ကလေးများ ပညာသင်ကြားခြင်းကို ရန်သူအဖြစ် သတ်မှတ်နေသည့် NUG

၂၀၂၆ ၊ ဇွန် ၁၉

မိုင်းခင်းသောလမ်းကို ဖြတ်၍
    ကလေးများ၏ ပညာသင်ကြားရေးလမ်းက ဤမျှခက်ခဲလိမ့်မည်ဟု လုံး၀ထင်မထားခဲ့ပေ။ ပြောမယုံ ကြုံဖူးမှသိ ဆိုသည့်အတိုင်း နားရှိ၍သာ ကြားလိုက်ရ၍ ယုံကြည်လိုက်ရသည်။ မုံရွာမြို့နှင့် မလှမ်းမကမ်း ယင်းမာပင်မြို့နယ်ထဲက ရွာလေးအချို့၏ အဖြစ်အပျက်ပင် ဖြစ် သည်။ ထိုရွာလေးများသည် ၂၀၁၉ ကိုဗစ်ကာလကတည်းက စာသင်ခန်းတံခါးများ ပိတ်ထားခဲ့သည်မှာ ယနေ့အထိဆိုလျှင် ခြောက်နှစ်ဝန်း ကျင်ပင် ရှိပြီ ဖြစ်သည်။ ထိုခြောက်နှစ်ခန့် ပညာရေးနှင့် ကင်းကွာခဲ့သော  ကျေးရွာလေးများသည် ယခုနှစ် ပညာသင်နှစ်တွင် ကလေးများ၏ အနာဂတ်အတွက် ကျောင်းဖွင့်ရန် အားထုတ်ကြရကုန်၏။ အားမထုတ်၍လည်းမရ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည့် ကလေးများသည် အသိပညာ၊ အတတ်ပညာထက်၊ ကလေးအချင်းချင်း အပြန်အလှန် သင်ယူရသည့် ပတ်ဝန်းကျင် ဆုံးရှုံးခြင်းက ပို၍ ပြဿနာ ကြီးထွားနေသည်ကို ရပ်ထဲရွာထဲက လူကြီးသူမတို့ သတိထားမိလာကြသည်။ ရပ်ထဲရွာထဲ လူမှုပတ်ဝန်းကျင်တွင် နေထိုင်ရသည့် ကလေးနှင့် ကျောင်းစာ သင်ခန်းတွင် နေထိုင်ရသည့် ကလေးတို့၏ ခြားနားချက်ကို ထိုခြောက်နှစ်ဆိုသည့် အချိန်က ကောင်းကောင်း သင်ခန်းစာရသွားသည်ဟု ဆိုနိုင်ပါ သည်။
    ရွှေဘိုနယ်တွင်ရှိသည့် မိတ်ဆွေတစ်ဦး၏စကားနှင့်ဆို "ကျောင်းမဖွင့်နိုင်တော့ ရပ်ထဲရွာထဲမှာ ကလေးမလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေ ကျကုန်တယ်၊ သူတို့ယူတဲ့သူကလည်း သေနတ်ကိုင်နေတဲ့ PDF တွေဖြစ်နေတာ၊ ဒီလိုသာ ကြာလာရင် ဒီပြဿနာက ပိုကြီးထွားမှာဗျ"ဆိုသည့် မှတ်ချက်စကားက တွေးချင့်ချိန်စရာများစွာ ရှိနေလေသည်။ ယခုလည်း ထိုကဲ့သို့ ပြဿနာမျိုးကို မကြုံတွေ့လို သည့် ရပ်ထဲရွာထဲက လူကြီးသူမတို့သည် ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းစာသင်ခန်းများ ဖွင့်လှစ်နိုင်ရေး အစွမ်းကုန်ကြိုး စားကြရကုန်သည်။ ထိုသို့ ကျောင်းစာသင်ခန်းများဖွင့် လှစ်နိုင်ရေးအတွက် ကြိုးစားရသည့်လုပ်ငန်းစဉ်က ချောချောမွေ့မွေ့မဟုတ်၊ အန္တရာယ် အခက်အခဲများစွာဖြင့် ဖြတ်ကျော်ခဲ့ရသည့် လမ်းပင်ဖြစ်သည်။
    ထိုကဲ့သို့ အခက်အခဲများစွာ ဖြတ်ကျော်ရသည့် လမ်းနှင့်ပတ်သက်၍ သူငယ်ချင်းဖြစ်သူက သူကြုံ တွေ့ခဲ့ရသည်များကို ပြောပြလေသည်။
