မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အနတ္တသို့ အပြန်ခရီး

၂၀၂၄ ဒီဇင်ဘာ ၈

    ၂၀၂၀ မတ်လထုတ် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ 'ဓာတ်သား၊ ဇာတ်သား နှစ်ပါးနှင့်သက်ဆိုင်သော စကားများ' ကျမ်းစာအုပ်မှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး အလုပ်လုပ်ပုံကို ဖွင့်ဆို ရှင်းပြထားပါတယ်။ တရားအကျင့် ရင့်ကျက်လာချိန်မှာလည်း ဓာတ်ကြီးလေးပါးတို့ရဲ့ သဘောသဘာဝကို ကိုယ်တွေ့ဉာဏ်အမြင်နဲ့ သိရှိသွားနိုင်ပါတယ်။ သတ္တဝါတွေရဲ့ ကြိုက် လောဘ၊ မကြိုက်ဒေါသ၊ မသိမောဟတွေ ဆိုတာတွေဟာလည်း ဓာတ်ကြီးလေးပါး ပယောဂနဲ့ မကင်းပါဘူး။ ဒါကြောင့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဓာတ်လေးပါး ခိုင်းတာလုပ်နေရတဲ့ ဓာတ်ကျွန် ဓာတ်သားဘဝက လွတ်မြောက်အောင် အမြဲနှိုးဆော် ဟောပြော ညွှန်ပြတော်မူလေ့ရှိပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးဟာ စာပေရေးသားရာမှာ ဖြစ်စေ၊ တရားစကား မိန့်ကြားရာမှာဖြစ်စေ လယ်တီ၊ မန်လည် စတဲ့ ဆရာတော်ကြီးများရဲ့ ဓမ္မကဗျာများကို ရံဖန်ရံခါ ရွတ်ဆို ကိုးကားလေ့ ရှိတတ်ပါတယ်။

    ဓမ္မသဘော၊ ဘယ်သို့ပြောလဲ
    လိပ်ကျော်ကြောင်ကော်၊ ပြောင်ချော်ချော်နှင့်
    ပျော်တပြုံးပြုံး၊ မော်မဆုံးဘဲ
    နှလုံးမယှဉ်၊ ဉာဏ်မယှဉ်တည်း
    ငယ်စဉ် ယုတ်မာ၊ အိုခါ ဆိုးရွား
    ဤသို့အားလျှင်
    ယောက်ျားမိန်းမ သမုတ်ကြလျက်
    သုဘထင်၍ လွန်ပျော်မွေ့၏
    အတွေ့ခံစား အောက်ရပ်သားတို့
    ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ အဟိတ်ပမာ
    ကမာစာရ၊ လေ့လာကြလျက်
    ကာမသတ္တဝါ၊ ကာမရွာ၌
    ကာမသဘော၊ မိုက်မောဟစိတ်
    ဆိတ်မျှသမိ၊ ညစ်နွမ်းဘိ၏။

    မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဗျာထဲက လိုပါပဲတဲ့။ တရားသဘောတွေ ဘယ်လောက် ပြောဟောနေပေမယ့် လူတွေကတော့ လိပ်ကျောကုန်း ခုံးခုံးကြီးကို ကြောင်ကုတ်ကြောင်ကော်သလို ပြောင်ချော်ချော် ဖြစ်နေကြတယ်။ ကာမဘုံသားတွေဆိုတော့ ကာမဓလေ့မှာပဲ ပျော်မွေ့နေလိုက်ကြတာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေလိုပဲတဲ့ တရားသဘောကို တစ်ဆိတ်စာမျှတောင် မသိအောင် မောဟ ဖုံးလွှမ်းညစ်နွမ်းနေခဲ့ကြလေပြီ။
    သံသရာအစကတည်းက မသိမောဟ အဝိဇ္ဇာနဲ့ စလာခဲ့ကြပြီး မသိအဝိဇ္ဇာမှာပဲ လမ်းဆုံးသွား တတ်ကြတယ်။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ရုပ်နဲ့နာမ် ဒွန်တွဲဖြစ်ပျက်နေရာက သံသရာစကတည်းက မသိရာကနေ စခဲ့ကြတာ။ ကြက်ဥနဲ့ ကြက်ကောင် ဘယ်သူက စခဲ့သလဲ။ ဒီမေးခွန်း အမြဲမေးခဲ့တယ် ထင်ပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက 'သုည သင်္ခါရကထာ' ကျမ်းစာအုပ်မှာ အကျယ်တဝင့် ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ သတ္တဝါမှန်သမျှ ရုပ်နဲ့နာမ် ဒွန်တွဲနေရာမှ ရုပ်ဆိုတာက ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော သဘောမတူတဲ့ ဓာတ်လေးပါးအခြေခံ အကြောင်းပြုပြီးဖြစ်လာတာ၊ အဲဒီ ဓာတ်လေးပါးဟာ သူ့သတ္တိ သူဆောင်ပြီး တွန်းလိုက်တိုက်လိုက်နဲ့ ပေါင်းမိရာက ရုပ်ဆိုတာ ဖြစ်လာ တယ်။
    ဓာတ်လေးပါးဟာ ကိုယ်ပိုင်သတ္တိ၊ ကိုယ်ပိုင်သဘောတွေနဲ့ အစွမ်းပြနေတာဖြစ်တော့ တစ်ခုနှင့်တစ်ခု မတည့်ကြဘူး။ ပေါင်းမိတယ်ဆိုတာ မတည့်လို့၊ တိုက်ရင်းခိုက်ရင်း၊ တွန်းကန်ရင်း ထိမိတိုက်မိပေါင်းမိသွားတာ၊ ဓာတ်တစ်ပါးချင်းမှာလည်း ဆန့်ကျင်ဘက်သဘောနှစ်ခု ဖွဲ့စည်းထားတာ တွေ့နိုင်ပါတယ်။ ပထဝီဆိုတဲ့ မြေဓာတ်မှာ မာခြင်းနဲ့ ပျော့ခြင်း အာပေါဆိုတဲ့ ရေဓာတ်မှာ ယိုစီးခြင်းနဲ့ ဖွဲ့စည်းခြင်းဆိုတဲ့ ဆန့်ကျင်ဘက်အကြောင်းနှစ်ခု ကိုယ်စီပါလာကြတော့ သူ့တစ်ခုတည်းမှာပင် အားပြိုင်တဲ့သဘော၊ မတည့်တဲ့သဘော ရှိတယ်လို့ ဆိုပါတယ်။ သဘောသဘာဝချင်းမတူတဲ့ ဓာတ်လေး ပါးမှာ တစ်ခုနှစ် မျိုးစသီဆိုတော့ ဓာတ်ရှစ်ပါးရယ်လို့ ဖြစ်လာတယ်။
