မှောင်ခိုများနှင့် ကခုန်ခြင်း

၂၀၂၄ ဒီဇင်ဘာ ၂၁

နိုင်ငံတော်အလံကို မလေးစားကြသူများ
    "မြန်မာနိုင်ငံမှာ နေကြတဲ့ပုဂ္ဂိုလ်တွေ စဉ်းစားကြည့်၊ ဒီမြေပေါ်မှာနေ ဒီရေကိုသောက်ပြီး ကိုယ်နေတဲ့ မြေ၊ ကိုယ်နေတဲ့ ရေကို ဖျက်ဆီးမယ်ဆိုရင် ကိုယ့်ကိုအကျိုးပြုတဲ့အရာကို ဖျက်ဆီးရာ ရောက်တယ်။ ဒါအလွန်စဉ်းစားစရာ ကောင်းတယ်" ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟော်ကြား တော်မူသော  မိတ္တပူဇာတရားတော်မှ ကောက်နုတ်ချက်။
    မိတ်ဆွေတစ်ယောက်က ပစ္စက္ခကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေများနှင့် ပတ်သက်၍ စိတ်ချမ်းမြေ့ဖွယ်မရှိကြောင်း ထို့ကြောင့် အနိဋ္ဌာရုံများကို မမြင်မတွေ့လိုသောကြောင့် ဘာသာတရား ပိုလုပ်ရန် တိုက်တွန်းလေသည်။ သို့နှင့် ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း စိတ်ညစ်ညူးဖွယ်ရာများကို အာရုံမကျစေရန် တရားတော်များကို အချိန်ပေး၍ နာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ထိုသို့ တရားနာရင်းမှ အထက်တွင်ဆိုခဲ့သည့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ 'မိတ္တပူဇာ'တရားတော်ကို နားထောင်မိရင်း အတွေးများစွာ ပေါ်လာမိသည်။ နိုင်ငံရေးသတင်းများကို မဖတ်လိုသော်လည်း သည်ရေသည် မြေ၊ သည်တောတောင်များတွင် နေထိုင်သူတစ်ဦးဖြစ်သောကြောင့် ကိုယ့်ရေကိုယ့်မြေနှင့်ပတ်သက်ပြီး အတွေးပေါ်မိခြင်းဖြစ်သည်။ ထိုအတွေးပေါ်ခြင်းကလည်း ဘာမျှထူးဆန်းသည် မဟုတ်ဟု ဆိုနိုင်ပါ သည်။
    လက်ရှိ ပူပူနွေးနွေးဖြစ်ရပ်နှစ်ခုကို ပြောလျှင် မိတ်ဆွေတို့ ကျွန်တော့်ကဲ့သို့ ခံစားမိမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား ၉၉/၆-၇မှာ အကြမ်းဖက် သောင်းကြမ်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့သည်။ ထို့အတူ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမြန်လမ်း ၃၁၉ မိုင် ၆/၇ ဖာလုံအကြား တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းသို့ Droup Bomb ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုကြောင့် အမြန်လမ်းပေါ်တွင် သွားလာနေသည့်ယာဉ်များ အချိန်တော်တော်ကြာသည်အထိ ရပ်နား ထားရပြီး ယာဉ်ပေါ်ပါ ခရီးသည်များလည်း လမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ ဒါသည် ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့သည့် အရာလေးကိုသာပြောခြင်း ဖြစ်သည်။ တော်လှန်ရေးဟု အမည်တပ်ပြီးချိန်မှစပြီး ချိုးလိုက်ဖျက်လိုက်သည့် တာဝါတိုင်များ၊ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်းတံတားများ၊ မိုလ်ဘိုင်းဖုန်း တာဝါတိုင်များ၊ ပြည်သူပိုင် အဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသည်။ ပြည်သူ့အတွက်ဟု ကြွေးကြော်ပြီး တော်လှန်ရေးခေါင်းစဉ်အောက်၌ လေးနှစ်ခန့်ကာလတွင် ပြည်သူပိုင်ပစ္စည်းပေါင်းများစွာကို ဖျက်ဆီးခဲ့၊ ဖျက်ဆီးဆဲ၊ ဖျက်ဆီးလတ္တံ့သာ ရှိနေကြသည်။
    ထိုအကြောင်းအရာများ အတွေးပေါ်ပြီး သကာလ သူငယ်ချင်းပြောသည့်စကားကို သွား၍ အမှတ်ရမိ၏။ "ကိုယ့်နိုင်ငံတော်ရဲ့ အလံကိုတောင် မလေးစားတဲ့ သူတွေဆီက ဒီနိုင်ငံတော်အတွက် ဘာတွေများမျှော်လင့်လို့ရနိုင်မလဲ"ဆိုသည့် စကားပင်ဖြစ်သည်။ သူပြောသည်မှာလည်း မမှားဟုဆိုနိုင်သည်။ လက်နက်ကိုင်ပြီး တောထဲရောက်နေသည့်သူများက နိုင်ငံတော်အလံကို လက်နှီးစုပ် လုပ်သူလုပ်၊ နိုင်ငံတော်အလံကို မီးရှို့ဆန္ဒပြသူပြ၊ နိုင်ငံတော်အလံကို တိရစ္ဆာန်၏ကိုယ်မှာ ပတ်ပေးသူပေးနှင့် ဒါကိုပင်လျှင် မြင့်မြတ်သည်ဟု ခံယူကြသေးသည်။ 'ဖွဲကိုထောင်း၍ ဆန်ကောင်းမရနိုင်'ဆိုသကဲ့သို့ ဤကဲ့သို့ အသိဉာဏ်မျိုးသာ ရှိသူများကို ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ အကြောင်း မည်ကဲ့သို့ နားဝင်အောင် ပြောမည်နည်း။

ချစ်သောရေဆို သတိသာထား
    မကြာသေးခင်မှညားကြသည့် မိတ်ဆွေဇနီးမောင်နှံကိုကြည့်ပြီး အသိတရားများလည်း ရမိပါ၏။ ချစ်စခင်စဆိုသောကြောင့် 'သဲရေ၊ ချစ်ရေ'ဖြင့် ကြည်နူးသည့် အချိန်မျိုးခေါ်လိုက်ပြောလိုက်၊ မကျေနပ်သည့် အချိန်မျိုးဆိုလျှင် ထုလိုက်နှက်လိုက်ဖြင့် အွန်လိုင်းဈေးသည်များ၊ နိုင်ငံရေးဗန်းပြ အလှူခံသည့်သူများကို သတိရမိစေသည်။ သူတို့ ကြည်နူးနေချိန် 'သဲရေ၊ ချစ်ရေ'ခေါ်သံကို ကြားမိချိန် သူတို့ဇနီးမောင်နှံကို 'ငါဖြင့် အဲဒီအသံကိုကြားရင် ကြောက်လာတယ်ဟ'ဟု ဖွင့်၍ပင် ပြောမိသည်။ ကြည်နူးစရာအသံကို ဘာကြောင့်များ ကြောက်စရာကောင်းလဲဟု မေးမှဆိုခဲ့သလို အွန်လိုင်းဈေးသည်များ၊ တော်လှန်ရေးအမည်ခံ အလှူခံစားသူများ၏ လက်သုံးစကားမို့ ကြောက်ရကြောင်း ပြန်ပြောဖြစ်သည်။ အွန်းလိုင်းဈေးသည်များ၊ Blogger များသည်လည်း 'ချစ်သောသဲလေးတို့ရေ၊ သဲလေးတို့ရေ'ဟု အစရှိကာ လူစိတ်ဝင်စားအောင် မျိုးစုံလုပ်ပြ ရောင်းချကြပြီး သူတို့နှင့် အဆင်မသင့်သူများတွေ့ပါက လူအများရှေ့တွင် ပေါ်တင်ဆဲကြဆိုကြသည်က များကြသောကြောင့် ဖြစ်သည်။ ရောင်းသူဝယ်သူ အဆင်မပြေသည့် ဇာတ် လမ်းများကို အများရှေ့တွင် ဆဲဆိုဖွင့်ချခြင်းဖြစ်သည်။ 
    ထို့ထက်ပို၍ မြင်ပြင်းကပ်စရာကို ပြောရလျှင် 'ချစ်တို့ရေ၊ သဲတို့ရေ'သာ မကတော့ဘဲ ပို၍ အဆင့်မြင့်သည့် လေသံဖြင့် 'မိတ်ဆွေတို့ရေ၊ အမျိုးတို့ရေ'ဟု အသံပေးလာလျှင် မြန်မာပြည်က ဘုရားဖူးများသွားချိန် လမ်းဘေးက မဏ္ဍပ်များနှင့် 'ဂျလောက် ဂျလောက်' အသံပေးကာ အလှူခံနေ သူများကို ပြေးမြင်မိသည်။ လိုသည့်အချိန် ငါတို့ ကိုကြီး၊ မလိုအပ်သည့်အချိန် ငါ -ိုးကိုကြီး ဆိုသည့် အတိုင်းဖြစ်၏။ သတိထားကြည့်မိကြလားမသိ။လိုအပ်သည့် အချိန်များတွင် US က အမျိုးတို့ရေ ပရောဂျက်လေးကဟု ဆိုကာ နာရေးအိမ်က မျောက်မင်းအူသံ ဓာတ်ပြားဖွင့်ထားသကဲ့သို့ ချွဲချွဲပြစ်ပြစ်နှင့် ဆိုလေ့ရှိသည်။ ဒါက လိုအပ်သည့်အချိန်တွင် သုံးသည့်သံစဉ်ဖြစ်သည်။ မလိုအပ်သည့်အချိန်မျိုးတွင် 'နင်တို့တစ်မျိုးလုံး တစ်ဆွေလုံး US မှာ ဖင်ကြွပ်တက် အရိုးဆွေးအောင် ကျွန်ခံတဲ့အကြောင်းတွေ လာမပြောနဲ့၊ နင်တို့ လူစွမ်းလူစမရှိလို့ မွဲကြတာ'ဟု ဖော့စပိတ်နှင့်ရောကြိတ်၍ ဘီလူးဆိုင်းတီးပြီဆိုလျှင် အလှူခံငွေ စာရင်းရှင်းတမ်း မပြနိုင်သည့် အချိန်မျိုး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မယ်ပန် သရဏံ ဂစ္ဆာမိ လုပ်ထားသူများအတွက်မူ ထိုကဲ့သို့ ပတ်ကြမ်းတိုက်ချိန်တွင် မြို့လယ်ကောင်တွင် ရထားလုံးဆွဲရသည့် မြင်းပမာ မျက်လုံးပိတ် နားပိတ်နှင့် ပါးစပ်တွင်လည်း ပါးချပ်တပ်ထားရကာ မမြင်နိုင်၊ မကြားနိုင်၊ မပြောနိုင်များ ဖြစ်ကုန်ကြရ၏။ သူနှင့်ဆန့်ကျင်ဘက်အရပ်တွင်လည်း မနေရဲကြပေဘူးကိုး။
