၂၀၂၄ ဒီဇင်ဘာ ၁၃
ယခုရက်ပိုင်း လူမှုကွန်ရက် သတင်းများအရ အကြမ်းဖက်အဖွဲ့များ၏ ရက်ရက်စက်စက် သတ်ဖြတ်မှု ရုပ်သံမြင်ကွင်းများက ကြည့်ရှုရသူ မိဘပြည်သူအပေါင်းအတွက် ထိတ်လန့်စရာ မြင်ကွင်းများ ဖြစ်သည်။ ၎င်းတို့ အကြမ်းဖက်များ အားကောင်းရာ ဒေသများတွင် ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေမှုများက ဗုဒ္ဓဘာသာ ထွန်းကားရာ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည်ဟု ပြောရမည်ကိုပင် စိုးရွံ့မိနေသည်။ လူတစ်ဦးကို ခန္ဓာ ကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်သတ်ဖြတ်နေသည့် ရေးဘီလူးအမည်ရ အကြမ်းဖက်သမား၏ လုပ်ရပ်မြင်ကွင်း၊ နိုင်ငံတော်အပေါ် ချစ်မြတ်နိုးသူတစ်ဦးကို လမ်းခရီးတွင် ထိုနည်းအတိုင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်စဉ်များက ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။ ဤလုပ်ရပ်များသည် ဒီမိုကရေစီကို တောင်းဆိုခြင်းလား၊ နိုင်ငံတော်နှင့် ပြည်သူအတွက်လားဟူသော မေးခွန်းပေါင်းများစွာက ထွက်ပေါ်လာခဲ့သည်။ ဒီမိုကရေစီအရေးဟုဆိုကာ သာယာဖြောင့်ဖြူးနေသော နိုင်ငံရေးလမ်းကြောင်းများရှိပါလျက် သွေးထိုးမြှောက်ပင့်ပေးသော လူတစ်စုကြောင့် အကြမ်းဖက်အဖွဲ့ပေါင်းများစွာ တိုင်းပြည်၏ နေရာဒေသအချို့တွင် ပေါ်ပေါက်လာပြီး ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာခဲ့သည်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်ကို အကြမ်းဖက်နည်းဖြင့် ပြည်ရွာဖျက်ရန် အကြံရှိသူများက ဒီမိုကရေစီအရေး ကြွေးကြော်ကာ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ကာ တစ်စတစ်စအကြမ်းဖက်မှုအသွင်ကို ပိုမိုပီပြင်လာခဲ့ကြသည်။ ရိုးသားသော ပြည်သူများကို စည်းရုံးသိမ်းသွင်းကာ နေထိုင်ရာဒေသများကို အမည်းရောင်ဆိုး၍ ပြည်သူလူထုဘဝကို နစ်မွန်းအောင် လုပ်ဆောင်နေကြသည်။
"ကျွန်တော်တို့ အခါနှောင်းသွားပြီလို့ ပြောရမယ်။ မူလကတော့ လယ်ရောင်း၊ ယာရောင်းပြီး ပြည်သူက လက်နက်တွေထောက်ပံ့ ထောက်ခံခဲ့ကြတယ်။ ခုကျတော့ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်တယ်။ သူတို့ ရွာထဲလာမှာကို ကြောက်နေကြသလို ဖြစ်နေကြပြီလေ။ အရင်ကတော့ အလှူခံတာပေါ့။ တဖြည်းဖြည်း ဓားပြတွေ ဖြစ်ကုန်ပြီ။ ကျည်ဖိုးမရှိရင် ရွာထဲဝင်လာတယ်၊ တောင်းတယ်။ ပြည်သူက မရှိဘူးပြောရင် လက်ဝတ်လက်စား ချွတ်တောင်းတယ်။ ကြောက်တော့ ပေးရတယ် ဓားပြတွေ ဖြစ်ကုန်ပြီ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ဘူး။ အကြောင်းအမျိုးမျိုးပြ ပြည်သူကို ရန်ရှာတယ်။ ဟိုအဖွဲ့ကိုပေးပြီး ငါတို့ကိုမပေးဘူး၊ စွပ်စွဲချက်ပေါင်းစုံနဲ့ သတ်ကြတယ်။ ဒါတွေဟာ မြေပြင်အမှန်တရားပဲ။ ခုဆိုရင် သုံးနှစ်ကျော် လေးနှစ်ပြည့်တော့မယ် ကလေးသူငယ်တွေရဲ့ ပညာသင် အခွင့်အရေးတွေ၊ ပြည်သူတွေရဲ့ ကျန်းမာရေးတွေ၊ စီးပွားရေးတွေ ကျဆင်းကုန်ပြီ။ ပြည်သူကတော့ လက်နက်ပြ ခြိမ်းခြောက်နေတဲ့ သူတွေရဲ့ရန်ကနေ လွတ်ကင်းချင်ပါပြီ။ တစ်နေ့တစ်နေ့ အရိပ်မည်းက ခြောက်လှန့်နေသလိုပဲ။ ညရေးညတာတွေ အိပ်မရတဲ့ ရက်တွေများနေပြီ"ဟု ဒီပဲယင်းဒေသတွင်းရှိ ပြည်သူတစ်ဦးက ၎င်းတို့၏ ရင်တွင်းဆန္ဒကို ဆက်သွယ်ပြောကြားသည်။