    အဲဒီ ဓာတ်သဘောတွေရဲ့ ပြုပြင်မှု၊ ပေါင်းဆုံမှု၊ တိုက်ခိုက်မှုတွေကြောင့် ရုပ်ဆိုပြီး ဖြစ်လာပါရော။ လူရုပ်၊ နတ်ရုပ်၊ ခွေးရုပ်၊ ဝက်ရုပ်တွေက နောက်မှ၊ သတ္တဝါတွေရဲ့ မူလအစမှာ ပဋိပန္ဓေလေးမျိုးထဲမှာ 'သံသေဒဇ'က စခဲ့တယ်။ မိမဲ့ဖမဲ့ ဘဝက စခဲ့တယ်။ ဇာတိဆိုတာ အဲဒီက စခဲ့တာ။ ဒါ့ကြောင့် ရုပ်နဲ့ နာမ်ဘယ်သူက စဖြစ်သလဲဆိုရင် ရုပ်ကစခဲ့တယ်။ ဓာတ်လေးပါးက စခဲ့တယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ရဲရင့်ပြတ်သားစွာ အဖြေပေးထားပါတယ်။ (ညွှန်း -၂၀၀၄၊ အောက်တိုဘာထုတ်၊ သုညသင်္ခါရကထာ)
    ဓာတ်လေးပါးကြောင့် ဖြစ်လာတဲ့ရုပ်ဟာ အတ္တလား၊ အနတ္တလား။
    ဓာတ်လေးပါးဟာ သူ့သတ္တိ၊ သူ့သဘောသူ ဆောင်တယ်လို့ ပြောခဲ့ပြီ။ ပထဝီ ဓာတ်ဆောင်သေးတဲ့ ကျောက်ဆောင် ကျောက်တောင်ကြီး ရေလိုတသွင်သွင် စီးဆင်းပါစေလို့ ခိုင်းလို့မရဘူး။ တဟုန်းဟုန်းတောက်နေတဲ့မီးကို ကျောက်တောင်ကြီးလို တည်ပါစေလို့ ပြောမရဘူး။ သူ့သဘော သူဆောင်နေကြတယ်။ ကြက်ဟင်းခါး သီးရယ်၊ ထန်းလျက်ရယ်၊ သံပရာသီးရယ်၊ ငရုတ်သီးရယ် အတူ နေကြသလို တစ်ခုနှင့်တစ်ခု ရောနှောသွားခြင်းမရှိ၊ ကိုယ်ပိုင်သတ္တိနဲ့ နေကြတယ်။ မှိုနှင့်မျှစ် ရောချက်လို့ ချိုတာ တစ်ခုတည်း ထွက်ပေမယ့် ငရုတ်သီးထောင်းပြီး သံပရာရည်လေး ဆမ်းလိုက်တော့ စပ်တာလည်းမဟုတ်၊ ချဉ်တာလည်းမဟုတ် 'စပ်ချဉ်၊ ချဉ်စပ်'ကလေး ဖြစ်သွားရော။ ငရုတ်သီးကလည်း စပ်တဲ့သဘောကို မစွန့်ဘူး၊ သံပရာသီးကလည်း ချဉ်တဲ့သဘောကို မစွန့်ဘူး။ ဓာတ်လေးပါးဆိုတာ အဲဒီလို သူ့သဘော သူဆောင်နေကြတာ။
    ကြက်ဟင်းခါးသီးကို မျက်နှာချိုသွေးလို့လည်း ချိုလာလိမ့်မယ် မအောက်မေ့နဲ့၊ သူဌေးကြီးစားလည်း ခါးမှာပဲ၊ ဆင်းရဲသား စားလည်း ခါးမှာပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းကလည်း ခါးခဲ့တယ်၊ ခုလည်း ခါးတယ်၊ နောင်လည်း ခါးလိမ့်ဦးမယ်။ အဲဒီလို ကြက်ဟင်းခါးသီးက သူ့သဘော သူဆောင်ပြီး ခါးနေတာဟဲ့၊  ချိုစေဆိုလို့ ချိုပါ့မလား။
    'မချိုပါဘုရား'
