မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ မောဟပုံရိပ် တိရစ္ဆာန်ဘဝများ

၂၀၂၄ ဒီဇင်ဘာ ၁

    အမှန်လား၊ အမှားလား ခွဲခြားမသိဘဲ တွေဝေနေခြင်းဟာ မောဟရဲ့ သရုပ်ဖြစ်တယ်လို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညွှန်ပြတော်မူပါတယ်။ ဒီလိုတွေဝေနေခြင်းဟာ အမှန်တရားကို မျက်မှောက်ပြုဖို့ထက် အမှားရဲ့ လက်အောက်ခံဘဝသို့သာ သက်ဆင်းသွားရတတ်ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရဲ့နေရာမှာ စိတ်ဆိုးစိတ်မိုက်တွေသာ ဖုံးလွှမ်းသွားတတ်ပါတယ်။ အရှေ့ကိုမျှော်ပြီး အနောက်ရဲ့ ခေါ်သံတွေနောက် လိုက်ပါသွားတတ်တာ မောဟအားကြီးနေလို့ပါပဲ။ ကုသိုလ်လုပ်တယ်ပြောပြီး အကုသိုလ်တောထဲ တိုးဝင်သွားမိတတ်တာလည်း မောဟကြောင့်ပါပဲ။
    'ထိုမောဟကား ဆင်ခြင်စိတ် သတိဝင်ခွင့်မရသော အိပ်မောကျချိန်ကာလရှိ စိတ်မျိုးပမာ မည်သည့်အာရုံကိုမျှ အမိမဖမ်းနိုင်၊ သို့ကြောင့်လျှင် တောင်စဉ်ရေမရမျိုးပမာသော စိတ်ပျံ့ကျဲမှု (ဥဒ္ဒစ္စ)လည်း ပါဝင်ပတ် သက်လာရ၏။ မိပါသော်ကား မစားတတ်သေးသော ကလေးမုန့်ပေးရ သည်ပမာ ချီတုံချတုံ(ဝိစိကိစ္ဆာ)လည်း ပါဝင်လာရ၏။ ထိုငေးမောခြင်း၊ ပျံ့ကျဲခြင်း၊ ဒွိဟစွဲခြင်း သုံးမျိုးတို့သည် မောဟ၏ သတ္တိများပင် ဖြစ်ကြ၏။} (၂၀၁၁ အောက်တိုဘာ ဒု-အကြိမ်ထုတ် သုညသင်္ခါရ ကထာ၊ စာ-၁၀၀)
    သံသရာမှာ ကြုံတွေ့ရသမျှ အမှားဟူသမျှ မောဟနဲ့မကင်း၊ မောဟနဲ့အတူ 'အဟိရိက' ဆိုတဲ့အရှက်  ကင်းမဲ့ခြင်း၊ 'အနောတ္တပ္ပ'ဆိုတဲ့ မကောင်းမှု ပြုလုပ်ရမှာကို မကြောက်တော့ခြင်း (ဝါ) မကောင်းမှုဒုစရိုက်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်လာခြင်းတွေ ဖြစ်ပေါ်စေခဲ့တယ် လို့ ဆိုပါတယ်။
    'ထို မောဟဦးစီးသော အကုသိုလ်စေတသိက်တို့တွင် အဟိရိက၊ အနောတပ္ပနှစ်မျိုးတို့သည် မောဟ အားအကိုးဆုံးသော နှံဖြတ်ပိုးများတည်း။ မကောင်းမှု မှန်သမျှ မရှက်မှ လုပ်ဖြစ်သည်။ မကောင်းမှုမှန်သမျှ မလန့်မှ အထမြောက်မည်။ အကယ်တိတိ ရှက်ကြောက်နေက မကောင်းမှု၊ မှားယွင်းမှုဟူ၍ပင် မရှိနိုင်တော့ပြီ။ သို့ကြောင့် ၎င်း အဟိရိက၊ အနောတ္တပ္ပ တရားဆိုးနှစ်မျိုးတို့ကို 'ကမ္ဘာဖျက် လက်နက်ကြီးနှစ်မျိုး'ဟူ၍ သူတော်ကောင်းတိုင်းက လက်ညှိုးထိုးပြနေကြပြီ။' (စာ-၁၀၄)