ကာလရှည်လာသည်နှင့်အမျှ အကြမ်းဖက်များကို သူတော်ကောင်းထင် ထောက်ခံခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ၏ နောင်တတရားက ပိုမိုကြီးမားလာကြောင်း အထက်ပါ ရင်ဖွင့်ပြောကြားချက်ကို သိရှိခံစားမိသည်။ ကြောင်သူတော်များကို သပြေခက်နှင့် ကြိုကြသူများ၏ ယခုအခါတွင် ကြုံတွေ့ ခံစားနေရမှုများက အတိဒုက္ခများပင်ဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းနှင့် သောင်းကျန်းသူများ၏ ဥပဒေသည် လက်နက်ပင်ဖြစ်သည်။ ပြည်သူကို လက်နက်ပြ ခြိမ်းခြောက်အုပ်ချုပ်မှုက ၎င်းတို့၏ ဥပဒေပင် ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းတို့ အခြေချရာ ဒေသများရှိ ပြည်သူတို့၏ ဘဝက နေ့စဉ်မလုံခြုံမှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ စစ်မက်ကို ခေါ်ကာ ပြည်သူများကို လူသားဒိုင်းသဖွယ် အသုံးချပြီး ပြည်သူများအပေါ် ကုတ်သွေးစုပ် အမြတ်ထုတ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လူမှုကွန်ရက်များပေါ်တွင် မကြာခဏဆိုသလို ပြည်သူတို့၏ ညည်းညူသံကို ကြား ရခြင်း ဖြစ်သည်။ လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖွဲ့များ ကြီးစိုးရာဒေသများတွင် စာရွက်ပေါ်၌ ရေးသားထားသော ငွေပမာဏသည် အခွန်ဟု အမည်လှလှပေးထားသော ဆက်ကြေးကောက်ခံမှုများ ပင်ဖြစ်သည်။

စစ်မက်ကြောင့် စီးပွားရေး၊ လူမှုရေး ကျဆင်းနေချိန် ဆက်ကြေးဝန်ပိကာ ပြည်သူတို့ ကျပ်တည်းလာခဲ့သည်။ တစ်စတစ်စ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးသည့်ဒေသက ပြည်သူတို့၏ လူနေမှု နေ့စဉ်ဘဝများ နှင့်ယင်းဒေသရှိ ပြည်သူများ၏ လူနေမှုဘဝက ခြားနားသွားခဲ့သည်။ မိမိဒေသကို ဒုက္ခပေးမည့်သူမှန်း မသိ၊ သုခပေးမည့်သူမှန်း မသိ သပြေပန်းနှင့် လက်ကမ်းကြို သူတို့၏ ဘဝက ငရဲပန်းကို ရွှေပန်းထင်ပြီး ခေါင်းမှာပန် ကြသည့် ပုံပမာနှယ် ဖြစ်နေကြရသည်။
လောကနိယာမတရားတွင် ကိုယ်စိုက်ပျိုးသည့် အရာကို ကိုယ်တိုင်ရိတ်သိမ်းရမည်ဟူသော စကားရပ်၏ အတိမ်အနက်က ရိုးရှင်းလှသည်။ မိမိပြုသမျှအရာ ခပ်သိမ်းတို့သည့် အချိန်တန်သည့် အခါတွင် ယင်းအကျိုးဆက်ကို ကိုယ်တိုင်သာ ခံစားရပြီး ကိုယ်ပြုသည့်ကံပဲ့ တင်သံကိုယ်သာ ခံရမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံရေးအရ စိုးစဉ်းမျှမသိသူ၊ အသိပညာအားနည်း သူတို့ကို ပစ်မှတ်ထားကာ နွေဦးတော်လှန်ရေးဟူသော ဝေါဟာရတစ်ရပ်ကို ပြည်ပတိမ်းရှောင်သူ နိုင်ငံရေး အယောင်ပြ ရေပေါ်ဆီလူတန်းစားတစ်ရပ်က ဖန်တီးခဲ့ကြသည်။ နိုင်ငံရေးကိုအကြောင်းပြကာ ၎င်းတို ဖန်တီးပုံဖော်လိုသော အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့ပြီး နိုင်ငံရေး အသိပညာနှင့် အသိအမြင် ဗဟုသုတအားနည်းသော ဒေသများကို ပစ်မှတ်ထား၍ လူသတ်အကြမ်းဖက် ဝါဒများကို မျိုးစေ့ချပေးခဲ့သည်။ ဒီမိုကရေစီအရှိန်ကို ရပ်တန့်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးအခြေအနေအရပ်ရပ်ကို အကြောင်းပြုကာ ပြည်ပအထောက်အပံ့ မျှော်ကိုးပြီး တပ်မတော်အပေါ် ရှိရင်းစွဲ အမုန်းစိတ်တို့ဖြင့် ဒီမိုကရေစီအယောင်ပြကာ အစိုးရကို အကျပ်အတည်းဖြစ်စေရန် ဖန်တီးခဲ့ကြသည်။ ဒီမိုကရေစီအရေးဟု ဆိုသော်လည်း ပါတီအယူဝါဒမတူ သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူအချင်းချင်း ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များဖြင့် ဒလန်၊ သူလျှိုဟူသော ခေါင်းစဉ်တပ်ကာ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ နိုင်ငံရေးနှင့် အလျဉ်းသက်ဆိုင်ခြင်းမရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အောက်ခြေအုပ်ချုပ်ရေးပိုင်းများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ထောက်ခံ အားပေးခဲ့ ကြသည်။
ပြည်တွင်း၌ အကြမ်းဖက်မှုများ ပိုမို အားကောင်းလာစေရန်အတွက် ပြည်ပရောက်လူတစ်စုက ပြည်ပြေးအစိုးရ အမည်ခံကာ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ အစည်းက ဦးဆောင်ကာ ပြည်ပအထောက်အပံ့ များ ရယူခြင်း၊ တော်လှန်ရေးဟူသော အမည်ဖြင့် အလှူငွေများကောက်ခံခြင်းဖြင့် ထိုငွေများကို စာရင်းအင်းမဲ့ စီမံခန့်ခွဲကာ ၎င်းင်းတို့ လက်အောက်ခံ ပြည်တွင်း၌ အကြမ်းဖက်နေသည့် အဖွဲ့အစည်းများကို ထောက်ပံ့ကာ အကြမ်းဖက်မှုများကို အရှိန်မြှင့်ခဲ့ကြသည်။ တပ်မတော်က ကျိုးကြောင်းမဲ့ အာဏာထိန်းခြင်းမျိုး မဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲရလဒ်များက သက်သေဖြစ်ခဲ့သော်လည်း ဒီမိုကရေစီ အသံကောင်းဟစ်သူများက ယင်းဖြစ်ရပ်ကို ဖုံးကွယ်ခဲ့ကြသည်။ ၎င်းတို့က တပ်မတော်မှ အာဏာထိန်းလိုက်ခြင်းကြောင့် ဒီမိုကရေစီပျက်သုဉ်းရသည်ဟူသော စွဲချက်ကို လက်နက်သဖွယ်အသုံးချကာ မြို့ရွာအနှံ့ ဆူပူမှုများကို ဖန်တီး၍ ၎င်းင်းတို့၏ဝါဒ မှိုင်းများဖြင့် အသုံးချခံ ပြည်သူများကို အကြမ်းဖက်လက်များ ထိုးသွင်းခဲ့ကြသည်။ လူငယ်ထုကို လက်နက်ကိုင် လမ်းစဉ်များသို့ အရောက်ပို့ကာ အကြမ်းဖက် လူသတ်ခြင်းက နိုင်ငံရေး၊ တပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်ခြင်းက နိုင်ငံရေးဟူသော တလွဲအယူအဆများကို ဝါဒဖြန့်ခဲ့ကြသည်။ ယင်းတို့၏ ဝါဒဖြန့် သွေးထိုးမှုကို ယုံကြည်ခဲ့သော ပြည်သူများ ယနေ့ကာလတွင် ၎င်းတို့ ယုံကြည်ရာက ၎င်းတို့ကို ပြန်လည်ဒုက္ခပေးနေပြီ ဖြစ်သည်။