    အဲဒီလို သူ့သဘော သူဆောင်နေတယ်ဆိုတာ အတ္တလား၊ အနတ္တလား။
    'အနတ္တပါဘုရား'။
    ဒါပဲ။ တို့ရှာနေတာ ဒါပဲ။ တရားဆိုတာ ကိုယ့်သဘောအတ္တမဟုတ်၊ သူ့သဘောသူဆောင်နေတဲ့ အနတ္တပါလားဆိုတာ သိအောင်၊ မြင်အောင် ရှာနေကြတာ။ ကျွဲပျောက်၊ နွားပျောက်ရှာသလို ဟိုဟိုဒီဒီ လိုက်ရှာနေတာ မဟုတ်ဘူး။ ဒီရုပ် ဒီနာမ်ထဲမှာပဲ ရှာရတာ။ အဲဒီတော့ ရုပ်ဆိုတာ ဓာတ်လေးပါးကြောင့် ဖြစ်ခဲ့တယ်ဆိုတော့ ဒီဓာတ်လေးပါးဟာလည်း သူ့သဘော သူဆောင်နေတာဆိုတော့ အတ္တလား၊ အနတ္တလား။
    'အနတ္တပါဘုရား'
    ဆရာတော်ဘုရားကြီးရဲ့ ကျမ်းစာအုပ်တွေအပေါ် ဉာဏ်မမီသူတွေက အခုလို တရားနာရတာ ပိုသဘော ပေါက်တယ်လို့ ဆိုကြပါတယ်။ ဆရာ တော်ဘုရားကြီးရဲ့ တရားသံတွေက ဉာဏ်နားထဲမှာ ပဲ့တင်နေပါတော့တယ်။
    သံသရာ ဒီလိုစခဲ့တာ၊ ရုပ်ဟာ အနတ္တအခြေခံ၊ အနတ္တဦးဆောင်ပြီး ဖြစ်ခဲ့တာ။ ဒီရုပ်ကြီး မအိုရ၊ မနာရ၊ မသေရတားလို့ ရမလား။ အဲဒီလို အနတ္တက စခဲ့ပါလျက် ဒီနေ့ ဒီလောက အတ္တ၊ အတ္တတွေနဲ့ ဘာကြောင့်အတ္တ တွေဖုံးလွှမ်းနေသလဲ။ ဒီမှာ နာမ်ရဲ့အခန်းကဏ္ဍ ဝင်လာပါပြီ။ နာမ်က အဝိဇ္ဇာက စခဲ့တာ။
    ပဋိသန္ဓေနေချိန် အကောင်းအဆိုး၊ အကျိုးအမြတ် ဘာမှမသိသေးဘူး။ မွေးလာပြီး ဘာမှမ သိသေးဘူး။ ဒါပေမဲ့ မွေးလာပြီဆိုတာနဲ့ အပြင်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာယတနတွေ ဆီးကြိုနေပြီ။ ဒီအာယတနတွေက သူ့ကို ဆွဲငင်မယ်၊ တိုက် ခိုက်မယ်။ အဲဒီမှာ သူဘယ်လိုတုံ့ပြန်သလဲ၊ ဓာတ်လေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တွေမှာ ဦးဆောင်တဲ့ အားကဲတဲ့ဓာတ်ဆို တာရှိတယ်။ ပထဝီဦးဆောင်တဲ့ရုပ်က လေးမယ်၊ နှေးမယ်၊ ဝါယောဦးဆောင်တဲ့ရုပ်က လျင်မြန်မယ်၊ လှုပ်ရှားမယ်၊ ရုပ်တစ်ခုနဲ့တစ်ခု မတူဘူး။ လူတွေ စရိုက်သဘာဝကွဲနေတာ။ ဦးဆောင်တဲ့ဓာတ်ချင်း မတူလို့၊ အကြိုက်ချင်း မတူတာလည်း ဓာတ်ချင်း(အားကြီးတဲ့ဓာတ်) မတူဘူးလို့။ အဲဒီလို ပထဝီဦး ဆောင်တဲ့သူ ဆိုပါစို့သူ့ဓာတ်ခံနဲ့ ညီမျှလိုက်ဖက် လက်ခံနိုင်တာကိုပဲ သူရှာလိမ့်မယ်။ သူ့ဓာတ်နဲ့ ကိုက်ညီတာတွေ့မှ၊ ရမှ သူနေသာထိုင်သာ ရှိလာမယ်။ အဲဒီမှာ အကြိုက်ဆိုတဲ့ တဏှာဖြစ်ပေါ်လာပြီး သူကြိုက်တာကို မရရအောင်၊ မရရတဲ့နည်းနဲ့ ရှာဖွေသိမ်းပိုက်ဖို့ အားထုတ်လာရာက 'အတ္တ'ဆိုတာ ဖြစ်လာတယ်။