    ဇာတ်လမ်းများစွာကလည်း ရှိခဲ့ရဲ့မဟုတ်လား။ မန္တလေးက ကျောက်စိမ်းသူဌေးတစ်ဦး မယ်ပန်ကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ဖူးသည့် ဖြစ်စဉ်ကြောင့် လက်ရှိ ဘဝပါမက သံသရာအထိ ပျက်ခဲ့ရဲ့ မဟုတ်လား။ ထိုအချိန်ကလည်း မယ်ပန်တို့က သူ့ကိုမလှူဒါန်းခဲ့ဖူးဘူးဟု တည့်ငြင်းခဲ့ရဲ့ မဟုတ်လား။ ဒါကသူ့ကိစ္စပင် ဖြစ်သည်။ ကြားဖူးသည့်အကြောင်းတစ်ခုက မယ်ပန်နှင့် NUG ကို ကူညီထောက်ပံ့ခဲ့ဖူးသူတို့သည် တစ်ကြိမ်ထောက်ပံ့ထည့်ဝင် လှူဒါန်းဖူးသူ ဖြစ်လျှင်ကို သူတို့အား ထာဝရ ကြောက်ရွံ့သွားကြရသည်ဟု ဆိုလေသည်။ အကြောင်းက သူတို့ကို လှူဒါန်းဖူးကြောင်း လက်ရှိမြန်မာနိုင်ငံ အစိုးရကို တစ်ဖက်လှည့်နှင့် သတင်းပေးတိုင်တန်းလိုက်လျှင် လှူဒါန်းခဲ့ဖူးသူခမျာမှာ အကြမ်းဖက် ထောက်ပံ့မှုနှင့် နိဂုံးချုပ်ခံရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ထိုအချက်ကို မယ်ပန်နှင့် NUG  က ကောင်းကောင်းအသုံးချပြီး သူတို့ စာရင်းမရှိ၊ အင်းမရှိ သုံးစွဲသမျှကို ဖော် ကောင် မလုပ်ရဲကြတော့ပေ။ မယ်ပန် သရဏံဂစ္ဆာမိ လုပ်ထားသည့် အပေါင်းပါတစ်စုနှင့် NUG က ဝေစားမျှစားလူတို့မှာမူ မယ်ပန်ကို ဗဟိုပြု အနေအစားချောင်နေ၍ ပို၍ပင် မပြောရဲ မဆိုရဲ ရှိနေကြပြီး ခေါင်းစဉ်ပြောင်းပြီး အလှူခံသမျှ ထည့်ဝင်နေကြရကုန်၏ဟု၍ ကြားလိုက်ဖူးလေသည်။ သူတို့အဖြစ်ကို ကြားသိရပြီး ချစ်တို့ရေ၊ သဲတို့ရေ၊ အမျိုးတို့ရေအသံကြားလျှင်ကို မြင်ပြင်း ကပ်လာမိလေသည်။

မှောင်ခိုများနှင့် ကခုန်ခြင်း
    နယ်တွင်ရှိသည့်မိတ်ဆွေတစ်ဦးက သည်ကာလတွင် လုပ်ငန်းအသစ်တစ်ခုကို စတင်ချင်ကြောင်း ရင်ဖွင့်လေသည်။ ဘာလုပ်ငန်းများလည်းဟု စပ်စုကြည့်ဖြစ်မိ၏။ သူပြောပြသည်က လက်ရှိ အစိုးရမှ အချို့သော နယ်မြေဒေသများတွင် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကန့်သတ်ပိတ်ပင်ထားချိန်တွင် ထိုပိတ်ပင်ထားသည့်နေရာဒေသများသို့ စက်သုံးဆီကုန်သွယ် ပို့ချရောင်းဝယ်သည့် လုပ်ငန်းဖြစ်သည်ဟု ဆိုလေသည်။ သူပြောမှ သဘောပေါက်မိသည်။ အထက်အညာတစ်ကြောတွင် စက်သုံးဆီ မှောင်ခိုလုပ်ငန်းက သည်ကာလ၊ သည်အခြေအနေတွင် ငွေဝင်ငွေလမ်း မြိုးမြိုးမြက်မြက်နှင့် လွယ်လွယ်ကူကူရသည့် လုပ်ငန်းဖြစ်နေပြီး ကာလတိုလေးအတွင်းမှာပင် ထိုလုပ်ငန်းကို လုပ်ကိုင်သူများ ငွေကြေးသိန်းပေါင်း သောင်းနှင့်ချီ ချမ်းသာကုန်ကြသဖြင့်  စက်သုံးဆီလုပ်ငန်းကို အားကျနေကြောင်း ဆိုလေသည်။ စက်သုံးဆီမှောင်ခိုလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိအစိုးရက အဖမ်းအဆီး မရှိဘူးလား၊ ဖမ်းလျှင်မည်ကဲ့သို့လုပ် မည်နည်းဟုမေးဖြစ်ရာ လမ်းကြောက တစ်ခုတည်းရှိ သည်မဟုတ် ရေလမ်းအသုံးပြု၍ သွားခြင်း၊ တောလမ်းမှ သွားခြင်းများဖြင့် အဆင်ပြေနေ ကြသည်ဟု ဆိုလေသည်။ ချင်းတွင်းမြစ်အထက်ပိုင်းတွင်လည်း ရွှေမျောလုပ်ငန်းများကို KIA နှင့် PDF တို့က အလွန်အကျွံ တူးဖော်ထုတ်ယူနေသည့် နေရာတွင်လည်း စက်သုံးဆီလိုအပ် ချက်မြင့်မားသကဲ့သို့ တိုက်ပွဲဖော်ဆောင်သည့်နေရာများအတွက် သယ်ယူပို့ဆောင်ရေးတွင်လည်း စက်သုံးဆီအရေးပါသောကြောင့် စက်သုံးဆီလုပ်ငန်းကလတ်တလော ရွှေအဖြစ်ဆုံးဟု ဆိုလေသည်။ အဖမ်းအဆီး လမ်းကြောအခြေအနေ အခက်အခဲဖြေရှင်းမှုနှင့်ပတ်သက်၍ ဥပမာတစ်ခုပင် ပြောသွားသေးသည်။ 'ဆင်ချောင်၊ ဆိတ်ကျပ်၊ ကြွက်နားရွက်ပြတ်'ဟု ဆိုလေသည်။ အဓိပ္ပာယ်မသိ၍ မေးမြန်းကြည့်မှ လမ်းကြောနှင့်ပတ်သက်၍ ဆင်ကဲ့သို့ ကြီးမားသည့်အကောင် လမ်းလျှောက်ရာတွင် ရှောရှောရှူရှူ သွား၍ရပြီး ဆိတ်ပမာဏခန့် သတ္တဝါသွားလျှင် အနည်းငယ် ကျပ်တည်းတတ်သည်ဟု ဆိုလေသည်။ ကြွက်ကဲ့သို့ သေးငယ်လွန်းသော အကောင်ပလောင်အတွက်မှာမူ တိုးဝှေ့မလွယ်လွန်းသောကြောင့် နားရွက်ပြတ်သည်အထိ ရှိတတ်သောကြောင့် လုပ်ငန်းကြီးသူများ အဆင်ပြေကြကြောင်း ပြောလေသည်။
    သူပြောတာ ဟုတ်နိုင်ပါ၏။ သည်ရက်ပိုင်း တွေ့ရသည်များကို ပြောရလျှင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ကုန်သွယ်နေသည့် ရုပ်သံဖိုင်တစ်ခုလည်း ရှိသည်။ လမ်းဟုမဆိုနိုင်သော ကြမ်းတမ်းသည့်လမ်းမှ ၁၂ ဘီးကားကြီးများဖြင့် ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် မြင်ကွင်းဖြစ်သည်။ ထို့အပြင် မိုးကုတ်တွင် ကျောက်တူးနေသည့် ရုပ်သံဖိုင်များ၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် ရွှေမျောတိုက်သည်ရာ ပေါင်းများစွာသော မျောဖောင်များသည် မှောင်ခိုလုပ်ငန်းများ၏ ပြယုဂ်ဖြစ်နေလေသည်။ မှောင်ခိုများနှင့် ကခုန်ချင်သည့် စီးပွားရေးလုပ်ငန်းအသစ် လုပ်ချင်သူကိုတော့သူကိုတော့ အကြံမပေးတတ်ဟုသာ ပြန်ပြောဖြစ်၏။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 254

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42974

© 2022 - 2025 News. All Rights Reserved.