    ငါစွဲ အတ္တဒိဋ္ဌိကနေ ဖြာထွက်ဆင်းသက်လာတဲ့ ဒိဋ္ဌိ ၆၂ ပါးမှာ ..သဿတဒိဋ္ဌိဆိုတဲ့ နောက်ဘဝမျှော်ဝါဒနဲ့ ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တဲ့ ဒီဘဝမှာ လုပ်ချင်တာလုပ်၊ နောင်ဘဝဆိုတာ မရှိဆိုတဲ့ 'ဘဝတုံးတိ ဝါဒသမား'တို့မှာ မောဟ လွှမ်းမိုးနေတတ်ကြပါတယ်။ ဒီဘ၀ မကောင်းမှုတွေ ရက်ရက် စက်စက် ကျူးလွန်ပြီး နောင်ဘ၀ ပြန်ခံရမှာကြောက်တော့ နောင်ဘဝမရှိလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားတဲ့ ဥစ္ဆေဒဒိဋ္ဌိစွဲသမားတွေမှာ မောဟပို ကြီးနေတတ်တယ်လို့ ဆိုပါတယ်။
    'ထိုသို့သော် အခုဘာလုပ်လုပ် လုပ်ပြီးလျှင် ပြီးရောသမားတို့မှာမူကား အဟီရိက (မကောင်းမှု၊ ဒုစရိုက်မှု ကျူးလွန်ရမှာကို မရှက်ခြင်း) အနောတပ္ပ (ဒုစရိုက်မှုကျူးလွန်ရမှာကို မကြောက်ခြင်း) များကိုသာ လက်သပ်မွေးစားထားကြတော့မည်။
    ယနေ့ လူ့လောကကြီးတစ်ခုလုံး (တစ်ကမ္ဘာလုံး) အုန်းအုန်းကျက်ကျက်၊ ဟိုတိုင်းပြည် ဗြောင် ဝင်ဖျက်၊ သည်တိုင်းပြည် ဗြောင်ဝင်ဖျက်ခြင်းများသည်လည်းကောင်း၊ သူတစ်ပါးတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ဗြောင်တစ်မျိုး၊ တိတ်တိတ်တစ်မျိုး ဝင်ဖျက်နေခြင်းများသည် လည်းကောင်း၊ ဘာသာတူ၊ မျိုးတူဖြစ်က သူတစ်ပါး သားမယားများနှင့် သားပျိုသမီးပျိုလေးများအား ဖြားယောင်းဖျက်ဆီးနေခြင်း များသည်လည်းကောင်း၊ မောဟမကင်း ဥစ္ဆေဒဒိဋ္ဌိ အဆာသွင်းထားသော အဟိရိက၊ အနောတ္တပ္ပ လက်ချက်ချည်းဖြစ်ကြရာ ကမ္ဘာကား အဝိဇ္ဇာဖုံးလွှမ်းထားသော ကမ္ဘာကြီးအဖြစ် ထိုလုပ်ရပ်တို့က ဖွင့်လှစ်ပြသနေကြပြီး ထိုအရှက်မဲ့ အကြောက်ကင်း မောဟပင်းသမားတို့၌ နောင်နှင့်ပတ်သက်လာ လျှင် နက်ဖြန်ပင် မရှိကြတော့ပြီ။'
    'မသိသူ၏ လုပ်ရပ် ဘာလုပ်လုပ် အဟုတ်မှတ်ဖြင့် အတည်ပြုတတ်သည်။ မသိသူ၏ သဘော ဘာပြောပြော ဇော မမိ အဟောသိဖြင့် လမ်းဆုံးမည်။ ထိုမျှဖျက် အားကောင်းသော မောဟကို လူသား တိုင်းက လက်ခံကြို ဆိုနေကြရ၏။ ထိုကိစ္စ မောဟသိပ်၍ အိပ်ရသောနေ့ညများက သက်သေပြနေ ကြပြီ။ ထိုသို့ မောဟက ဖျက်အား ကောင်းသော်လည်း မောဟဖျက်မှန်းလည်း ဘယ်သူမျှ မသိ၊ မိမိပျက်မှန်းလည်း မည်သူမျှ မသိကြရပြီ။ လက်သည်မပေါ်စေသော လက်နက် သူ့၌ ရှိနေသာကြောင့် တည်း။' (စာ-၁၀၆)