    မြွေတစ်ကောင်ဆိုပါစို့။ မြွေဟာ ပူတဲ့သတ္တဝါဖြစ်လို့ အေးတာရမှ ဖြစ်မှာ။ ဒီတော့ အေးတဲ့သတ္တဝါ ဖားကို သတ်စားရတော့မယ်။ သူ့တစ်ကိုယ်ကောင်းအတွက် သူတစ်ပါးရဲ့ တစ်ကိုယ်ကောင်းကို ဖျက်ဆီးပစ်ရတော့မယ်။ အဲဒါ ကြိုက်စိတ်တဏှာက ဖြစ်လာတာ၊ ကြိုက်စိတ်တဏှာ ဘယ်မှာအခြေခံသလဲဆိုတော့မသိ မောဟ အဝိဇ္ဇာမှာ အခြေခံတယ်။
ဒါကြောင့် အဝိဇ္ဇာနဲ့တဏှာကို 'ဒွေးမူလ'လို့ စာကဆိုတယ်။ ရုပ်နဲ့နာမ်ဆိုတာ မတည့်အတူနေတဲ့ သဘော။ မတည့်ရင် ကြားက သပ်လျှိုတာ ခံရတော့မယ်။ ဘယ်သူက သပ်လျှိုမှာလဲဆိုတော့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာက သပ်လျှိုမှာ။
    ရုပ်ဓာတ်လေးပါး အချင်းချင်းတိုက်ပြီး သူ့သဘောသူဆောင်ပြီး တစ်ပျက်တည်း ပျက်နေကြတာ။ နာမ်က ဖြစ်တယ်ပဲ ထင်နေတာ။ နာမ်က အဝိဇ္ဇာမောဟ မသိစိတ်နဲ့လာခဲ့တာကိုး။ ဒီကြားထဲ တဏှာနဲ့ပေါင်းမိတော့ ပျက်နေတာကို ဖြစ်တယ်ချည်း ထင်နေတယ်။ ရုပ်နဲ့နာမ် သဘောချင်း မတူကြ ဘူး။ စတုန်းကတော့ ရုပ်ဆိုတဲ့ကြက်ဥပဲ၊ ကြက်ကောင်ဆိုတဲ့ နာမ်ကလေး ပေါက်လာမှ ဒီကြက်ကောင်က ကြက်ဥကို ပြန်ပြီး ဒုက္ခပေးတော့တာကိုး။ အခုတော့ နာမ်က သခင်၊ ရုပ်ကကျွန်၊ စိတ်က မညှာမတာ ခိုင်းသမျှ ဒီရုပ်ကြီးက ဒုံးပေကတ် သတ်လိုက်လုပ်ပေးနေရရှာတယ်။
    တစ်သံသရာလုံးက စုမိဆောင်းမိ၊ အောင်းမိ ပေါင်းမိလာတဲ့ မသိမောဟ အဝိဇ္ဇာရဲ့ ခွန်အားက ဘယ်လောက်များ ပြင်းထန်နေလိမ့်မလဲ။ ဒီရုပ်ကြီးခံပေတော့။ အတွင်းမှာလည်း သူ့ဓာတ်လေးပါး အချင်းချင်း တွန်းတိုက်ပြီး ပျက်ကျနေတယ်။ အပြင်အာရုံတွေကလည်း တရစပ်တိုက်တာ ခံနေရတယ်။ နားချိန်မရဘူး။ အသက်ရှိနေသမျှ ကာလပတ်လုံး အတိုက်ခံနေရတယ်။ တိုက်သမျှ ပျက်ကျနေတယ်။ မောဟနဲ့ အဝိဇ္ဇာက ဖုံးထားတော့ ဒီအပျက်တွေကို မမြင်ဘူး။ ရှေ့က ပျက်ကျသွားတဲ့ရုပ်နဲ့ နေရာမှာ နောက်ကရုပ်က အစားထိုးပေးထားတော့ ပျက်တာမမြင် ဖြစ်တယ်ပဲ ထင်နေတယ်။ အဲဒီဖြစ်တာလေးက မိုးပေါ်လေထဲ ခဲတစ်လုံးပစ်လိုက်၊ လေထဲမှာ ပြန်မကျမီ ခဏလေး တန့်နေတာလောက်ပဲ ကြာတယ်။ ဒီလောက်တိုတောင်းတဲ့ ဖြစ်တည်မှုကလေးကိုပဲ မြဲတယ် လို့ထင်နေကြတယ်။
    ရုပ်ရှင်ပြတဲ့အခါ ရှေ့က ဖလင်ကွက်တွေ တစ်ကွက်ပြီးတစ်ကွက် စက်က ရစ်သွားပြီ။ ပျက်သွားပြီးရှေ့က ဖလင်ကွက်နေရာ နောက်က ဖလင်ကွက်က အစားထိုးလည်ပတ်နေတဲ့ သဘောပဲ။ ကြည့် တာကလည်း ဖလင်ကို ကြည့်တာမဟုတ်ဘဲ ဖလင်က ထင်တာတဲ့အရိပ် ကိုသာ ပိတ်ကားပေါ်မှာ ကြည့် နေကြတာဆိုတော့ မူလပင်ရင်းမှာ ပျက်ကျနေတာ မမြင်သာတော့ဘူး။ အဲဒီလို မမြင်သာအောင်လည်း အဆင်း၊ အသံဆိုတဲ့ အာရုံရိပ် တွေက ဖမ်းစားထားလိုက်ပြီ သာယာမှု၊ အာရုံခံစားမှုထဲ မျောနေပြီ။ တဏှာက တဏှာနဲ့ ပြန်ဖမ်းစားလိုက်တော့ နဂိုကမှ မသိပါဘူးဆိုတဲ့ မောဟက ပိုပြီးမသိတော့ဘူး။ အဲဒီ မသိမောဟ အဝိဇ္ဇာက ဖြစ်လာတဲ့ တဏှာဆိုတဲ့ အကြိုက်စိတ်လောဘဟာ သူလိုချင်တာ ရရင်ရ မရရင် ဒေါသဖြစ်လာတော့မယ်။ မောဟမှ လောဘ၊ လောဘမှ ဒေါသ၊ သတ္တဝါတွေကို ဒီလိုတည်ဆောက်ခဲ့တော့ ဒီအတ္တနယ်ပယ်ကြီးမှာ မောဟကို ဦးစီးခေါင်းဆောင်၊ လောဘက စီမံခန့်ခွဲရေးသမား၊ ဒေါသက တိုက်ခိုက်ရေး သမား ဒီလို ထူထောင်ထားတယ်။ အတ္တနယ်ပယ်ဆိုတာ ပညတ်တွေချည်း။ ဒါက ဘာ၊ ဒါကညာ၊ ပညတ်ပေါ်ရင် ကြိုက်စွဲ၊ မကြိုက်စွဲတွေကလည်း ပေါ်လာမှာပဲ။ ကြိုက် လောဘ၊ မကြိုက် ဒေါသ၊ မသိမောဟတွေနဲ့ တစ်ဘဝပြီး တစ်ဘဝတစ်သံသရာလုံး တွင်ကျယ်လာလိုက်တာ လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်ဘုံသားတွေ ဒီအနတ္တ နယ်ပယ်ကြီးက လွတ်ခဲ့ပြီလား။ မူရင်းဖြစ်တဲ့ အနတ္တနယ်ပယ်ကို ဘယ်လိုပြန်သွားကြမှာလဲ။