    Placement Test  ဖြေရမည့်နေရာက ယင်းမာပင်မြို့နယ်တွင် သွား၍ ဖြေရမည်ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ဟု ဆိုလိုက်လျှင် ထိုအရပ်ဒေသသည် တိုက်ပွဲကြီးကြီးမားမားသာ ဖြစ်ပွား လေ့မရှိသော်လည်း ငြိမ်းချမ်းသည့်အရပ်မဟုတ်။ ထို့အပြင် ပုလဲ-ယင်းမာပင်ဆိုသည်က လက်နက်ကိုင်ထားသည့်သူတို့က ဆက်ကြေးကောက် မိုင်းခွဲနေသည့်နေရာ ဖြစ်နေလေသည်။ သည်ကြားထဲ သည်ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ဖွင့်လှစ်သည့် အစိုးရစာသင်ကျောင်းများကို တက်ရောက် ပညာသင်ကြားသည့် ကလေးသူငယ်များနှင့် မိဘ များကို ခြိမ်းခြောက်ထားသေးသည်။ အကြမ်းဖက်လိုသူနှင့် အကြမ်းဖက်မှုကိုကြောက်ရွံ့သူတို့ လွန်ဆွဲသည့်ပွဲပမာ ဖြစ်နေ၏။
    သို့နှင့် သည်ပညာသင်နှစ်ကို ကျောင်းဖွင့်စေချင်သူတို့က ယင်းမာပင်မြို့ကို သွားရောက်၍ ကလေးသူငယ်များကို Placement Test  ဖြေရန် သွားကြရသည်။ သွားသည့်လမ်းက ပုံမှန်အားဖြင့် မိုင်းများစွာ ခင်းထားသည်ကို လက်ရှိသွားနေသူတို့ သိကြသည်ဟု ဆိုလေသည်။ Placement Test  ဖြေမည့်ကလေးများကို အချို့က ဆိုင်ကယ်နှင့် အချို့က စုပေါင်းစပ်ပေါင်းကားဖြင့် သွားရောက်ဖြေကြရသည်။ ဘုရားမျိုးစုံတ၍ သွားရသောလမ်းဟု ဆိုရမည်ဖြစ်သည်။ မကျေနပ်၍ မိုင်းခွဲလိုက်မည် ကိုလည်း ကြောက်ရ၊ စာဖြေနေစဉ် ဒရော့ဗုံးချ တိုက်ခိုက်မည်ကိုလည်း စိုးရိမ်ရဖြင့် ရက်သတ္တပတ်ခန့်အကြာကို ဖြတ်သန်းနေကြရသည်ဟု ဆိုလေသည်။ သူငယ်ချင်း ဖြစ်သူကတော့ ဆိုရှာသည်။ "အစိုးရက ထောက်ပံ့တဲ့ စာအုပ်နဲ့ ခဲတံကစပြီး ကျောင်းစိမ်းအဝတ်အစားတွေကရပြီ၊ အဲဒီစာမေးပွဲလေးပြီးရင် အခြေအနေကြည့်ပြီး ဖွင့်နိုင်အောင် လုပ်ရမယ်"ဟုဆိုလေသည်။ သူပြောသည့် အခြေအနေဆိုသည်ကို ကျွန်တော် နားလည်သည်က အရိပ်သုံးပါးကိုကြည့်၍ ဖွင့်ရမည်ဟု ဆိုလိုပုံရသည်။ 
    အဓိက အရိပ်ဆိုသည်က လက်နက်ကိုင်များ မငြိုငြင်ရန်နှင့် အခြားကျောင်း မဖွင့်နိုင်သည့် ကျေးရွာများက ချွန်တွန်း မလုပ်စေရန် ဖြစ်သည်။ အချို့ကရှိ၏။သူတို့ရွာကျောင်းဖွင့်ပြီး တို့ရွာမဖွင့်နိုင်ဆိုလျှင် သေဖော်ညှိသကဲ့သို့ ဖွင့်သည့်ကျောင်း မဖွင့်နိုင်စေရန် နှောင့်ယှက်မည့်ရန်ကိုလည်း စိုးရိမ်ရသော ကြောင့် ဖြစ်သည်။ ပြည်သူလူထုကိုယ်တိုင်က ကလေးများပညာရေး မနှောင့်နှေးစေရန် နိုင်ငံတော်အစိုးရ၏ ကျောင်းများကို ဖွင့်လှစ်စေချင်၊ ကျောင်းထားစေချင်၍ အားထုတ်လေလေ NUG နှင့် နောက်လိုက် နောက်ပါ အဖွဲ့အစည်းများကလည်း တတ်နိုင်သမျှ နှောင့်ယှက်ဖျက်ဆီးရန် အားထုတ်နေလေသည်။ သူငယ်ချင်းဖြစ်သူ၏စကားနှင့် ပြောရလျှင် "ဘယ်အဖွဲ့အစည်းက နိုင်ငံနဲ့ပြည်သူ့အပေါ် စေတနာထားလဲ ဆိုတာ ကလေးတွေရဲ့ပညာရေးကို အားပေးသူနဲ့ ဖျက်ဆီးသူ နှိုင်းယှဉ်ကြည့်ရင် ပိုသိသွားကြတာပေါ့"ဟု ဆိုလေသည်။ ထိုစကားကို အပြည့်အ၀ ထောက်ခံပါသည်။

NUG ၏ ပြည်ဖျက်လုပ်ရပ်များ