    လူတစ်ယောက် ဒေါသထွက်နေတာကို ကိုယ်တိုင်လည်း သိနိုင်တယ်။ မြင်ရကြားရသူတွေလည်း သိနိုင်တယ်။ ကြမ်းတမ်းသော စကားများ၊ ဆဲဆိုအော်ဟစ် သံများ၊ ကြိမ်းမောင်းသံများက ဒေါသစိတ်ကို အလွယ်တကူ ဖော်ပြနေတယ်။ တုတ်ဆွဲ၊ ဓားဆွဲ၊ ရိုက်လား၊ ခုတ်လား လုပ်နေတာ တွေလည်း ဒေါသဖြစ်နေမှန်း သိသာတယ်။
    လူတစ်ယောက် လောဘတက်နေတာကို သူတစ်ပါးကတော့ အလွယ်တကူ သိချင်မှ သိမယ်။ မိမိကိုယ်တိုင်ကတော့ သတိရှိရင် သိနိုင်တယ်။ ဥပမာ - ကြည်ဥဝယ်ရင် အလုံးကြီးတာကို ရွေးနေတာက အကြာကြီး၊ မြင်သာတဲ့ လောဘကတော့ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေ ဓားပြတိုက်ယူတာမျိုး၊ လောဘနောက်မှာ ဒေါသပါ ပါလာခဲ့ပြီ။ ဖဲရိုက်၊ ဂျင်ထိုး၊ ချဲထိုး စတဲ့ လောင်းကစားကိစ္စတွေမှာ လော ဘအကြောင်း ပိုသိနိုင်တယ်။
    'မောဟဖြစ်နေပါသည်ကို သူတစ်ပါးမဆိုထား ဘိ၊ မိမိပင်မသိရ။ ဣန္ဒြေမပျက်သောကြောင့် တည်း။ ထိုမျှ ပိရိလွန်းလှ သိမ်မွေ့လွန်းလှသဖြင့် မဂ်မှအပဈာန်များကပင် ထိုမောဟကို မဖယ်ရှားနိုင်။ မဂ်သော်မှ အောက် မဂ်များ (သောတာပန်၊ သကဒါဂါမ်အဆင့်) က မတတ်နိုင်' (စာ-၁၀၆)
    အနာဂါမ်နှင့် ရဟန္တာဖြစ်မှ မောဟကို အပြီးအစီး သုတ်သင်နိုင်တယ်လို့ ဆိုပါတယ်။ မောဟ စိတ်ငယ် ထိပ်တက်နေပါစေ။ လူတိုင်း မြင်ခွင့်မရသောကြောင့် ပယ်ချရမှန်း မသိကြ။ လောဘမကြီးပါနဲ့ ဒေါသလျှော့ လိုက်ပါဦးလို့ ပြောရိုးထုံးစံရှိပေမယ့် မောဟပယ်လိုက်ပါဦးလို့ ပြောသံ မကြားရတာဟာ မောဟဖြစ်နေတာကို မမြင်မသိကြလို့ပဲလို့ ဆိုပါတယ်။
    'မောဟကြောင့်ဖြစ်သော မှားယွင်းမှု၊ လူတစ်ဦးစီ၌ မည်မျှပင် ထုတက်နေပါစေ။ ကာယကံရှင်ကလည်း ကိုယ့်ကိုယ်ကိုယ် မလိမ္မာ တစ်ခါမိုက်စမြဲဖြင့် နိယာမထဲ (ထိုမောဟကို) ဆွဲသွင်းကာ ကာကွယ်ပေးထားရ၏။ အများကလည်း စေတနာဖြစ် (လောဘဒေါသဖြစ်)ကိုသာ အရေးယူရတယ်။ ဝါသနာပြစ်(မောဟပြစ်)ကို အရေးမယူလေနှင့်ဖြင့် တားမြစ်ကြလေသေး၏။ တစ်ဖန် ကမ္ဘာဆက်၍ စွက်ဖက်နေသော ဝါသနာ ဘာဂီ(မောဟပြစ်)ကို အရေးယူနေက အရေးယူသူသာ မောမည်။ ဝါသနာကား လူသေတောင် သူမသေဘူးကွဲ့၊ ဤသို့လည်း စွက်ဖက်နေသော မောဟသမားကို တားဆီး သူတွေ့က ထိုတားဆီးသူကိုလျှင် ဝိုင်းဆုံးမကြသေးသည်။}
