓောက ပွဲကူးလာကြတာလား"ဟု မေးမိလေရာ     "တောက်ရာရာစစ ငါတို့က Time Traveller တွေကွ သလွန်ညောင်စောင်းထက်က မယ်မယ်ဘုရားက အခြားသူမဟုတ်ဘူး ဆင်ဖြူရှင်မယ်လို့ခေါ်တဲ့ မိဖုရားကြီး နန်းမတော်မယ်နု"ဟု ဆိုလေသည်။ မောင်ထူးမြတ်လေးတစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားလေသည်။ အချိန်ခရီးသွားဆိုတာကလည်း ခုခေတ်မှာ ယူကျူ့ကနေ ဟိုတစ်စ ဒီတစ်စ ဗီဒီယိုလေးတွေ ကြည့်ဖူးထားတာကြောင့် ယုံရခက်ခက်ဖြစ်နေသည်။ "ကဲထားပါ ဇာတ်ထဲ ကပဲဖြစ်ဖြစ်၊ နန်းမတော်ပဲဖြစ်ဖြစ် လိုရင်းကိစ္စပြော"ဟု ဆိုလိုက်လေသည်။
    "မောင်မင်း ကျန်းခံသာလို့ မာပါစ၊ ပွဲတော်တည်ပြီးပလား မောင်မင်း"ဟု ဘုရင်မကြီးဆိုသူက အင်မတန် ကြည်လင်ပြတ်သားသော အသံနှင့် နှုတ်ဆက် စကားဆိုလေသည်။ ထီးသုံးနန်းသုံး စကားများကို ရာဇဝင်ထဲမှာ မတောက်တစ်ခေါက် ဖတ်ဖူးတာကြောင့် "စားပြီးပါပကော ခုလေးတင် ငါး ခြောက်ဖုတ်လေးနဲ့မန်ကျည်း ရွက်နုနုလေး သုပ်စားပြီးပြီ"ဟု ပြောလေရာ ဘုရင်မကြီးမျက်နှာ ခက်ထန်သွားပြီး "တယ်ငမိုက်သား မလေးမစား မန်ကျည်းရွက်ကို နုတယ်လို့ ငါ့လို မိဖုရားခေါင်ကြီးရှေ့ မှာ သုံးဝံ့တယ်။ မန်ကျည်းရွက်ကို ထွတ်တယ်လို့ သုံးဖို့ ငါ့အမိန့်တော်မှတ်ထားတာ မသိရိုးလား"ဟု ပြောလေသည်။ "ဒီမှာကြီးတော် ခုခေတ်က ၂၀၂၅ ခုနှစ်တောင် ရောက်နေပြီ ကြီးတော်တို့ခေတ်ကလို မဟုတ်တော့ဘူးဗျ"ဟု ပြန်ပြောလေရာ မိဖုရားခေါင်ကြီး ခေတ္တမျှ တွေဝေသွားကာ "ဟုတ်ပေသားပဲ ငါတို့က Time Traveller တွေပဲ။ ကဲထားပါတော့ မောင်မင်းတို့ ခုခေတ်ကာလ အခြေအနေကို သိချင်လို့ အချိန်ခရီးသွားလာရတာ ဟိုမှာက ငါ့လိုမယ်ဖုရားကို တောင်သမန်မှာ ရေချကွက်မျက်ဖို့ လုပ်နေကြတယ်။ ခုခေတ်အခြေအနေ လျှောက်တင်စမ်း"ဟု ရာဇသံဖြင့် ပြောလေသည်။ ဒီတော့ မောင်ထူး မြတ်လေးတစ်ယောက် မိဖုရားခေါင်ကြီးကို ဆရာလုပ်ဖို့ အချိန်ကျလာပြီဖြစ်သည်။ "ဒီမှာကြီးတော် ခုခေတ်က ကြီးတော်တို့ ခေတ်ကလို သတင်းစုံစမ်းဖို့ဆိုတာ အထောက်တော်တွေ၊ စာချွန်တော်ပို့တဲ့သူ တွေ မလိုတော့ဘူး။ ဖေ့စ်ဘုတ်ဆိုတာ ဖွင့်လိုက်ရင် တိုင်းရေးပြည်ရေး အကုန်သိသွားရော ကြီးတော်ရေ  ဒါကြောင့် ဖေ့စ်ဘုတ်သာဖွင့်"ဟု ဆရာလုပ်ရတော့ သည်။