    တော်လှန်ရေးခေါင်းစဉ်တပ်ပြီး 'အခုနိုင်တော့ မလို၊ တော်ကြာနိုင်တော့မလို' လုပ်လာသည်မှာ ငါးနှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုငါးနှစ်ကျော် ကြာမြင့်လာချိန်တွင် ဖားနှင့်ငါး သဲကွဲလာပြီဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့် ထိုသို့ပြောရသနည်းဟုဆိုလျှင် လက်နက်မဲ့ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို အဓိကထား နှောင့်ယှက်နေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့ ကလေးများ၏ ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီး နေခြင်းသည်က အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း စာတမ်းချိတ်ဆွဲပြစရာ မလိုအောင် ထင်ရှားကုန်ကြပြီဖြစ်သည်။
    ရွှေဘိုနယ်ဘက်ကအကြောင်း ဖောက်သည် ချချင်ပါ၏။ ရွှေဘို-ခင်ဦးနယ် စည်ပုတ္တရာရွာအကြောင်း ပင်ဖြစ်သည်။ NUG ၏ လူမိုက်ကြီးများအဖွဲ့က အစည်းအဝေးလုပ်ရန် ကားနှစ်စီးဖြင့် ရောက်လာကြသည်။ သူတို့လုပ်မည့် အစည်းအဝေးက နိုင်ငံတော်က ဖွင့်မည့်ကျောင်းများတွင် တက်ရောက် ပညာသင်ကြားသည့် ကလေးများ၏ မိဘများကို ဒဏ်ရိုက်ရန် ဖြစ်သည်။ကျောင်းသားတစ်ဦး၏မိဘက ကျပ် ၁၀ သိန်း ပေးဆောင်ရမည်ဟု လက်နက်အားကိုးဖြင့် ဓားမိုး၍ တောင်းဆိုကြလေသည်။ ကျောင်းပညာ သင်ကြားရေးကို သဲကြီးမဲကြီး ဖျက်ဆီးလိုသူများ ဓားမိုး၍ တောင်းဆိုနေသည့်အတွက် မိဘများက စားဝတ်နေရေးမှ အနိုင်နိုင်သူတို့ကို ၁၀ သိန်းပေးရမည်ဆိုလျှင် တတ်နိုင်သူရှိသကဲ့သို့ မတတ်နိုင် သူလည်း ရှိကြ၏။ သို့နှင့် ၁၀ သိန်းပေးနိုင် သူက ၁၀ သိန်း၊ မပေးနိုင်သူ ကျောင်းထုတ် အနည်းဆုံး အဆင့် ကျပ်ငါးသိန်းပေး၍ နိုင်ငံတော်မှ ဖွင့်မည့်ကျောင်းကို ထားကြရသည်ဟု ဆိုလေသည်။ 
    ထိုလုပ်ရပ်က နိုင်ငံရေးလုပ်ရပ်ဟု တော်လှန်ရေးခေါင်းစဉ် တပ်ထားသူတို့က ကြွေးကြော်နေကြလေသည်။ ဤနေရာတွင် သူငယ်ချင်းဖြစ်သူ၏ စကားကို သတိရမိပါ၏။ "ဟေ့ကောင်ရေ လက်နက်ကိုင်တွေရှိတဲ့ အရပ်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ ဘူးသွင်းသလို ခံရတာ ပဲ"ဆိုသည့် စကားပင် ဖြစ်သည်။ ဘူးသွင်းခြင်း၊ အပင်းသွင်းခြင်းဆိုသည်မှာ အောက်လမ်း လောကတွင် ကိုယ့်တပည့် လက်အောက်ခံ ဖြစ်သွားစေရန် မလျော်ကန်သည့်နည်းဖြင့် အသုံးပြုခြင်းပင်ဖြစ်သည်။ လက်နက်ကိုင်များကြားတွင် အနီ၊ အစိမ်း ကာလာခွဲ၍မရဘဲ နီးရာဓားက ဘူးသွင်း၍ သူတို့ကြိုက်သည့် အရာကို လိုက်၍ ကြိုက်ရမည်ကို ဆိုခြင်းပင်ဖြစ်သည်။ ဘာအခွင့်အရေးမှ ကြီးကြီးကျယ်ကျယ် ပြောခွင့် မရဘဲ သူခိုးသေဖော်ညှိသကဲ့သို့ သူတို့နှင့်အသွေးအရောင် အကြိုက်ချင်း မတူတူအောင် ညှိကြခြင်းပင် ဖြစ်သည်။ NUG က စသည့် ဇာတ်လမ်းဖြစ်ပြီး ကလေးများ ပညာသင်ကြားခွင့်ကို ရန်သူသဖွယ် သတ်မှတ်နေခြင်းကိုပင် တော်လှန်ရေးဟု သုံးနေခြင်းကိုက အနာဂတ်ပြည်ဖျက် စီမံကိန်းဟုသာ ပြောရတော့မည် ဖြစ်သည်။