    'မသိသူတို့၏ နေရာဒေသ၌ မသိသော ဒဿနသည် မည်သည့်ကာလမျှ တိမ်ကော ပပျောက်လိမ့်မည် မဟုတ်ချေ။ ဝါသနာဟူသောအရာသည် မေ့မေ့ကြီးနှင့် ခံစားရာမှ မျော ပါလာသော မသိစွဲများပင် မဟုတ်လော။' (စာ-၁၀၇)
    မောဟရဲ့သဘောကို ပါဠိတော်ကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မြန်မာပြန်အနက်ဖွင့် ထားပုံကလည်း အလွန်လှပါတယ်။
    မောဟော ...အမိုက်နှင့်ပျော်ပါး မောဟစီး သမားသည်၊ ဒဿံ - တစ်ဖက်ထာမ သူ့အပြကိုလည်း၊ နပဿတိ - မမြင်လေ။ ယဒါ - ဘာမသိ ဘာမမြင်အကြင် ခါ၌ ..အန္ဓာယ - အငြိငိုက်ကာ၊ အန္ဓံ - မသိမိုက်ကို၊ အဘိဘဝတိ - လွှမ်းမိုးတိုက်ခိုက် သိမ်းပိုက်၏။ တဒါ- အငိုက်ကအမိုက်၊ တစ်ဖန်အ မိုက်က အငိုက်သိမ်းပိုက်မိရာ ထိုအခါ၌၊ တံနရံ - အမိုက်နှင့် အတိုက်တို့၏ တိုက် ခိုက်ကြားသွား ထိုလူသားကို၊ မောဟော - အမိုက်သည်၊ တမေနတမံ - မိုက်ထက်မိုက်ဖြင့် ဗ္ပယှတိဖုံးသလိုလုပ် အုပ်ချုပ် ပေရော့မည်ပါတကား။} (စာ-၁၀၈)
    'မောဟသည် သူ့လက်အောက်ခံ လောဘ၊ ဒေါသနှင့် ၎င်းင်းတို့၏ အဆွယ်အပွား အားလုံးတို့ကဲ့ သို့ ရှေ့ထွက်ဗြောင်ကျဲ၊ အောင်ပွဲခံလေ့ မရှိ၊ သို့ မခံသော်လည်း အောင်ပွဲပြန်မှန်သမျှ သူ့ဦးခိုက်ကြ ရသည်ချည်းသာ ...'လို့ ဆိုပါတယ်။
    မောဟရဲ့ သဘောကို မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီး ဆက်လက် ရှင်းပြထားတာလည်း မှတ်သားစရာ ကောင်းလှပါတယ်။
    'မောဟ၏ သူ့သဘာ၀ သဘောထားသည် ဖုံးပေးရုံ သက်သက်မျှသာ ဖြစ်ခြင်းကြောင့် မောဟသည် လောဘကဲ့သို့ 'တက်စိတ်' မဖြစ်စေတတ်၊ ဒေါသကဲ့သို့လည်း 'ထက်စိတ်' မဖြစ်စေတတ်၊ မည်သည့် အာရုံကိုမျှ မဖက်မိ၊ မည်သည့်အာရုံနှင့်မှ မဖက်၊ ပွဲကြည့်သက်သက် မျှဖြစ်ခြင်းကြောင့် သူ့အားတရားသေ မလွှတ်အပ်၊ လွှတ်ခဲ့သော် အစွဲဖော် အခေါ်ခံရမည် ဧကန်တည်း တစ်ဖန် မောဟသည် အာရုံမှင်သက် ကြောင်တက်တက်မျှသော အမူအရာကိုသာ ပြတတ်သောကြောင့် 'ကျစိတ်' ကိုသာ။ သို့မဟုတ် စိတ်ချလက်ချ အပူလွန်အပုပ်မိ အရိမျှသာ ဖြစ်စေရကား ထိုမောဟစိတ်နှင့် တွဲမိနေချိန် ထိုသူ၏ နှလုံးအိမ်ရှိ သွေးများလည်း သားငါးများ ဆေးကြောထားရာ သားဆေးရေပမာ ပျစ်ချွဲချွဲ ရိတိတိသာ။'
    'ထိုပျစ်ချွဲ ရိတိသွေးမှဖြစ်ပေါ်လာသော စိတ်သည် မည်သို့လျှင် အာရုံပုံရိပ် ဖမ်းနိုင်ပါမည်နည်း။ ထိုပျစ်ချွဲရိထ နှလုံးသွေးဘာဝသည် မည်သို့လျှင် အကြင်ဓာတ်ပြနိုင်ပါမည်နည်း။ ကလေးမှန်သမျှ မုန့်ကြိုက်၏။ သို့တစေလည်း အိပ်ချင်ငိုက်မည်း မောဟဖိစီးနေချိန် သူ့လက်တွင်း သူ့ကြိုက် မုန့်သွင်း ပေးလည်း အဆုပ်မပြ၊ အကျမဟုတ်၊ ငုတ်တုတ်နဂိုပမာ ...။ တစ်ဖန်တစ်ဖက် အာရုံက အတိုက်ကြမ်း သောကြောင့်ဖြစ်စေ၊ မိမိခန္ဓာ တွင်းရှိဓာတ်တု့ိ လှုပ်အားကောင်းလာ၍ဖြစ်စေ၊ အာရုံ အရှိမိပြန် သော်လည်း လွတ်တစ်ချက် မလွတ်တစ်ချက်ကြောင့် ဒွိဟဖြင့်ပင် ပြီးရသည်။ အတွင်းတွေးရေးရေး ပေါ်သော်လည်း ဖမ်းအားက လေးကန်နေခြင်းကြောင့် ပြေးလွှားနေသည်ကိုသာ တွေ့သိနေရတော့ သည်။'
    'ထိုမောဟလွန်သမား၏ အသိသည် မရှိသော အရှိကို မသိသောအသိဖြင့်သာ သိခွင့်ရစေရ ကား အမှားသိများဖြင့်သာ တစ်ဘ၀ ပြီးရသည်။' (စာ-၁၁၀)
    သိစိတ်ကို မောဟက အနိုင်ယူသွားတဲ့အခါ အသိမှားပြီး အမှားသိသာ အဖက်တင် ကျန်ခဲ့ပါတော့တယ်။ အမှားသိရဲ့ အစွဲအငြိဖြင့် သွားရာလမ်းကား တိရစ္ဆာန်ဘဝများဆီသို့သာ။
    'တိရစ္ဆာန်ဘဝပေါင်းများစွာက အလေ့ဖြစ်သော မေ့မေ့နေ၊ မေ့မေ့စား Óဉ်စရိုက်များအတိုင်း မိမိ စိတ်ကို အလိုလို လွှတ်ပေးထားရုံနှင့် ပြီးစီးစေသော ဘ၀ မျိုးများတည်း။ သို့ကြောင့် ထိုအောက်၊ အောက်ဘုံတို့သို့ ရောက်ပေါက်ရန်ကိုကား တမင်အားစိုက်ရန်မလို၊ အားစိုက်၍တက်ရသော အထက်သွားမျိုး မဟုတ်ကြသော ကြောင့် ...။ ထို အောက်၊ အောက်ဘုံနှင့်လည်း တည့်မတည့် ချိန်နေစရာမလို။ စိတ်သည် သူသွားနေကျလမ်း မျက်မှန်းတန်းမိပြီး ဖြစ်နေသောကြောင့် ...။'
    'ထိုအောက် အောက်ဘုံများသည် အဆင်းလွယ်ပြီး အတက်ခက်၏။ ရိုးတွင်းခြင်ဆီလှိုက်မျှ စေတ နာအားကြီးဖြင့် အကျိုးမဲ့ အပြစ်ရှိများကို တအားဖိ၍ သိပ်ထည့်ခြင်းကြောင့်...'