    မိဖုရားခေါင်ကြီး မယ်နုနှင့် နောက်လိုက် နောက်ပါများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ "ကဲ မောင်မင်းပြောတဲ့ ဖေ့စ်ဘုတ်တော်ကြီးကိုဖွင့် လိုက်ဟယ်။ တိုင်းရေးပြည်ရာ သိရအောင်"ဟု ပြောလေသည်။ "ဒီမှာကြီးတော် ဖေ့စ်ဘုတ်က ဖေ့စ်ဘုတ်ပဲ ဖေ့စ်ဘုတ်တော်ဆိုတာ မရှိဘူး။ ကြည့်ချင်ရင် ကိုယ့်နာမည်နဲ့ အကောင့်ဖွင့်မှရမယ်"ဟု ဆိုလေရာ "ကဲကဲမောင်မင်းပဲစီမံစေ"ဟု မာရေကြောရေအသံနှင့် ပြောလေသည်။ "ကဲဒီလောက်တိုင်းရေးပြည်ရာ စပ်စုချင်နေမှတော့ ပြော ယူဆာနိမ်းဖွင့် ပေးမယ်" ပြောရာ အားလုံးသံပြိုင်နှုတ်ထွက် စကားက "ယူဆာနိမ်း" ဖြစ်ကုန်ကြသည်။ "ဒီလိုဗျာ ကြီး တော်ဖေ့စ်ဘုတ်သုံးဖို့ ကြီးတော်နာမည်နဲ့ဖွင့်ရမှာ ဘယ်လို နာမည်သုံးချင်လည်း မေးတာ "သြော် ဒါများ မောင်မင်းရယ် နန်းမတော်မယ်နု"ပေါ့ဟု ဆိုလေရာ "နန်းမတော်မယ်နု"အမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်ဖွင့် ပေးလိုက်လေသည်။ "ကဲ ရပြီကြီးတော် ဖေ့စ်ဘုတ်ဖွင့်ခ အသပြာ နှစ်သောင်းကျတယ်။ ဖရန့် ၂၀၀၀ ကျော်ရှိပြီး သားအကောင့် တင်ချင်ရာတင်တော့၊ ကြည်ချင်ရာကြည့်တော့"ဟု ပြောလိုက်လေ သည်။ မိဖုရားခေါင်ကြီးဖုန်းကို ယူကာ အထက်အောက်ပွတ်ဆွဲ၍ နန်းတွင်းမှာ ရိုက်ကူးထားသည့် သူ့ဓာတ်ပုံတစ်ပုံ တင်လိုက်ပြီး မကြာခင် မိဖုရားကြီး အလန့်တကြား ထအော်သည်။ "လာဆဲကြပြီ မောင်မင်း လာဆဲနေကြပြီ"ဟု ဖုန်းကို အတင်းထိုးပေး လေသည်။ မိဖုရားကြီးဓာတ်ပုံအောက်တွင် "အကောင့်တုနဲ့ အာသီးမယောင်နဲ့၊ မယ်နုဆိုတာ ငါတို့ မေမေကိုရွဲ့ပြီး အကောင့်နာမည် ပေးတာလား၊ ရေချခံရ မမှတ်သေးဘူးလား ဒလန်စာရင်းထဲ ပါသွားမယ်၊ ဝတ်ပုံစားပုံက မေမေ စတိုင်ခိုးတာလား၊ ဝူးရှူးဝါးတွေဖြစ်ကုန်မယ်၊ ကုန်းဘောင်ခေတ်က အချိုးတွေ ၂၅ မှာ လာမချိုးနဲ့"ဆိုပြီး မြိုင် မြိုင်ဆိုင်ဆိုင် ဆဲရေး တိုင်းထွာကုန်ကြသည်။