    အနတ္တနယ်ပယ်မှာ မသိမောဟကို ခေါင်းဆောင်တင်ရင် အနတ္တဆိုက်ဖို့ အသိကို ခေါင်းဆောင် တင်ရလိမ့်မယ်။ သတိကို စီမံခန့်ခွဲသူနေရာမှာ ထားရ လိမ့်မယ်။ ဝီရိယကို တိုက်ခိုက်ရေးသမားအဖြစ် တာဝန် ပေးရလိမ့်မယ်။ မသိမောဟကြီး ခြယ်လှယ်တာ မခံချင်ရင်သိအောင် လုပ်ရလိမ့်မယ်။ တရား ဆိုတာ သဘောကလေးပဲရှိတာ။ သူ့ရုပ်ပေါ် သူ့နာမ်တင်၊ သူ့ဉာဏ်စဉ်သူ ပေါ်လာလိမ့်မယ်။ သတိသာရှိ အသိလိုလို ပေါ်လာလိမ့်မယ်။ သံပရာသီးမှာ မစားရသေးဘူး။ ပါးစပ်ထဲ ချဉ်နေပြီ။ စွဲစိတ်တွေ ဘယ်လောက်နာခဲ့ပြီလဲ။ စွဲပြီးရင်းစွဲနေလို့ကတော့ အတ္တမှ မလွတ်မြောက်နိုင်သေး၊ အနတ္တသို့ အပြန်ခရီးက ဝေးလှပါသေးတယ်။ အစွဲကြီးရင် ကြီးသလောက် အတ္တနယ်ပယ်ထဲ တဝဲလည်လည် ဖြစ်နေလိမ့်မယ်။
    ဘဝကူးတယ်ဆိုတာ စွဲရာဘဝကို သွားရတာ။ သတ္တဝါတို့ရဲ့ မူလအစမှာသာ ရုပ်ကစခဲ့တာ၊ ဒုတိယ၊ တတိယ၊ ဘ၀ ဘဝတွေ၊ နောက်ဘဝတွေဆိုတာတွေဟာ စိတ်ဆွဲငင်ရာသွားတာ၊ တိရစ္ဆာန်ဘ၀ ရောက်သွားပြီဆိုရင် လူ့ဘ၀ တစ်ခါပြန်လာဖို့ မလွယ်တော့ဘူး။ တိရစ္ဆာန် ဘဝပေါင်း တစ်ရာလောက် ရင်းပြီးမှ သူ့ဘ၀ တစ်ခါရ တာ။ ဒါကြောင့် သူ့ဘဝသည် ဒုလ္လဘ၊ လူဖြစ်ပြန်တော့ လည်း ဘုရားပွင့်ချိန်၊ သာသနာပွင့်ချိန်နဲ့ ကြုံပါဦးမှ၊ အတ္တလား၊ အနတ္တလား၊ ဓမ္မလား၊ အဓမ္မလား ခွဲခြားသိ မြင်နိုင်မယ်။ သာသနာပွင့်ချိန် ကြုံပါသော်လည်း ဒီတရားဓမ္မအပေါ် ယုံကြည်ချက်၊ သဒ္ဓါသမ္ပတ္တိနဲ့ ပြည့်စုံ ပါဦးမှ၊ လူတွေဟာ မှန်တိုင်း၊ ကောင်းတိုင်း မယုံကြည် ကြပါဘူး။ ကိုယ်ကြိုက်တာသာ ကိုယ်ယုံနေကြတာ။
    အဲဒီတော့ အတ္တနယ်ပယ်မှာ ကျင်လည်နေ သရွေ့တော့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အလို ဆိုးတွေ ကပ်ပြီး နှိပ်စက်တာ ခံနေရမှာပဲ။ ဒီဒုက္ခတွေက လွတ်မြောက်ရာ အနတ္တနယ်ပယ်ကို သွားချင်ကြတယ် ဆိုရင်ဖြင့် 'သတိ၊ အသိ၊ ဝီရိယ'ဆိုတဲ့ ခွန်အားတွေ အထူးလိုအပ်တယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မိန့်မှာ ညွှန်ကြားတော်မူခဲ့ ကြောင်းပါဗျာ။                          
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 313

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.