    'အတွေ့ကောင်းမျှကိုသာ မက်မောခြင်း၊ ကံပေးအထိ မစောင့်၊ ရန်ကြွေးဖြင့်တေး အကြွေး တိုးပေး ခံစားလိုသူတို့ ဉာဉ်ထသွေးဆေးကြောမိရာမှ ရောက်ရသော ဘုံမျိုးတည်း ...'(စာ-၁၁၃)
    အကောင်းမျှော်ပြီး အဆိုးပေါ်လဲကျနေခြင်းဟာ အာရုံခံစားစဉ်မှာ သတိအသိ မပါဘဲ မေ့မေ့ မက်မက်ကြီး သူ့ဘက်လိုက်ခံစားခဲ့လို့သာ စွဲစိတ်ခေါ်ရာ လိုက်ပါ သွားရခြင်းဖြစ်ပါတယ်။ ကြိုက်စွဲလော ဘကြောင့် ပြိတ္တာနှင့် အသူရကာယ်ဘုံတွေ ရောက်သွားခဲ့ကြပြီ။ မုန်းစွဲဒေါသကြောင့် ငရဲဘုံကို ရောက်သွားခဲ့ကြပြီ။ မသိစွဲမောဟကြောင့် တိရစ္ဆာန်ဘဝတွေဆီ ရောက်ရပေဦးတော့မယ်။
    'အောက်တန်းသွားတို့၏ အောက်တန်းစားကံ အလုပ်များသည်လည်း ဒါနဖြင့် ကံရိက္ခာမသိုမှီး၊ သီလဖြင့် ကံဆိုးကို မတားဆီး၊ တစ်ဖန်ဒါနမှု၊ သီလမှုတို့ကြောင့် သူတစ်ပါးတို့ ကောင်းစားချမ်း သာနေသည်ကို ဝမ်းမြောက်ခြင်း မုဒိတာပွားရမည့်အစား ဆန့်ကျင်ဘက်မနာလိုစိတ် ပြစ်မှားစိတ်တို့ဖြင့် လုယက်ဖျက်ဆီးခြင်း၊ လိမ်လည်ခိုးဝှက်ခြင်းစသည့် အကျင့်ပျက်မျိုး တိရစ္ဆာန်Óဉ် စရိုက်ဆိုးများချည်းသာ လက်ခံကျင့်သုံးနေကြလေရာ ...ထိုသင်သည် ကံဆရာအား ကြေးသည်လောက်ဖြင့် ငှား၊ သူ ဆောက်ပေးသော ကံဘုံများကလည်း သင်ပေးကြေးနှင့်အလိုက် ထိုက်ရုံသာရှိချိမ့်မည်'လို့ ကျေးဇူး တော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက 'သုညသင်္ခါရကထာ' ကျမ်းစာအုပ်မှာ လမ်းညွှန် ဖော်ထုတ်ထားပါတယ်။မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 326

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42979

© 2022 - 2025 News. All Rights Reserved.