    "ဒါကြောင့် ပြောတာကြီးတော်ရ အကောင့်နာမည်ကို ဘကြီးတော်ရဲ့ အသဲလေးလို့ ပြောင်းပေးမယ်၊ ကိုယ့်အကြောင်းကိုယ်ရေး သူများကိစ္စတွေ သွားရေးရင် ဖေ့စ်ဘုတ်မှာက အဆဲခံရတတ်တယ်" ဟု ဆရာလုပ်လိုက်ရ မိဖုရားခေါင်ကြီး မျက်နှာငယ်လေးဖြစ်သွားသည်။ ဖုန်းကို ပြန်ယူပြီး သူ့အကြောင်းဖြစ်သည့် ထဘီကိုစွန်ချီ တောင်ညာစံ မိဘုရားခေါင်ကြီးအဆောင်ပေါ်မှာ ချထားသည့်အကြောင်းရေးကာ တင်လိုက်လေပြီးမကြာ "ဆဲကြ ပြန်ပြီ မောင်မင်း ဆဲကြပြန်ပြီ"ဟု ထိတ်ထိတ်ပြာပြာ ပြောလေ၏။ "ထဘီ အစုတ်ကြီး ဘယ်လောက်တန်လို့လည်း" "ငါတို့မေမေ ထဘီလို လေလံတင်ကြည့်ပါလား"
    "တော်လှန်ရေးမှာ အာရုံလာမနောက်နဲ့နော်"၊ "မိဖုရားဆိုတာ သမ္မတအထက်မှာရှိလို့လား"၊ "အုတ်ကျောင်းထဲက လူသတ်မှုတွေ ပြန်ဖော်လိုက်ရမလား"၊ "အကောင့်ဖျက်မပြေးကြေး"ဟူသော မှတ်ချက်ပေါင်းများစွာ ရေးကြလေသည်။ " ကြီးတော်ရယ် ဖေ့စ်ဘုတ်မှာရေးတယ်ဆိုတာ လွတ်အောင် ရေးရတယ်။ ကိုယ့်အကြောင်း ရေးပေမယ့် တောင်ထင်မြောက်ထင် အထင်ခံရနိုင်တယ်။ အားလုံး သံဝေဂရစရာလေးတွေ ရေးကြည့်ဟုဆိုကာ မိဖုရားကြီး ဖုန်းကိုမရဲတရဲပြန်ယူကာ သူ့ဘဝတစ်လျှောက် လုံး နောက်ဆုံးအချိန် ဆရာတော်ကြီးဦးဗုဓ် မိန့်ခဲ့သည့်စကားကို သံဝေဂယူဖွယ် တင်လိုက်လေသည်။ "မိနု သူ့အကြွေးရှိရင် ဆပ်ရလိမ့်မယ်"ဟု ရေးတင်လိုက်သည်။ မိဖုရားကြီး ဖုန်းကို မမှိတ်မသုန်ကြည့် နေရင်း "ဆဲကြပြန် ပြီမောင်မင်းရေ လုပ်ပါဦး"ဟုဆိုကာ ဖုန်းကို အတင်းထိုး ပေးလေသည်။
    တင်ထားသည့် စတေးတပ်အောက်တွင် "အဘွားကြီး အားသီးယောင်ပြန်ပြီလား၊ အကြွေးမဟုတ်ဘူး၊ ငါတို့အလှည့်ကျရင် ပြန်ယူမယ်၊ မိနုဆိုတဲ့ အသုံးအနှုန်း ပြန်ပြင်စမ်း၊ ချက်ချင်းလွှတ်၊ ဒီဘွားတော်တော့ ကျည်အပို့ခံချင်ပြီနဲ့ တူတယ်၊ မနေချင်တော့ဘူးလား"ဟုဆိုကာ ခြိမ်းလားခြောက်လားတွေ ဖြစ်ကုန်ကြသည်။ "ကဲကြီးတော် ဘာမှမရေးတော့နဲ့ ဒါ ကြီးတော်သိချင်တဲ့ တိုင်းရေးပြည်ရေးပဲ အကောင့်နာမည်ကို မယ်မယ်ဖုရား လို့ပြောင်းလည်း ဆဲမှာပဲ၊ မယ်တော်ကြီးလို့ ပြောင်းလည်း ထပ်ဆဲကြမှာပဲ လက်ရဲဇက်ရဲတွေ မတွေ့ခင် ကုန်းဘောင်ခေတ်သာပြန်တော့၊ မဟုတ်ရင် ဟိုနန်းတွင်း အရေးကိစ္စတွေ အစပြန်ဖော်ရင် ကြီးတော် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်"ဟု ပြောရလေတော့သည်။ "အောင်မလေး မောင်မင်းရယ် ကျုပ်လက်ထက်တော်မှာ အသီး၊ အရွက်၊ အညွှန့်၊ အဖူးလေးတွေကို နုတယ်လို့မသုံးစေချင်လို့ ထွတ်တယ်လို့ တစ်ခွန်းပဲသုံးခိုင်းတာ အဆင်ပြေတယ်။ မောင်မင်းတို့ ခေတ်ကြမှာ အပြောအဆို အနေအထိုင်တွေ၊ ကန့်သတ်ချက်တွေများသား ထစ်ခနဲရှိရင် တိုင်းသူပြည်သားတွေကလည်း ဆဲရေး တိုင်းထွာတော့တာပဲ အခြေအနေမကောင်းဘူး။ ကိုယ့်ခေတ်ကို ပြန်တာ ကောင်းမယ်နဲ့တူပါတယ်။ မယ်နုတော့ဖြင့် လက်လန်တယ်"ဟု သလွန်တော်မှ ကပျာကယာ ထရပ်လေသည်။ ဖြည်းညင်းဣန္ဒြေရှိသော ရာဇဟန်ဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
    နန်းမတော်ကြီးကျောပြင်ကို ကြည့်ပြီး နန်းမတော်သည် ရာဇဝင်အချို့ ပုံဖော်သလို မုဆိုး တစ်ပိုင်း မိန်းမရိုင်းကြီးမဟုတ် အင်မတန် နူးညံ့သိမ်မွေ့သူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ကလိမ်ကျ ကောက်ကျစ်သော မျက်နှာဖြူများကို မုန်းတီးသည့် မျိုးချစ်စိတ်ဓာတ် ဖြစ်တာကြောင့် လေးစားမိသည်။ သို့သော် စကြာရေချ ဇာတ်ကြောင့် မိန်းမကြမ်းကြီးသဖွယ် နှောင်းလူများက အထင်မှားခဲ့ကြခြင်း ဖြစ်သည်။ ထိုအကြောင်းအရာကို  "ဘကြီးတော်ရဲ့ အသဲလေး" ဖေ့စ်ဘုတ်အကောင့်ကနေ အဆဲခံရတာ သက်သာနိုးနိုး တင်ကြည့်ရာ "ထင်တော့ ထင်သား မျိုးချစ်တွေရဲ့ အကောင့်တု"၊ "အကောင့်တုဖွင့်ပြီး မေမေ့ကို အရွဲ့လာတိုက်တာလား"၊ "မယ်နုတွေ၊ ဟောင်စုတွေ လာမလုပ်နဲ့ ကွိုင်အကြီးကြီး တက်သွားမယ်"ဟုဆိုကာ ဝိုင်းဆော်ပလော်တီးရာ ဆောင်းနေ့လယ် ဂယောက်ဂယက် အိပ်မက်ကနေ မောင်ထူးမြတ်လေးတစ်ယောက် ချွေးသံရွှဲရွှဲ လန့်နိုးရလေတော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 259

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42922

© 2022 - 2025 News. All Rights Reserved.