လူအန္ဓတို့ နေဝင်ချိန်
    ပညာရေးကို ရန်သူသဖွယ်သတ်မှတ်လုပ်ကိုင် နေသည့် NUG နှင့် နောက်လိုက်နောက်ပါ အဖွဲ့အစည်းက NUG ကို အားပေးထောက်ခံပါသည်ဆိုသည့် သူများ ကိုယ်တိုင်က ဝေဖန်ပြစ်တင်နေကြလေသည်။ ထိုသို့ ဝေဖန်ပြစ်တင်နေကြသော်လည်း NUG က နာရကောင်း မှန်းမသိ၊ ပြင်ဆင်ရကောင်းမှန်း မသိ မှားမှန်းသိသိကြီးနှင့် ဆက်၍ဆက်၍ ကျူးလွန်နေကြလေသည်။ လူ့သဘာ၀ လောကတွင် နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဆိုသည် ကူညီခြင်းမျိုး ရှိတတ်ပါသည်။ ဥပမာ လူတစ်ယောက်လမ်း မသိ၍မေးလျှင် မည်ကဲ့သို့ သွားရကြောင်း ရှင်းပြလျှင်နှုတ်ဖြင့် ကူညီသဖြင့် နှုတ်ဖြင့်စောင်မသည်ဟု ဆိုနိုင်ပါသည်။ ကူညီခြင်းလည်းမည်ပါ၏။ လမ်းကြုံ၍ ပစ္စည်းသယ်ပေးသွားခြင်းကို ကိုယ်ဖြင့်ကူညီ သည်ဟု  မှတ်ယူနိုင်ပါ၏။ ကူညီခြင်းလည်း မည်ပါ၏။ ယခု ပညာရေးကို ရန်သူကြီးသဖွယ် NUG ဘက် တော်သားများက  သတ်မှတ်နေကြောင်း NUG ကို ထောက်ခံနေသူများ ကိုယ်တိုင်က ဝေဖန်နေသော်လည်း NUG က အဘယ်ကြောင့် နှုတ်ဆိတ်နေရသနည်း။ နှုတ်၏ စောင်မခြင်း၊ ကိုယ်၏ စောင်မခြင်း ဆိုသည့် စကားဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ ကလေးများ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို မနှောင့်ယှက်ရန် အားမထုတ်ကြသနည်း။
    အကြမ်းဖက်လုပ်ရပ်တွင် ပျော်မွေ့နေသည့် NUG က အကြမ်းဖက်လုပ်ရပ်ကို မသိကျိုးကျွန်ပြုကာ အားပေးထောက်ခံနေသည်ဟု သက်ရောက်ပါသည်။အမှန်တကယ်လည်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်နေခြင်းကိုက NUG ၏ ရပ်တည်ချက်ဖြစ်နေသောကြောင့် ပြည်သူများ အဆင်ပြေမည့် လုပ်ရပ် မှန်သမျှ နှောင့်ယှက်ခြင်းသည် NUG ၏ လုပ်ငန်းစဉ်ပင် ဖြစ်နေလေသည်။ ငါးနှစ်ကျော်ကြာအောင် ကလေးများ၏ ပညာရေးကို ဖျက်ဆီးခဲ့ပြီဖြစ်သည်။ ယခုလည်း ဖျက်ဆီးနေသည်။ အနာဂတ်တွင်လည်း ဖျက်ဆီးရန်အားထုတ် နေသည့်လုပ်ရပ်ကို ပစ္စုပ္ပန်တွင် မြင်နေရလေသည်။သည်အရာသည် NUG ၏ သမိုင်းပင်ဖြစ်ပြီး အချို့သော သူများ အမည်တပ်သကဲ့သို့ ပြည်ပြေးပြည်ဖျက်ဟု ခေါ်ဆိုခြင်းက သူတို့နှင့် ထိုက်တန်သည့် အမည်ကိုရရှိခြင်း ပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ Placement Tes ဖြေဆိုနေသည့် ကျောင်း သူကျောင်း သားများ အဆင်ပြေချော မွေ့စွာအန္တရာယ်ကင်းကင်းဖြင့် ဖြေဆိုခွင့် ရရှိပြီး အကြမ်းဖက်တို့၏ ဘေးရန်မှ ကင်းဝေးပါစေကြောင်း ဆုတောင်းနေခြင်းဖြင့်သာ။ ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 91

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.