ထိုဒေသရှိ အရပ်သားပြည်သူများ၏ လူအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပြည်ပသြဇာခံ သတင်းဌာနများက အရေးတယူ မဖော်ပြကြသလို၊ ရက်စက်မှုသရဖူဆောင်းကာ သတ်ဖြတ်မှုများကိုလည်း ကမ္ဘာကြီးက မျက်ကန်းသဖွယ် ငြိမ်သက်နေကြသည်။ အနောက်နိုင်ငံကြီးအချို့အနေဖြင့် နိုင်ငံတော်ကို ကာကွယ်နေသော တပ်မတော်ကို ပြိုကွဲလိုသော ရည်ရွယ်ချက်၊ ၎င်းင်းတို့လိုလားသော လက်ဝေခံအစိုးရ ပေါ်ထွန်းရေးဟူသော ရပ်တည်ချက်များကို ကိုင်စွဲကာ ယနေ့အချိန်ထိ လူလူချင်း လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နေမှုများကို အကြမ်းဖက်လုပ်ရပ်များအဖြစ် ရှုတ်ချရန် ပျက်ကွက်နေပြီး အလိုတူအလိုပါ ဖြစ်နေသည်ဟု စွပ်စွဲရမည်ဖြစ်သည်။ထိုသို့ နိုင်ငံတကာ၏ မျက်စိ၊ နား ကန်းချင်ယောင်ဆောင် မှုများကြောင့် နိုင်ငံကြီးများတွင် မှီခိုနေထိုင်ကာ နိုင်ငံတော် ပြိုကွဲပျက်စီးအောင် ကြံရွယ်နေသူများ ယနေ့ထက်တိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခွင့်ရနေ ဆဲပင်ဖြစ်သည်။ ထိုသူတို့၏ မြှောက်ပင့်ပေးမှုကြောင့် လက်ရဲဇက်ရဲ လူငယ်များက ကိုးကွယ်ရာဘာသာ အဆုံးအမများ ကို မျက်ကွယ်ပြုကာ လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အကြမ်းဖက်အချင်းချင်း လက်နက်အားကြီးသူက အားနည်းသူကို သတ်ဖြတ်သည့် မိစ္ဆာဝါဒဆိုးကြီးကို တော်လှန်ရေးဟု အမည်တပ်နေကြ ဆဲဖြစ်သည်။ နိုင်ငံတော်၏ တာဝန်ကို ရယူထားသော အစိုးရနှင့် တပ်မတော်ကို အစဉ်တစိုက် တိုက်ခိုက်ကာ၊ အရပ်သားပြည်သူ ထောင်ပေါင်းများစွာကို အကြမ်းဖက် သတ်ဖြတ်နေကြသူများအား ရှုတ်ချရန် ပျက်ကွက်နေသည့် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ထားသည့် စေတနာက လည်း ရွံရှာ စက်ဆုတ်ဖွယ်ရာပင်ဖြစ်သည်။
ထို့အပြင် မြန်မာ့ရေမြေမှာ မွေးဖွား၍ မြန်မာနိုင်ငံသားအဖြစ် ပေါက်ဖွားလာခဲ့ပြီး ဤမြေဤရေ၏ ကျေးဇူးသစ္စာ မစောင့်သိသူတို့၏ လုပ်ရပ်များကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နေ့စဉ် ထိပါးလျက် ရှိသည်။ ပြည်ပ၏ ပေးစာကမ်းစာ၊ ခိုလှုံခွင့်ပေးထားသည့် ခဏတာကျေးဇူးကို ကျေးဇူးရှင်အဖြစ် သဘောထားကာ သခင်အားရကျွန်ပါး၀ လုပ်ရပ်များကလည်း ရွံရှာဖွယ်ရာ ပင်ဖြစ်သည်။ ကိုယ့်မြေကိုယ့်ရေ၏ ကျေးဇူးတရားကို မထောက်ထားဘဲ ကိုယ်ကျိုးအတ္တအတွက် အပြစ်မဲ့ပြည် သူများ လုပ်ကြံ သတ်ဖြတ်မှုများကို လက်ခုပ်တီးအားပေး၊ နိုင်ငံရေးအသိပညာ အားနည်းသည့် ပြည်သူများကို တပ်မတော်မုန်းတီးရေး စိတ်အခြေခံများ သွင်းကာ ၎င်းတို့သာ ကယ်တင်ရှင်များသဖွယ် ပုံဖော်ကာ ငွေကြေးများ အလှူခံ၍ ကိုယ်ကျိုးရှာကြသူတို့၏ လုပ်ရပ်များကို ပြည်သူများ နားလည်သဘော ပေါက်ရန် လိုပြီဖြစ်သည်။ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တို့၏ နိုင်ငံအပေါ်ထားရှိသည့် စေတနာဆိုးများကြောင့် ယနေ့ စစ်မက်ဘေး၊ အကြမ်ဖက်ဘေး ခံစားနေသော ပြည်သူတို့၏ဘဝကို စာနာနားလည်သင့်ပြီ ဖြစ်သည်။ တစ်ဖက်တွင်လည်း ဒေါ်လာ အမဲရိုးကိုသာမြင်သည့် မီဒီယာ Watch Dog တို့၏ တိုင်းပြည်အပေါ် သစ္စာဖောက်နေခြင်းကလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့်အယှက် ဖြစ်နေသည်။
လူမှုကွန်ရက် အားသာချက်ကိုယူကာ ပြည်သူများသတင်းသိခွင့်ကို ကန့်သတ်၍ ၎င်းတို့မှ သတင်းတု သတင်းမှားများကို နေ့စဉ်ရက်ဆက် ထုတ်လွှင့်ကာ အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော်ကြား သဘောထားကွဲလွဲ အထင်အမြင်မှားစေရန် ထုတ်လွှင့်နေကြသည်။ပြည်သူအချို့ကလည်း သတင်းအဆိပ်သင့်ကာ သတင်းတုသတင်းမှားများကို ယုံကြည်နေဆဲ ဖြစ်သည်။ ထင်ရှားသည့် သတင်းတု သတင်းမှားဖြင့် ပြည်သူကိုအဆိပ်ခတ် သည့်သတင်းမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်ပြီးနောက် ပြည်သူ့စစ်မှုထမ်းခြင်းကို အဓိကထားသည့် သတင်းများဖြစ်သည်။ ထိုနေရာတွင် ပြည်သူ အချို့သေချာစွာ နားလည်သဘောပေါက်ရန် လိုသည်။ တည်ဆဲ ဥပဒေတစ်ရပ်သည် အုပ်ချုပ်ခံလူ တန်းစား၊ အုပ်ချုပ်သူ လူတန်းစာနှစ်ရပ်လုံး လေးစားလိုက်နာရမည်ဖြစ်သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေကို မည်သူတစ်ဦးတစ်ယောက် ကမျှ ချိုးဖောက်ခြင်း၊ ကျော်လွန်လုပ်ဆောင်ခြင်း မပြုနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူအချို့၏ အသိပညာအားနည်းမှုကို အသုံးချကာ ပြည်သူ့စစ်မှုထမ်းခြင်းကို စိုးရိမ်ထိတ်လန့်စေရန် သတင်းတု သတင်းမှားများဖြင့် ဖြန့်ချိနေခြင်းကို ယုံကြည်နေမည့်အစား နိုင်ငံတော်အစိုးရက တရားဝင်ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်ကာ ဥပဒေနှင့်ပတ်သက်၍ တင်ပြအကူအညီတောင်းနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ထို့အပြင် ကလောင်ရိုင်းတို့၏ သတင်းတု သတင်းမှားများကိုလည်း ပြည်သူများအနေဖြင့် ချင့်ချိန် တွေးတောသင့်သည်။
"တပ်မတော်ဟာ ပြည်သူတွေနဲ့ပူးပေါင်းပြီး ခေတ်အဆက်ဆက်မှာ ပြည်တွင်းပြည်ပ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို နိုင်ငံတော်မှာ ကြုံတွေ့လာရမယ့် ဘေးအန္တရာယ်တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထု စည်းလုံးညီညွတ်မှုအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိရမှာ ဖြစ်တယ်။ ယနေ့ကာလမှာ ပြည်တွင်းပြည်ပ အဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး အစိုးရနဲ့ပြည် သူ၊ ပြည်သူနဲ့တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီ ညွတ်မှုပြိုကွဲအောင် ထိုးနှက် တိုက်ခိုက်လျက်ရှိတယ်။ အထူးသဖြင့် နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ ဒို့တပ်မတော်သား အချင်းချင်းစိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုး နှက်တိုက်ခိုက်မှုတွေကို လုပ် ဆောင်နေတာ မြင်တွေ့ကြရမှာ ဖြစ်တယ်။ အဲဒီလို တပ်မတော် ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေကို နားမယောင်မိဖို့လိုသလို ရဲဘော်တို့အနေနဲ့ တာဝန်ကျရာ တပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်သွားစေဖို့နဲ့ တပ်တွင်းစည်းလုံး ညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံးလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။ လက်ရှိအချိန်မှာ ဆန့်ကျင် ဘက်အဖွဲ့ အစည်းများနဲ့ လူပုဂ္ဂိုလ်တချို့ဟာ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက်မီဒီယာများနဲ့ ပူးပေါင်းပြီး တပ်မတော် ပုံရိပ် ကျဆင်းအောင် ပြောဆိုရေးသားနေကြတာကို တွေ့ရတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တပ်မတော်အပေါ်မှာသာမက တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ ဆိုးရွားစွာ ထိခိုက်နိုင်တာ ရဲဘော်တို့အသိပဲ ဖြစ်တယ်"ဟု စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆)သင်တန်းဆင်းပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို သတိပေးခဲ့သည်။
ယနေ့ကာလသည် တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြသူအားလုံး တိုင်းပြည်ပြိုကွဲစေမည့် ပြည်တွင်း ပြည်ပ အကောက်ကြံမှုများကို တွန်းလှန်ရမည့်အချိန်ဖြစ် သည်။ နှစ်ပိုင်းအတွင်း တော်လှန် ရေးဟု ဟစ်ကြွေးကာ ကိုယ်ကျိုးရှာ ရုပ်လုံးပေါ်လာကြသူများ၏ ရည်ရွယ်ချက်များ၊ ပြည်ပ အထောက် အပံ့များယူကာ တိုင်းပြည်မတည် မငြိမ်ဖြစ်စေရန်နှင့် စည်းလုံးညီညွတ်မှုပြိုကွဲစေရန် ရည်ရွယ်လုပ် ဆောင်နေကြသူများ၏ တိုင်းပြည်အပေါ်စေတနာ မမှန်မှုများ၊ နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာအားကောင်းရန်လိုအပ်သော တပ်မတော်ပြိုကွဲစေရန် ရည်ရွယ်ချက်ဖြင့် အားပေးကူညီနေသည့် ပြည်ပတိုင်း ပြည်ကြီးများ၏ ခေတ်သစ်ကျူးကျော်မှု ခြေလှမ်းများ၊ တိုင်းပြည်မတည်မငြိမ်မှုဖြစ်မှ ထမင်းနပ်မှန်မည့် နိုင်ငံ၏ နောက်ကျောကို ဓားဖြင့်ထိုးရန် ကြံရွယ်နေသူများ၏ အကြံများကို အသိတရားရှိရှိ အမှားအမှန် ခွဲခြားနိုင်မှသာ တည်ငြိမ်အေးချမ်းမှုနှင့်အတူ ပါလာသည့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ပေါ်ထွန်းလာမည်ဖြစ်သည်။ အားလုံးမျှော်လင့်ထားသော နိုင်ငံတော် ပေါ်ထွန်းလာရေးသည် အစိုးရနှင့် တပ်မတော်သာ အဓိက တာဝန်ရှိသည် မဟုတ်ဘဲ မွေးဖွားရာ တိုင်းနိုင်ငံ၏ ကျေးဇူး၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိသော ပြည်သူများတွင်လည်း တာဝန်ရှိ သည်။ သို့မှသာ မိမိရေမြေ တိုင်းပြည်နယ်နိမိတ် တစ်လက်မမျှ မှဲ့တစ်ပေါက်မစွန်းသော ဘိုးဘွားအမွေကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့် ကမ်းနိုင်မည် ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )